ကျောင်းသားလူငယ်များဟာ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ကို ကိုယ်စားပြုထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသား လူငယ်များရဲ့ ဘဝဟာလည်း တိုင်းပြည်ရဲ့အနာဂတ်ဘဝပါပဲ။ ဒီအဆိုဟာ ဘယ်တော့မှ ပြောင်းလဲမယ့်အဆို မဟုတ်ပါဘူး။ ဒါကြောင့်မို့ လူငယ်များရဲ့အခွင့်အလမ်းတွေကို ပိတ်ပင်ခြင်း၊ လူငယ်များရဲ့ဘဝကို ဖျက်ဆီးပစ်ခြင်းများဟာ အနာဂတ်တိုင်းပြည်ကို ကြိုတင် ဖျက်ဆီးခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီကောက်ချက် မှားယွင်းမှုမရှိဘူးဆိုရင်တော့ အရှေ့တောင်အာရှနိုင်ငံများမှာ ဒုတိယအကြီးမားဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပျက်စီးနေတဲ့ အနာဂတ်တစ်ခုကို ပွေ့ပိုက်ထားနေရပါပြီ။
ကမ္ဘာပေါ်က နိုင်ငံများမှာ ကျောင်းသားအရွယ်လူငယ်များရဲ့ အခန်းကဏ္ဍက သူ့နိုင်ငံ၊ သူ့ဒေသအလျောက် အရေးပါမှု ရှိကြမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက ကျောင်းသားလူငယ်များရဲ့ အခန်းကဏ္ဍနဲ့တော့ ကွဲပြားတဲ့ အနေအထားတွေ ရှိနေနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလူငယ်များဟာ ရာစုနှစ် တစ်ခုလောက်ကြာမြင့်ခဲ့ပြီဖြစ်တဲ့  မြန်မာနိုင်ငံရေး သမိုင်းကာလရှည်ကြီးတလျှောက်လုံး ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။
ဇူလိုင်လဟာ မြန်မာနိုင်ငံအတွက် မိုးရာသီအတွင်းက လတစ်လဖြစ်ပါတယ်။ မိုးရာသီဖြစ်တာကြောင့် ဝန်းကျင်တစ်ခုလုံး အေးမြသာယာမယ်လို့ ယေဘုယျ ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလထဲမှာပဲ သမိုင်းနဲ့ချီတဲ့ စိတ်ပူပင်သောကရောက်စရာ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီလအတွင်းက တချို့သော ရက်တွေဟာ အတိတ်ရဲ့ ခြောက်လှန့်ခြင်းတွေကို ယနေ့ထက်ထိ ခံစားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ ဆိုပါစို့၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ကိုလိုနီနယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ရှေ့ဆုံးက ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို လွန်ခဲ့တဲ့ ၅၅ နှစ်က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိခါနီးမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဆိုးက မေ့ဖျောက်လို့မရတဲ့ အကြောင်းအရာတစ်ရပ်ပါ။
နောက်တစ်ရက်ကတော့ ‘ဆဲဗင်းဂျူလိုင်’ လို့ခေါ်တဲ့ ဇူလိုင်လ ၇ ရက်နေ့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က တိုင်းပြည်ရဲ့ အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တွေ သွေးမြေကျခဲ့ရတဲ့ နေ့ရက်တစ်ရက်ဖြစ်သလို ဇူလိုင်လ ၇ ရက်နေ့ကလည်း အာဏာရှင်စနစ်အောက် မြန်မာနိုင်ငံမှာ ကျောင်းသားများ စတင်သွေးမြေကျခဲ့ရတဲ့နေ့ပါပဲ။ ဒီလို တူညီတဲ့ဖြစ်ပျက်မှု ပုံစံတွေရှိနေပေမယ့် တချိန်တည်းမှာပဲ ကွဲပြားတဲ့အချက် ရှိနေပါတယ်။ အဲဒါကတော့ ဇူလိုင်လ ၁၉ ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုနဲ့ပတ်သက် တဲ့ အကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခွင့်ရပေမယ့် ဇူလိုင်လ ၇ ရက်နေ့နဲ့ ပတ်သက်တဲ့အကြောင်းအရာများကိုတော့  အမှောင်ချပိတ်ဆို့ထားခြင်း ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁ဝ နှစ်အကြာမှာ စစ်အုပ်ချုပ်ရေးရဲ့အောက်ကို ရောက်ရှိခဲ့ရပါတယ်။ အခြေတည်စ ပါလီမန်ဒီမိုကရေစီစနစ်ဟာလည်း အဲဒီအချိန်မှာပဲ နိဂုံးချုပ်သွားခဲ့ရပါတယ်။ တနည်းအားဖြင့် ကိုလိုနီအစိုးရအောက်က လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ ကိုယ့်လူမျိုး အာဏာရှင်များအောက်မှာ လွတ်လပ်ရေး ဆုံးပါးသွားခဲ့ရခြင်းပါပဲ။
မြန်မာနိုင်ငံရဲ့အုပ်ချု ပ်ရေးနည်းစနစ်တွေထဲမှာ မှားယွင်းတဲ့၊ အားနည်းတဲ့အချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေးရရှိပြီး မကြာခင်မှာ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ် ယိုယွင်းတဲ့တိုင်းပြည်မှာ အခြားသောစနစ်များလည်း ယိုယွင်းလာမှာပါပဲ။ ဒါကြောင့် ပညာရေးစနစ်ဟာလည်း အခြားသော စနစ်များနည်းတူ ယိုယွင်းလာခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားသမဂ္ဂရဲ့ သြဇာအာဏာ ကျဆင်းလာခဲ့ခြင်း ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တည်ရှိခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဆောက်အအုံကြီးဟာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြစဉ်က ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့တဲ့ နေရာဌာနကြီးဖြစ်သလို အာဏာပိုင်တွေနဲ့ အခွင့်အရေးပိုင်းဆိုင်ရာ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ ပြုလုပ်တဲ့အခါမှာ တစုံတရာ အရှိန်အဝါရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း မှာတော့ ကိုလိုနီအစိုးရလက်အောက်မှာ ရရှိခဲ့တဲ့အခွင့်အရေးတွေတောင် အပြည့်အဝ မရရှိတော့ပါဘူး။
အထူးသဖြင့် ‘တော်လှန်ရေးကောင်စီ’လို့ အမည်ပေးထားတဲ့ စစ်အစိုးရက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ တွေ့မြင်လာရပါတော့တယ်။ စစ်အစိုးရဟာ အာဏာသိမ်းပြီး မကြာခင်မှာပဲ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဆရာတွေ အကျင့်ပျက်တယ်၊ ကျောင်းသားတွေမှာ နိုင်ငံရေးပယောဂတွေ ဝင်နေတယ် စတဲ့ စွပ်စွဲချက်တွေပါပဲ။ တကယ်ကျတော့ ဒီလိုအသုံးအနှုန်းမျိုးနဲ့ပဲ အာဏာရှင် အုပ်ချုပ်ရေးသက်တမ်းတလျှောက်မှာ အတတ်ပညာရှင်တွေ၊ လူငယ်ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့တာပါ။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က ပညာရေးစနစ်ဟာ သိသိသာသာ ဆိုးရွားလာတဲ့အနေအထားကို ရောက်ရှိလာတာကြောင့် တကသ အနေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးတာနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေက အဲဒီဆန္ဒပြပွဲကို ရက်ရက်စက်စက်ဖြိုခွဲခဲ့ပါတယ်။ ဘယ်လောက်ထိအောင် ရက်စက်ခဲ့သလဲဆိုရင် မြန်မာပြည်စစ်မြေပြင်မှာ တစ်ခါမှ အသုံးမပြုဖူးသေးတဲ့ မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။
ဒီဖြိုခွဲခဲ့မှုကြောင့် ကျောင်းသား ၁၇ ဦး သေဆုံးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းသေဆုံးသွားတဲ့ ကျောင်းသားပေါင်း ၁ဝဝ ကျော်တယ်လို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူများက ဆိုပါတယ်။ အာဏာပိုင်တွေဟာ သူတို့ကို အံတုလာသူ ဘယ်သူ့ကိုမဆို မျက်နှာသာမပေးဘူးဆိုတာကို ပြသ လိုပုံရပါတယ်။ နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်အစောကြီးမှာပဲ လွတ်လပ်ရေးလှုပ်ရှားမှုတလျှောက်လုံး အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲပစ်လိုက်ပါတော့တယ်။ ဒါ့အပြင် အဲဒီအချိန်က အမြင့်ဆုံးအာဏာရှိတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက “ကျနော်တို့အလုပ်ပျက်အောင် တမင်တကာလုပ်နေကြတာဆိုရင် ကျနော် နောက်ထပ်ဘာမှမပြောလိုတော့ဘူး။ အနည်းဆုံး ဓားကိုဓားနဲ့ လှံကိုလှံနဲ့ ‘Face to Face’ ရင်ဆိုင်ဖို့ပဲ ရှိပါတယ်”လို့ ရေဒီယိုကနေ ပြောဆိုခဲ့ပါသေးတယ်။
ဖြိုချဖျက်ဆီးခြင်းခံလို က်ရတဲ့ တကသ အဆောက်အဦးမြေကွက်လပ်မှာ ကျောင်းသားများက ယာယီ ကျောင်းသားသမဂ္ဂအဖြစ် တဲထိုးခဲ့ပေမယ့် မကြာခင်မှာပဲ ဖျက်ဆီးခြင်း ခံလိုက်ရပြန်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ဟာ ကျောင်းသားလူငယ်များကို တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်များဖြစ်တယ် ဆိုတဲ့ ယူဆချက်မျိုးမရှိကြဘဲ သူတို့တွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်မယ့်သူတွေလို့ ယူဆရင်း ရန်သူတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်ပေါ်ပေါက်ဖို့ ခွင့်မပြုခဲ့သလို၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားခွင့်များကို လည်း ပိတ်ပင်ခဲ့ပါတယ်။ ဒီလို အခွင့်အရေးများဆုံးပါးခဲ့တာကြော င့် ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ရှိခဲ့ရာနေရာဟာ ယခုထက်တိုင် မြေကွက်လပ်ကြီးတစ်ခုအဖြစ် တည်ရှိနေဆဲပါ။
ဘယ်သူမဆို မိမိလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တစ်ခုဟာ မမှန်ကန်ခဲ့ဘူးဆိုရင် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အမြဲစိုးရိမ်ထိတ်လန့် နေတတ်ပါတယ်။ မြန်မာနိုင်ငံက အာဏာရှင်များကလည်း ဒီအတိုင်းပါပဲ။ ဇူလိုင်လ ၇ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အတိတ်ဖြစ်ရပ်ဟာ သူတို့ကို တစ္ဆေခြောက်သလို အမြဲတမ်းခြောက်လှန့်နေခဲ့ပါတယ်။ သူတို့ရဲ့ ကြောက်ရွံ့မှုက ကြီးမားလွန်းတော့ ဇူလိုင်လ ၇ ရက်နေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ပြန်လည် ပြောဆိုသူတွေ၊ ပြန်လည်ဖော်ထုတ်သူတွေဆိုရင် မညှာမတာနှိပ်ကွပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ၁၉၇၈ ခုနှစ်မှာ ‘အရေးတော်ပုံသမိုင်း’ ဆိုတဲ့အမည်နဲ့ ဇူလိုင် ၇ ရက်နေ့အရေးအခင်းအကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေခဲ့လို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတွေအပါအဝင် ကျောင်းသား ၅ဝ ကျော် အဖမ်းခံခဲ့ကြရပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုဖို့ကြိုးစားခဲ့သူ ကိုအောင်ထွန်းလည်း နအဖ စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ‘နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ’လို့ သူတို့ကိုယ်သူတို့ အမည်မှည့်ခေါ်ထားတဲ့ စစ်အစိုးရက ကိုအောင်ထွန်းကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပါတယ်။
အများသိကြတဲ့အတိုင်း ကျောင်းသားလှုပ်ရှားမှုများက စတင်ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို အာဏာပိုင်တွေက ရက်ရက်စက်စက် ဖြိုခွဲခဲ့တာကြောင့် ကျောင်းသားအများစုအပါအဝင် ပြည်သူလူထု ထောင်ချီအောင် သေဆုံးခဲ့ရပါတယ်။ အရေးတော်ပုံကာလအတွင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ တကသအဆောက်အအုံနေရာဖြစ်တဲ့ မြေကွက်လပ်ကြီးမှာ ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ စုဝေးပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်’ကတော့ ၁၉၈၉ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ၂၀၀၄ ခုနှစ်အထိ မြန်မာစစ်အစိုးရရဲ့ နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသလို အခုလည်း ထပ်မံ အကျဉ်းကျခံနေရဆဲပါပဲ။
ဒါတွေဟာ လွန်ခဲ့တဲ့ ၄၉ နှစ် အကြာက ဇူလိုင်လ ၇ ရက်နေ့ အရေးအခင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာရှင်အုပ်စိုးသူများက သူတို့ရဲ့ အမူအကျင့်အတိုင်း ကျောင်းသားလူငယ်များကို ဖိနှိပ်သလို ကျောင်းသားလူငယ်များကလည်း သူတို့ရဲ့အစဉ်အလာအတိုင်း ကြံ့ကြံ့ခံတော်လှန်ဆဲဖြစ်တာကို မျက်ဝါးထင်ထင် တွေ့မြင်ရတာပါပဲ။ တော်လှန်ရေးတစ်ရပ်ကို အလွယ်တကူ ဖျောက်ဖျက်ပစ်လို့မရဘူးဆိုတဲ့ အချက်ကိုပါ သတိပြုမိစေပါလိမ့်မယ်။
ဖိနှိပ်ခံကျောင်းသားခေါင်းဆောင်များဟာ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့စိတ်ဓာတ်တွေကို နောက်လူငယ် ကျောင်းသားများကို အသိလက်ဆင့်ကမ်းခဲ့တာကြောင့် တော်လှန်ရေးမျိုးဆက် ပြတ်တောက်သွားခြင်းမရှိဘဲ အာဏာရှင်များကို အမြဲတမ်း တော်လှန်နေကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ အခမ်းအနားတွေ ပြောင်ပြောင်တင်းတင်းလုပ်ဆောင် ဖို့ အခွင့်အရေးမရကြပေမယ့် အတိတ်က အမှတ်ရစရာဖြစ်ရပ်တွေရှိခဲ့တဲ့ နေ့ရက်တွေကိုရောက်တိုင်း ရောက်ရာအရပ်မှာ လက်လှမ်းမီရာ စုဝေးရင်း တော်လှန်ရေးစိတ်ဓာတ် မပျောက်ပျက်အောင်မွေးမြူတဲ့ အထိမ်းအမှတ်ပွဲကလေးတွေတော့ လုပ်ဆောင်လေ့ရှိပါတယ်။ အနည်းဆုံး ကဗျာရွတ်ဆိုပွဲ ကလေးတွေ၊ စကားဝိုင်းကလေးတွေကို လုပ်ဆောင်တတ်ကြပါတယ်။
တကယ်တော့ ဒါတွေဟာ အာဏာပိုင်တွေ ကြောက်ရွံ့တဲ့ လုပ်ဆောင်မှုတွေဖြစ်သလို လုပ်ဆောင်သူတွေအတွက် တစုံတရာအန္တရာယ်ရှိတဲ့ လုပ်ရပ်တွေလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အပေါ် စေတနာမှန်ကန်မှု မရှိတဲ့ အုပ်စိုးသူတွေအဖို့တော့ ဇူလိုင်တစ္ဆေက အမြဲတမ်း ခြောက်လှန့်နေမှာပါပဲ။ ။
ထိန်လင်း
No comments:
Post a Comment