Wednesday, October 20, 2010

ခေတ်ကိုပြဌာန်းသူများ


ထိန်လင်း

      ကျနော်တို့ပတ်ဝန်းကျင်မှာ ပြောလေ့ရှိတဲ့ ‘တန်ရာ တန်ရာ’ ဆိုတဲ့ စကားရပ်ကို အားလုံးသိကြပါတယ်။ လူအချင်းချင်း၊ လူနဲ့ပစ္စည်း စသဖြင့် အရည်အသွေး တန်ဖိုး မကွာတဲ့အရာတွေကို ယှဉ်တွဲသတ်မှတ်တာ ဖြစ်ပါတယ်။ တပါးသူကို သုံးလေ့ရှိတဲ့ ဒီစကားရပ်ကို ကိုယ်နဲ့ယှဉ်ပြီး သုံးသပ်မယ်ဆိုရင်ရော æ။
      ကိုယ်ရတဲ့အရာက ကောင်းတယ်ဆိုရင်၊ တန်ဖိုးရှိတယ်ဆိုရင် ကိုယ်နဲ့ထိုက်တန်လို့ရတာလို့ အပြောခံနိုင်ပေမယ့် ကိုယ်ရလိုက်တာက ညံ့တဲ့အရာ၊ တန်ဖိုးမရှိတဲ့အရာ၊ ဆိုးဝါးတဲ့အရာ ဆိုရင်ရော အပြောခံ အနှိုင်းခံနိုင်သူတွေ ဖြစ်ပါ့မလား။ ဖတ်ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို သတိရမိပါတယ်။
      တခါတုန်းက မြို့တစ်မြို့မှာ အုပ်ချုပ်တဲ့ ဝန်ထောက်အပြောင်းအလဲ လုပ်ပါတယ်။ ပြောင်းလာတဲ့ ဝန်ထောက်အသစ်က မြို့ခံတွေကိုဖိတ်ပြီး ဧည့်ခံပွဲတစ်ခုပြုလုပ်ပါသတဲ့။ ဧည့်ခံပွဲမှာ သူက တေးဂီတဝိုင်းတစ်ခုကိုလည်း ငှားပြီး ဖျော်ဖြေစေပါတယ်။
      ဧည့်ခံပွဲကျင်းပတဲ့အခါ တီးဝိုင်းက ဂီတပညာရှင် ဝိုင်းတော်သားတစ်ဦးက ဝန်ထောက်အသစ်ကို ဂုဏ်ပြုတဲ့ သြဘာစာတမ်း ရွတ်ဆိုပါတယ်။ အဲဒီ သြဘာစာတမ်းထဲမှာက “ဂြိုဟ်ဆိုးတစ်ယောက် ထွက်သွားပြီးတဲ့နောက် ဂြိုဟ်ကောင်းတစ်ယောက် ရောက်လာပါပြီ”လို့ ချီးမွမ်းထားတဲ့ စာသားတချို့လည်း ပါဝင်ပါတယ်။ အရင်တုန်းက ဝန်ထောက်ကို ဂြိုဟ်ဆိုးနဲ့နှိုင်းပြီး သူ့ကျတော့ ကောင်းတဲ့ဂြိုဟ်အဖြစ် တင်စားပြောဆိုတယ်ဆိုတော့ ဝန်ထောက်သစ်က သိပ်ပြီး သဘောခွေ့သွားတာပေါ့။
      ဒါကြောင့် သြဘာစာ ရွတ်တဲ့သူကိုခေါ်ပြီး အဲဒီ သြဘာစာ ဘယ်သူရေးတာလဲလို့ မေးသတဲ့။ သူ့ကိုချီးမွှမ်းတဲ့သူ ဘယ်သူလဲဆိုတာ သိချင်တာကိုး။ ဒါပေမယ့် ဟိုလူရဲ့ အဖြေစကားကြောင့် ကြက်သေသေသွားပါတော့တယ်။
      သူ့အဖြေစကားကို ကြည့်ပါဦး။
      “ဒီသြဘာစာတမ်းက ရေးထားတာ ကြာပါပြီ။ ဒါက ကျနော်တို့မြို့မှာ ဝန်ထောက်အပြောင်းအလဲလုပ်တိုင်း ရွတ်ဆိုတဲ့သြဘာစာဖြစ်ပါတယ်။ အချိန်တွေကြာခဲ့ပြီဆိုတော့ ဘယ်သူရေးခဲ့တယ်ဆိုတာတောင် မသိတော့ပါဘူး”တဲ့။
      ဒီအဖြစ်အပျက်ကို ကြည့်လိုက်ရင် တွေးစရာတွေ အများကြီးရှိနေပါတယ်။ အုပ်ချုပ်သူကို ချီးမွမ်းတဲ့အနေနဲ့ သြဘာစာ ဖတ်တဲ့သူတွေက အုပ်ချုပ်ခံလူတန်းစားတွေဖြစ်ပါတယ်။ သူတို့က ကိုယ့်ကို အုပ်ချုပ်တဲ့သူ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ချီးမွမ်းထောပနာ ပြုနေကြတဲ့သူတွေပါ။ ဒီတစ်ယောက်ပြောင်းသွားလို့ နောက်တစ်ယောက် ရောက်လာမယ်ဆိုရင်လည်း ဒီလိုပဲ ဆက်လက်ချီးမွမ်းစကား ပြောဆိုရင်း ကြိုဆိုနေဦးမှာပါပဲ။
      ခေတ်ဆိုတာ အဲဒီအချိန်ကာလမှာ တည်ရှိနေတဲ့ လူသားတွေက ပြဋ္ဌာန်းခဲ့တဲ့အရာဖြစ်ပါတယ်။ ဆိုကြပါစို့၊ သူတပါးရဲ့ အနိုင်ကျင့်ခိုင်းစေမှုကို ခံနေတဲ့ ကျေးကျွန်တွေရယ်၊ သူတို့ကိုပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေရယ် နေရာအနှံ့ တည်ရှိနေတဲ့ခေတ်ကို ကျွန်ပိုင်ရှင်ခေတ်လို့ ကျနော်တို့က ခေါ်ဆိုကြပြီး မြေယာပိုင်ရှင်တွေက မြေမဲ့ယာမဲ့တွေ၊ ဆင်းရဲသားလူတန်းစားတွေအပေါ် လွှမ်းမိုးအုပ်ချုပ်တဲ့ကာလတွေကိုတော့ မြေရှင်ပဒေသရာဇ်ခေတ်လို့ ခေါ်ဆိုကြပါတယ်။
      ဘယ်သူတွေက မှားတယ်၊ ဘယ်သူတွေကတော့ မှန်တယ်လို့ မခွဲခြားဘဲ ပကတိအနေအထားအတိုင်း ပြောမယ်ဆိုရင်တောင် ကျွန်တွေက သူတို့ကို အနိုင်ကျင့်နေသူတွေကို အောင်အောင်မြင်မြင် မတော်လှန်နိုင်မချင်း ကျွန်ပိုင်ရှင်စနစ်ဆိုတာက သက်ဆိုးရှည်ခဲ့ပါတယ်။ တခြားခေတ်တွေမှာလည်း ဒီအတိုင်းပါပဲ။ အထူးသဖြင့်ကတော့ အဲဒီကာလအတွင်း ရှင်သန်ခဲ့ကြသူတွေရဲ့ လွှမ်းမိုးနိုင်မှု ပုံစံတွေအတိုင်း တည်ရှိခဲ့တာသာဖြစ်ပါတယ်။ ဥပမာအားဖြင့် အာဏာရှင်ရဲ့လွှမ်းမိုးမှုက အင်အားကောင်းတဲ့အခါ အာဏာရှင်ခေတ်ဖြစ်ပြီး၊ အများရဲ့ အင်အားက ကြီးမားရင်တော့ အများနှစ်သက်တဲ့စနစ်နဲ့ အုပ်ချုပ်တဲ့ခေတ်ပေါ့။
      ချောင်းတွေ၊ မြောင်းတွေထဲမှာ ကူးခတ်နေတဲ့ ငါးကလေးတွေကို ကျနော်တို့ တွေ့ဖူးကြပါတယ်။ ကူးခတ်နေတာချင်းတူပေမယ့် ရေစီးအတိုင်း မျောပါကူးခတ်တဲ့ငါးတွေနဲ့ ရေစီးကိုဆန်ပြီး ကူးခတ်နေတဲ့ငါးတွေကို တွေ့နိုင်ပါတယ်။ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ ဘဝကို အလိုက်သင့်အလျားသင့် မျောပါရင်း ရှင်သန်နေသူတွေနဲ့ ခေတ်ကိုပြောင်းလဲချင်သူတွေဆိုပြီး ကွဲပြားစွာ ရှိနေကြပါတယ်။ ငါးတစ်ကောင်အနေနဲ့ မြစ်ရဲ့အထက်ပိုင်းကို ရောက်ချင်တယ်ဆိုရင် ဆန်တက်ကူးခတ်မှသာ ရောက်ရှိနိုင်ပါတယ်။ ဒီလိုပဲ ပြောင်းလဲတဲ့ အခြေအနေတစ်ခုအောက်မှာ နေချင်သူဆိုရင်လည်း အပြောင်းအလဲဖြစ်ပေါ်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
      လူ့သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ တိုးတက်ပြောင်းလဲမှုအားလုံးက သဘာဝအတိုင်း ဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ ပြောင်းလဲချင်သူတွေရဲ့ လုပ်ဆောင်မှုများကြောင့် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ စူးစမ်းရှာဖွေသူတွေကြောင့် နယ်ပယ်သစ်တွေ တွေ့ရှိခဲ့ပြီး တီထွင်ကြံဆသူတွေကြောင့် ပစ္စည်းအသုံးအဆောင်တွေနဲ့ တိုးတက်မှုဆိုတဲ့ ခေတ်ခြေလှမ်းတွေပေါ် ကျနော်တို့ ရပ်ခွင့်ရကြတာဖြစ်ပါတယ်။ ကမBာပေါ်မှာ ရေသာခို အချောင်လိုက်နေသူတွေချည်း ရှိခဲ့မယ်ဆိုရင် ဒီကနေ့ ဘယ်သူမှ ရုပ်မြင်သံကြားကြည့်ရမှာမဟုတ်သလို လေယာဉ်ပျံလည်း စီးရမှာမဟုတ်ပါဘူး။ နေ့ဆိုရင် လင်းမယ်၊ ည ဆိုရင် မှောင်မယ်ဆိုတဲ့ သဘာဝအတိုင်းရှိနေတဲ့ အချိန်ကာလကြီးကို ဘယ်သူကမှ ဖန်ဆင်းဖို့မလိုအပ်ပေမယ့် လျှပ်စစ်မီးအလင်းရောင်နဲ့ အမှောင်ထုအောက်မှာ နေထိုင်သွားလာနိုင်အောင်တော့ လူသားတွေရဲ့ ကြိုးပမ်းမှုမရှိဘဲ မရနိုင်ပါဘူး။
      ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုရင်း အုပ်စိုးသူလူတန်းစားကို အမြဲတမ်းကြိုလင့်နေသူတွေချည်း ရှိနေမယ်ဆိုရင် အများရဲ့ ကြည်ညိုမှုကိုသာ လိုချင်တဲ့၊ အများအပေါ် လွှမ်းမိုးချင်တဲ့ အုပ်စိုးသူတွေသာ ရောက်ရှိလာပါလိမ့်မယ်။ မိမိတို့ရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုသူများရဲ့ ရှေ့မှောက်ကိုတော့ အများဆန္ဒအတိုင်း အကောင်အထည်ဖော်ပေးမယ့် အုပ်စိုးသူတွေ ရောက်လာပါလိမ့်မယ်။ ဒါဟာ ခေတ်တွေ၊ သမိုင်းတွေကို လူသားတွေကသာ ပြဋ္ဌာန်းတယ်ဆိုတဲ့ သဘောကို ပြသနေတာပါပဲ။
      ဒီတော့ ကျနော်တို့က ဘယ်လိုခေတ်တစ်ခုကို လိုချင်တာလဲ၊ ကိုယ်ဟာ ရေစုံမျှောပြီး လိုက်နေတဲ့ ငါးတစ်ကောင်နဲ့ တူနေသလား၊ ဒါမှမဟုတ် ရေကိုဆန်တက်ရင်း ကိုယ်လိုရာရောက်အောင် သွားနေတဲ့ ငါးတစ်ကောင်နဲ့ တူနေသလား။ ဘယ်လို အပြုအမူတွေနဲ့ ရှင်သန်နေတာလဲ။ ကိုယ်စီ စဉ်းစားရမှာဖြစ်ပါတယ်။ ။

ထိန်လင်း
၁၇၊ ၁ဝ၊ ၂ဝ၁ဝ

No comments:

Post a Comment