ဒီနှစ် နိုဝင်ဘာလ(၇)ရက်နေ့မှာ မြန်မာစစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မယ်။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုတာ မလုပ်ခင် ကတည်းက ခလေးကအစ သိနေကြပါပြီ။
အခုလိုမတရားတဲ့ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်သပိတ်မှောက်ကြောင်း ကျောင်းသားလူငယ်များက လမ်းကမ်း စာစောင်တွေဖြန့်ဝေနေကြပါတယ်။ မဲမပေးကြဖို့ စည်းရုံးလှုံ့ဆော်မှုတွေလည်း နေရာတိုင်းမှာ လုပ်ဆောင် နေကြပါတယ်။ နအဖဗိုလ်ချုပ်ကြီးများရဲ့ လုပ်ရိုးလုပ်စဉ်အရ ကျောင်းသားတွေ အပေါ်အညိုးကြီးကြီးဖြင့် ဖမ်းဆီးပွဲ တွေကလည်း တပြိုင်နက်ထဲရှိနေပါတယ်။
(၂)
ဒီအချိန်မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တယောက်ကတော့ ထောင်ထဲမှာ ထောင်ဒါဏ်(၆၅)နှစ်ဖြင့် နှောက်ထပ် တကြိမ် အဖမ်းဆီးခံနေရပါတယ်။
လာမည့်အောက်တိုဘာလ(၁၈)ရက်နေ့ဆိုရင် ကိုမင်းကိုနိုင်အသက်(၄၈)ပြည့်မှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ကို ချစ်ခင်လေးစာကြတဲ့ မြန်မာပြည်သားတွေဟာ ရောက်ရှိတဲ့နိုင်ငံတွေမှာ ကိုမင်းကိုနိုင်ရဲ့မွေးနေ့ကို ဘယ်လို အခက်အခဲတွေရှိရှိ တခုပ်တရပြုလုပ်ကြမှာ ဖြစ်ပါတယ်။
အခုလို ကိုမင်းကိုနိုင်မွေးနေ့ကို ဘာကြောင့်ပြုလုပ်ကြသလဲဆိုရင် ကိုမင်းကိုနိုင်ကို ချစ်ခင်ကြလို့လည်းဖြစ်သလို ကိုမင်း ကိုနိုင်ရဲ့လုပ်ရပ်တွေအပေါ် တန်ဖိုးထားလေးစာကြလို့လည်းဖြစ်ပါတယ်။ သူဟာ မိမိအသက်ကိုပဓါနမထားပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပင်သေသေ သူ့အသက်ရဲ့သက်တမ်းထက်ဝက်ကျော် ထောင်တွေထဲမှာ ဖြတ်သန်းခဲ့၊ ဖြတ်သန်းရဲ တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
(၃)
နအဖဗိုလ်ချုပ်ကြီးးများကတော့ သူရဲကောင်းမှန်သမျှ နှိမ်နှင်းကြ ဆိုတဲ့ဆောင်ပုဒ်ကို အချိန်မလတ်ရွတ်တဲ့ဂါထာတခုလို လက်ကိုင်ထားရှိပြီး သူတို့ကို အာမခံနိုင်အောင် အာဏာကို ထိပါးသူမှန်သမျှ သူတို့ရန်သူအဖြစ်သဘောထားပြီး မဲမဲမြင်ရာသိမ်းကြုံး ဖမ်းဆီးထောင်ချပစ်နေပါတယ်။ ကျောင်းသားပဲဖြစ်ဖြစ်၊ရဟန်းပဲဖြစ်ဖြစ် အာဏာကိုထိပါးလာသူ ဘယ် သူ့ကိုမဆို ဖမ်းဆီးထောင်ချပစ်မှာ အမှန်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒင်းတို့ရဲ့လက်ကိုင်ဒုတ်အဖွဲ့တွေဖြစ်တဲ့ ကြံ့ဖွံ့နှင့်စွမ်းအားရှင်အဖွဲ့သားတွေကိုလည်း ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအပေါ် နှိမ်နှင်းရေး ပြုလုပ်ဖို့ သင်တန်းတွေ ပေးနေပါတယ်။
နအဖဗိုလ်ချုပ်ကြီးများ ဘယ်လိုပင် တားဆီးတားဆီး၊ ဘယ်လောက်ပင် နှိမ်နှင်း နှိမ်နင်း ကျောင်းသားတွေရဲ့သွေးဟာ ဘယ်တော့မှ နောက်တွန့်သွားမှာမဟုတ်ပါဘူး။ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်များဟာ တမျိုး ဆက်ပြီး တမျိုးဆက် ဆက်လက်ချီတက် တိုက်ပွဲဝင်နေမယ်ဆိုတာ အတွေ့အကြုံများက သက်သေပြခဲ့ပါပြီ။
(၄)
သမိုင်းအဆက်ဆက်မှာ ကျောင်းသားတွေက အများပြည်သူရှေ့ကဦးဆောင်ကာ မတရားတဲ့အမိန့်အာဏာမှန်သမျှ ပြတ်ပြတ်သားသားဖီဆန်ခဲ့ကြပြီး လူ့အခွင့်အရေးကိုတိုက်ယူခဲ့ကြတာ ရှေးယခင်ကနေ ယနေ့ထိ တိုင်အောင်ပါပဲ။
တိုက်ပွဲပေါင်းများစွာ အသက်သွေးပေါင်းများစွာလည်း စတေးခဲ့ပြီးပါပြီ်။ ဘယ်လိုပဲ ပေးဆပ်ရပါစေ။ ကျောင်းသားသမိုင်း ကိုတော့ ဘယ်ကျောင်းသားမျိုးဆက်ကမှ အရိုင်းမခံခဲ့ကြပါဘူး။ ယနေထိတိုင် သမိုင်းတင်ထားနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ကျောင်းသားထုတရပ်လုံးနှင့် ကျောင်းသားထုရဲ့တိုက်ပွဲသမိုင်းကိုဂုဏ်ပြုတဲ့သဘောထားနှင့် အောက်တို ဘာလ(၁၈)ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့(၄၈)နှစ်ပြည့်မွေးနေ့ကို နေရာတိုင်းမှာ ကျင်းပကြတာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေ အသက်ရာကျော်ရှည်ပါစေ၊ အမြန်ဆုံးအကျဉ်းထောင်မှ လွတ် မြောက်ပါစေ၊ ၂၀၁၀ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို အချိန်မှီတားဆီးနိုင်ပါစေ၊ တရားမျှတသော တွေ့ဆုံဆွေးနွေး ရေးပြုလုပ်နိုင်စေဖို့ မြန်မာပြည်သူတွေနှင့်အတူ တိုက်ပွဲဝင်နိုင်ပါစေလို့ ကျမတို့တွေ ဒီမွေးနေ့ပွဲမှာ ဆန္ဒပြုကြမှာဖြစ်ပါ တယ်။
နိုဝင်ဘာလ(၇)ရက်၂၀၁၀ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်းပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပယ်ဖျက်ကြဖို့ ကျောင်းသားလူငယ် များနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
အခုလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်၊ကိုမင်းကိုနိုင်နှင့်အတူ(၈၈)မျိုးဆက်ကျောင်းသားတွေ ထောင်ကပြန်လည် လွတ်မြောက်ခဲ့မယ်ဆိုရင် ၂၀၁၀ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်နက်မဲ့ နှလုံးရည်ဖြင့် လမ်းမတွေပေါ်ထွက် ပြည်သူများနှင့်တသားတည်းရပ်ကာ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ကြမှာပဲလို့ ကျမ ယုံကြည်ပါတယ်။
(၅)
နိဂုံးချုပ်အနေနှင့် ကျမ အလေးအနက်ပြုပြီး ပြောချင်တာကတော့ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့ ပိုင်းဖြတ်မှုနှင့် စိတ်ဓါတ်ကိုပါပဲ။ သူဟာ သူ့အသက်ရဲ့ထက်ဝက်မက ထောင်ထဲမှာ အကျဉ်းကျခံနေရပေမယ့် ဘယ်တော့မှ နအဖကို ဒူး ထောက်မှာမဟုတ်ဘူး၊ဘယ်တုန်းကမှလည်း ဒူးမထောက်ခဲ့ဘူးဆိုတဲ့အချက်ကိုပါ။ဒါဟာ ကျောင်းသားထုရဲ့ စိတ်ဓါတ်နှင့် ပိုင်းဖြတ်မှုကို ကိုယ်စားပြုထားတာကြောင့်လည်းဖြစ်တယ်လို့ ကျမခံယူပါတယ်။
ဒီလိုယုံကြည်မှုတွေကြောင့် ကိုမင်းကိုနိုင်ကိုလေးစားကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘယ်နိုင်ငံရောက်ရောက် ကိုမင်း ကိုနိုင်မွေးနေ့ကို မှတ်မှတ်ရရပြုလုပ်ကြတာ ဖြစ်ပါတယ်။
ကျမတို့ မလေးရှားနိုင်ငံမှာဆိုရင်လည်းမွေးနေ့ပွဲကို ပြုလုပ်ကြဖို့ပြင်ဆင်နေပါပြီ။ အချို့လူငယ်တွေကလည်း ကိုမင်းကို နိုင်ကို လေးစားဂုဏ်ပြုသောအားဖြင့် ကိုယ်တိုင်းရေးသီချင်းများဖြင့် မွေးနေ့ပွဲမှာဂုဏ်ပြုသီဆိုကြမယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်ရဲ့ လက်သုံးစကားဖြစ်တဲ့ ကျောင်းသားသွေးကနီရဲတယ်။ ဒေါင်းအလံကို ကျောင်းနရံမှာ ပြန်စိုက်မယ် ဆိုတဲ့စကားလေးတွေကိုအဓိက ရည်ညွှန်းကြမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တွေက ဘယ်လောက်ပင် ကျောင်းသားတွေကို အညှိုးတကြီး ဖမ်းဆီးနေပါစေ။တဗိုလ်ကျတဗိုလ်တက် ကျောင်းသားအလံကို ဆက်လက်လွှင့်ထူရင်း ကျောင်းသားထုရဲ့သွေးသမိုင်းကို လက်ဆင့်ကမ်းရေးထိုးသွားကြမှာ ဖြစ်ပါ တယ်။တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓါတ်ဟာ အစဉ်ထာဝရ နိုးထလန်းဆန်းနေမှာ ဖြစ်ပါတယ်။
ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလား ဆိုတဲ့မေးခွန်းအတွက် ကျောင်းသားတိုင်းမှာ အဖြေရှိပါတယ်။ စိတ်ချလိုက်ပါ။ ဘယ်တော့မှ ဘယ်ကျောင်းသားမှ အညံ့ခံ အရိုင်းခံကြလိမ့်မယ် မဟုတ်ပါ။
ကျောင်းသားထုရဲ့ အစဉ်အလာနှင့်သမိုင်းကို အရိုင်းမခံကြဖို့
ကျောင်းသားတွေ ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဆက်ကြ ပေလိမ့်မယ်၊ မကြာခင်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင် ပယ်ဖျက်ကြပေလိမ့်မယ်၊ လူထုနှင့်အတူတိုက်ပွဲဆက်ကြပေလိမ့်မယ်လို့ သံတိုင်တွေနောက်မှာ ကိုမင်းကိုနိုင်တယောက် တွေးတောနေလေမလား ကျမ စဉ်းစားနေမိပါတယ်။ ။
အောက်တိုဘာလ(၁၈)ရက်နေ့ ၂၀၁၀ခုနှစ်မှာ(၄၈)နှစ်ပြည့်မြောက်တော့မယ့် ကိုမင်းကိုနိုင် မွေးနေ့အားဂုဏ်ပြုသော အားဖြင့့်
အင်ကြင်းမေ။
၁၄-၁၀-၂၀၁၀။
No comments:
Post a Comment