(www.naytthit.net မှကူးယူဖေါ်ပြပါသည်)
GDP စရင်းဇယားတွေအရ မြန်မာနိုင်ငံသားတဦးအတွက် ၁ နှစ် ပျှမ်းမျှ ဝင်ငွေဟာ $ ၁၈၀၀ ရှိတယ်လို့ဆို ပါတယ်။ ဒါဆိုရင် တလဝင်ငွေဟာ $ ၁၅၀ ရှိပါတယ်။ တနေ့ဝင်ငွေ ဟာ $5 ရှိပါတယ်။ ငွေကြေးလဲလှယ်နှုန်း အရ တနေ့ ဝင် ငွေဟာ ၅၀၀၀ကျပ် ဝန်းကျင်ရ နေပါတယ်။ လက်တွေ့ မှာတော့ တနေ့ ဝင်ငွေ ၅၀၀၀ ကျပ် ရတဲ့လူက လူနဲစု ဖြစ် ပါတယ်။
ကျမ သမီးအငယ်လေးဆေးရုံတက်တုန်းက ကျမတွေ့ခဲ့တဲ့ မိသားစု အများစုဟာ တနေ့ ဝင်ငွေ ၅၀၀၀ ကျပ် အောက်မှာပဲ ရှိကြပါတယ်။ ကလေးဆေးရုံမှာက ကုတင်တလုံးကို ကလေး၂ ယောက် နေကြရပါတယ်။ ကျမ သမီးနဲ့ တကုတင်တည်းနေရတဲ့ ကလေးက လှိုင်သာယာကနေ လာတက်ရတာပါ။ ကျမ ကုတင်ရရချင်းမှာပဲ အတူနေရတဲ့ ကလေး အမေ က ကျမကို မေးပါတယ်။ “အမ ဆေးရုံစာ ယူမလားတဲ့” ကျမက မယူဘူး လို့ပြော လိုက်တော့ ကလေးအမေက “ဒါဆိုရင် ကျမကိုပေးပါလားတဲ့” ကျမကတော့ လွယ် လွယ် ကူကူပဲ “ယူလေ” လို့ ပြောလိုက်ပါတယ်။ ဒီတော့ ကလေးအမေက “ခဏနေရင် အမဆီကို သူနာပြုဆရာမ လာလိမ့်မယ်၊ ဆေးရုံစာ ယူမလား မေးရင် ယူမယ်လို့ပြော လိုက်နော်” တဲ့။
နောက်နေ့ ဆေးရုံစာလာတော့ ကျမ ဆီက ပန်းကန်ယူပြီး အတူနေသူ ကလေးအမေက သွားယူပါတယ်။ ကျမလဲ သမီးက သက်သာလာတော့ ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့် မိပါတယ်။ ကျမသမီး အတွက်ရတဲ့ ဆေးရုံစာကို ကျမနဲ့ အတူနေတဲ့ အမျိုးသမီးရယ် ကု တင်တလုံးကျော်က အမျိုးသမီး ရယ် မျှတ စားနေတာ တွေ့ရပါတယ်။ ဒီတော့မှ ကျမ က ထမင်းဘူး လာမပို့ဘူးလားလို့ မေးကြည့် မိပါတယ်။ ကျမနဲ့ အတူနေသူ အမျိုးသမီး က သူ့တို့မိသားစု အခြေအနေကို ပြောပြပါတယ်။
သူတို့မှာ မိသားစု ၆ ယောက်ရှိပါတယ်။ ကလေး ၄ ယောက်မှာ ၃ ယောက်က ကျောင်း နေအရွယ် ကလေးတွေပါ။ အခု ဆေးရုံတက်ရတဲ့ ကလေးက အငယ်ဆုံးပါ၊ သူ့ခင်ပွန်း က ကံထရိုက်တိုက်တွေကို ဆေးသုတ်တဲ့ လုပ်ငန်းလုပ်ပါတယ်။ တနေ့ကို လုပ်ခက ၂၅၀၀ ကျပ် ရတယ်တဲ့။ အိမ်ငှားခက တလ ၅၀၀၀ ကျပ် ပေးရပါတယ်။ သူ့ခင်ပွန်းက နေ့စဉ် လှိုင်သာယာ ကနေ အလုပ်ဆင်းရတော့ ကားခက တနေ့ ၃၀၀ ကျပ် ကြပါတယ်။ ဒါတောင် စစ်ကြိုခေတ်ကကျန်တဲ့ ဘတ်စကားတွေ စီးလို့ပါ။ ခေတ်ပေါ် “ပါရမီ လိုင်းက ကားတွေ၊ ကျန်စစ်သား ယာဉ်လိုင်းကကားတွေ စီးရင် ၄၀၀ ကျပ် လောက် ကြသွား တယ်တဲ့။ ပိုတဲ့ ၂၀၀ က ဆေးလိပ်ဖိုး ကွမ်းဖိုးပေါ့တဲ့၊ သူ့ကိုတော့ နေ့စဉ် ၂၀၀၀ ကျပ် အပ်တယ်တဲ့။
သူက အဲဒီငွေထဲက အိမ်လခ ပေးဖို့ နေ့စဉ် ၂၀၀ကျပ် ကို ဖယ်ထား ရတယ်တဲ့၊ ကျန်ငွေ ၁၈၀၀ ကျပ်ထဲ ကမှ နေ့စဉ် စားဖို့ ဆန်တပြည် ဝယ်ရတယ်တဲ့။ ဆန်က တပြည် ဝ ယ်ပေမဲ့ တကယ်တန်းကျရင် ၇လုံးခွဲဘဲ ရတာတဲ့။
ကလေးတွေက သရေစာ မစားရတော့ ထမင်းစားနိုင်ကြတယ်တဲ့၊ အကြီးကောင် ဆိုရင် တကယ်တန်း အဝစားရင် ဆန် ၂ လုံးချက်လောက်တော့ ကုန်တယ်တဲ့။ ဆန်တပြည်ကို အညံဆုံးက ၈၅၀၊ ၉၀၀ ဆိုတော့ သူ့အနေနဲ့ မနက် ၄ လုံး၊ ညနေ ၃ လုံးခွဲပဲ ချက်နိုင် တယ်တဲ့။ အလုပ်လုပ်နေရတဲ့ သူ့တို့အဖေကိုတော့ ထမင်းကို များများထည့် ပေးရတယ် တဲ့၊ ကျန်လူတွေက ဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ မျှတစားရတယ်တဲ့။
ဆန်ဝယ်ပြီး ကျန်နေတဲ့ ငွေထဲကမှ ကျောင်းသွားတဲ့ ကလေးတွေကို မုန့်ဖိုး ၁၀၀ စီ ပေးရ တယ်တဲ့။ အမှန်တကယ်တော့ ငွေတရာဟာ ဘာမုန့်မှ ဟုတ်တိပတ်တိ စားလို့မရပါဘူး တဲ့။ ဒါပေမယ့် သူများတွေရပြီး သူတို့ မရရင် စိတ်အားငယ်သွားမှာ စိုးရိမ်လို့တဲ့။ မုန့်ဖိုး နှုတ်လိုက်ရင် သူ့လက်ထဲမှာ ငွေ ၆၅၀ လောက်ပဲ ကျန်တယ်။ ဆီ၊ ဆား ငရုတ်၊ ကြက် သွန် အပြင် ဟင်းရံပါစီစဉ်တာကြောင့် သူအမြဲတမ်း ပင်လယ်ငါး ၁၀၀ ဖိုးဝယ်ရတယ်၊ ပြီးရင် ကန်စွန်းရွက် ဒါမှမဟုတ် ချဉ်ပေါင်ရွက်နဲ့ရောပြီး ချဉ်ရည်ချက်ရတာပေါ့လို့ သူက ပြောပြတယ်။
အခုလည်း ကျောင်းတက်နေတဲ့ ကလေးတွေ အိမ်မှာကျန်ခဲ့တယ်တဲ့။ ညနေ အလုပ် ဆင်းရင် သူတို့အဖေ က ဆေးရုံကိုလာပြီး ငွေ ၁၀၀၀ ပေးသွားတယ်။ ဒါပေမဲ့ ဓါတ်ဆား တထုပ်ဝယ်ရင်တောင် ၃၅၀ ကျလို့ ထမင်းဝယ်မစားရဲဘူး၊ လိုအပ်ရင် ဆေးဝယ်ရမှာလို့ သူက ပြောပြပါတယ်။
နောက်တယောက်က သံလျှင် ကနေလာရတာတဲ့။ ကလေးက ဆီးလမ်းကြောင်း ပိုးဝင် ပြီး ဖျားရာကနေ ဆီးအိမ်အထိ ရောင်ရမ်းနေတာပါ။ ကလေးအမေက တော်တော်ငယ် သေးပါတယ်။ ကလေးအဖေက လွန်ခဲ့တဲ့ နှစ်က ပိုးထိပြီး ဆုံးသွားတယ်တဲ့လေ။ ၃၊ ၄ ရက်လောက်ခြားပြီး ကလေးရဲ့ အဖွားလုပ်သူက ဆေးရုံကိုလာပါတယ်။ အဖွားကိုယ် တိုင် ကလည်း ဆင်းရဲနွမ်းပါး ပါတယ်။ ဒီတော့ မျက်နှာလာပြရုံကလွဲလို့ မတတ်နိုင်ဘူး ပေါ့။
တရက်တော့ ဆရာဝန် က ဆေးဝယ်ခိုင်းပါတယ်။ ကလေးအမေမှာ ပိုက်ဆံ ကုန်နေပြီ တဲ့၊ ကောင်မလေးလည်းဗျာများ နေရှာပါတယ်။ ဒါကြောင့် ကျမက ဘာလို့လဲ မေးတော့ သူ့သားလေးအတွက် ဆရာဝန်က ဆေးဝယ်ခိုင်းတယ်တဲ့ ဆေးကအရေးကြီးတယ်တဲ့။ ကျမက ဈေးကြီးလား မေးတော့ သူက “ဆရာဝန်က ကျမ မတတ်နိုင်မှန်း သိလို့ အပေါ စားကို ဝယ်ခိုင်းထားတယ်တဲ့။ ဒါပေမဲ့ သူ့လက်ထဲမှာ ပိုက်ဆံ လုံးဝမရှိတော့ဘူးတဲ့။ သူ့ သား ဆေးရုံတက်နေတာ တပတ်ကျော်နေပြီတဲ့၊
သူက ရပ်ကွက်ထဲမှာ သူများခိုင်းတာကို လိုက်လုပ်ပေးရတာတဲ့။ အဝတ်လျော်ခိုင်းရင် အဝတ်လျော်ပေး၊ ရေခပ်ခိုင်းရင် ရေခပ်ပေး လုပ်ရတယ်တဲ့။ တနေ့ကို ၁၀၀၀-၁၅၀၀ လောက်ရတယ်တဲ့။ တချို့အိမ်တွေက သားအမိ ၂ ယောက်ကို ထမင်းကျွေးတယ်၊ တ ချို့အိမ်တွေက မကျွေးဘူး။ ထမင်းပါကျွေးရင်တော့ ထမင်းစားရိတ်သက်သာတာပေါ့တဲ့။ မကျွေးရင် ကိုယ့်ဖာသာ ထမင်းဝယ်စားရတော့ ရတဲ့ပိုက်ဆံနဲ့က အဆင်မပြေဘူးတဲ့။ တခါတလေ အမေ့အိမ်မှာ ကြုံသလို စားဖြစ်တယ်၊ ဒါပေမယ့် အမေ့အိမ်မှာ လူတွေက များတော့ အခုနောက်ပိုင်း ထမင်းတောင် မျှတစားနေကြရလို့ သူတို့ သားအမိအတွက် မပိုဘူးတဲ့လေ။
ကျမလဲ ဆေးဖိုး ၁ ထောင်ပေးလိုက်ပါတယ်။ သူက ဆေးဝယ်ပြီး ပိုတဲ့ငွေ ၂၅၀ ကို ပြန် လာပေးရှာပါတယ်။ ဘာဘဲဖြစ်ဖြစ် ကလေးဆေးထိုးဖြစ်သွားတာပေါ့လေ။
နောက်တယောက်က ကျမတို့နေတဲ့ လမ်းထိပ်မှာ ကုန်စိမ်းရောင်းတဲ့ အမကြီးပါ။ သူက ဈေးရောင်းဖို့ အရင်းအနှီး အဖြစ် ငွေကို အတိုးနဲ့ စွဲရပါတယ်။ အတိုးက ငွေတရာယူရင် ၂၀ ကျပ်ပေးရပါတယ်။ ငွေ ၁ သောင်းယူရင် နေ့တိုင်း ၂၀၀၀ ကျပ် ဆပ်ရပါတယ်။ သူ ယူတဲ့ ငွေ ၁ သောင်းကို မဆပ်မချင်း နေ့တိုင်း ၂၀၀၀ ကျပ် ပေးနေရပါတယ်။ ကျမက အဲဒီ အမကို မေးမိပါတယ်။ အမ တနေ့တနေ့ ဘယ်လောက်ကျန်လဲ ဆိုတော့ သူပြောပြ တာက “သူ့မှာရှိတဲ့ငွေနဲ့ ချေးတဲ့ ငွေနဲ့ ပေါင်းရင် သူ့အရင်က ၅သောင်း လောက်တော့ ရှိတယ်၊ အတိုးပေးပြီး တနေ့ ၁၀၀၀-၁၅၀၀ကျန်အောင် မနဲ လုပ်နေရတယ်၊ သေချာစဉ်း စားရင် ပင်ပန်းတာနဲ့ မကာမိဘူး။ ဒါပေမဲ့မလုပ်ဘဲ နေလို့မရဘူး၊ ကလေးတွေအာလုံးက ကျောင်းသားတွေ ဆိုတော့ ကျူရှင်စားရိတ်၊ ကျောင်းလခ၊ မုန့်ဖိုး ၊ အဝတ်အစားဖိုး အား လုံးပေါင်းလိုက်ရင် တနေ့တနေ့ မနဲလှဘူး။ သူ့အဖေက တနေ့ ၂၀၀၀ လောက်အပ် တယ်၊ အမက ၁၅၀၀ လောက်ရနေတော့ မပြေလည်ပေမဲ့ အသက်ရှူနိုင်သေးတယ်။
နောက်ပြီး အကြွေးတွေက အခုလိုဈေးရောင်းနေရင် အတိုးသတ်နိုင်နေသေးတယ်။ နို့မို့ ပိုဆိုးသွားမှာပေါ့၊ အကြွေးမတင်ရင်တော့ ပိုက်ဆံ ပိုထွက်လာမှာပေါ့” လို့ သည်းပြော ပြော ပြရှာပါတယ်။ ကျမက အတိုးမပေးနိုင်တဲ့ ရက်ရှိလားဆိုတော့ သူက “ရှိတာပေါ့ ညီမရယ်၊ ဈေးရောင်းမကောင်းတဲ့နေ့တွေဆိုရင် အတိုးအပြည့် မသတ်နိုင်ဘူး၊ နဲနဲပါးပါး တောင်းပန်ပြီး ရှိသမျှ ပေးရတာပေါ့ ။ တခါတလေ ငွေရှင် ညစ်ပတ်တာ ရှိသေးတယ်။ အတိုးသတ်နေရက်နဲ့ အရင်းခဏ ပြန်ဆပ်ဟယ်၊ နင်ယူတာ ကြာလှနေပြီ တရက်နှစ် ရက်နေတော့ ပြန်ယူပေါ့ ဆိုတာက ရှိသေးတယ်။ အဲဒီလို ဆိုရင် အမက ငွေရှင်ပြောင်း ရတော့ တာပေါ့၊ ကြားထဲကနေ အတိုးပိုကုန်တာပေါ့၊ ငွေ ၁သောင်းချေးရင် ၈၀၀၀ ကျပ် ပဲရတာ ဒါကြောင့် ၁ သောင်းအပြည့်ဆပ်ဖို့ ၁ သောင်း ၂၅၀၀ ချေးရတော့ နေရင်းထိုင် ရင်း အကြွေးက ၂၅၀၀ တိုးသွားပြန်ရော။ ဒီလိုနဲ့ သံသရာလည်နေရော၊ တခါတလေ တော့ ၂ လုံးတွေဘာတွေ ထိုးမိတယ် ရရင်လည်း ရှိတဲ့အကြွေးတွေ မြန်မြန်ကျေအောင် ဆပ်ဖို့ စိတ်ကူးမိတယ်။
အမ မျော်လင့်တဲ့အတိုင်း ဖြစ်လားမေးကြည့်တော့ “မဖြစ်ပါဘူးညီမရယ်၊ ပေါက်တဲ့ရက် နဲ့ မပေါက်တဲ့ရက်က ပိုများတော့ အရင်းထဲက ပဲ့ပါသွားလို့ မနဲကို ပြန်ဆယ်ရတယ်။ ဒီ ဝဋ်တွေက ကျွတ်ချင်တာကတော့ အမှန်ပါပဲ၊ ဘယ်တော့မှ ကျွတ်မလဲ မသိဘူး” လို့ သူ ကပြောပြပါတယ်။
တကယ်တော့ ကျမတို့ မြန်မာပြည်ဆိုတာက ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လို ပုံလို့ ပြောခဲ့ကြပေမဲ့ အခု လက်ငင်းအခြေအနေမှာ ပြည်သူအများစုဟာ ဒုက္ခ ပင်လယ် ထဲမှာ လက်ပစ်ကူးနေကြရတာပါ။ စင်ကာပူလို နိုင်ငံကျဉ်းကျဉ်းလေးတောင်မှ ဒီလောက် တိုးတက်နေချိန်မှာ သယံဇာတ အမြောက်အများရှိတဲ့ ကျမတို့တွေ ဒုက္ခရောက်နေကြ ပါတယ်။ United Nation လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကတော့ ထောင်စုနှစ် စီမံ ကိန်းကြီး အကောင်အထည်ဖော်ဖို့ အားထုတ်နေပါတယ်။ ကျမတို့နိုင်ငံအပါအဝင် ကမ္ဘာ ပေါ်မှာရှိတဲ့ အာဏာရှင်တွေကတော့ ကိုယ့်မိသားစု ကောင်းစားရေး၊ ကိုယ့်အာဏာ တည်မြဲရေး စတာတွေကြောင့် ဆင်းရဲသား ကြောမွဲတွေရဲ့ ဘဝ၊ ပြည့်စုံ ချမ်းသာရေးတွေ ကို မျက်ကွယ်ပြုထားဆဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး နောက်တက်လာမည့် အစိုးရ ကကော ဘယ်လောက်အာမခံပေးနိုင်မှာလဲ၊ ရှေ့လျောက် ကောင်းလာမလား၊ စိုးလာမှာ လား။ တွေးလေဝေးလေ အခြေအနေတွေနဲ့ ကျမတို့ ချစ်တဲ့တိုင်းပြည်ဟာ ပေါက်ကွဲလု ချိန်ကိုက်ဗုံးတလုံး ဖြစ်လို့နေခဲ့ပါပြီ။
ခင်ငြိမ်းသစ်

No comments:
Post a Comment