Saturday, July 30, 2011
ကြယ်တွေကြွေနေတဲ့တိုင်းပြည်
    ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။
    ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။
    ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။
    အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။
    ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။
    ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။
    ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
    ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ဗBှီင်္) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။
    အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ နဝတ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
    တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
    ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
    ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။
    ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။
    ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။
    ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာ
ခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မဝတ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မဝတ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက်  ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။
    အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။
    အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။
    ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ၏၏၏၏၏၏၏၏၏။
    ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
(၂ဝဝ၉ ခုနှစ်က ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြခဲ့ပြီး သောဆောင်ပါးကို ပြန်လည်တင်ဆက်ပါသည်။)
၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမျက်ခြေမပြတ်ကြနဲ့
      နအဖအစိုးရဟာဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲအုပ်ချုပ်ခဲ့တယ်၊ ကြံ့ဖွတ်အစိုးရကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အုပ်ချုပ်ခဲ့တယ်ဆိုတာဟုတ်ပါတယ်။ ဒါဖြင့်ဘာအပြောင်းအလဲတွေ တွေ့နေရပြီလဲ။
      ဒီနေ့အချိန်ဟာကြံ့ဖွတ်စစ်အစိုးရအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အစိုးရအသစ်တရပ် အသား ကျအောင် လုံးပမ်းနေချိန်ဖြစ်ပါတယ်။ စစ်တပ်ကတိုက်ရိုက်လုပ်ဖို့မလိုတဲ့ လုပ်ငန်းတွေကို”အရပ်ဘက်” လွှဲပြောင်း ပေးတယ် ဆိုတာဖြစ်အောင် အဖက်ဖက်မှာလုပ်နေရပါတယ်။ ပြောရရင်ဒီအလုပ်ဟာသူတို့အတွက်လွယ်တာတော့ မဟုတ်ပါဘူး။ အရင်ကတော့ စစ်တပ်က အားလုံးကိုလက်ဝါးကြီးအုပ်ထားတာဆိုတော့ အခြေအနေကိုစစ်တပ်က (နယ် တွေမှာဆိုရင် စစ်တိုင်းတွေက) တိုက်ရိုက်သိနေ၊ ချုပ်ကိုင်နေတာဖြစ်သလို စားပေါက်တွေကိုလည်းသူတို့ကပဲအားလုံးချုပ် ထား၊ စားသုံးနေပါတယ်။ အခုကျတော့ တိုင်းအစိုးရ၊ ပြည်နယ်အစိုးရဆိုတာတွေလုပ်ထားတော့ ဒီအစိုးရတွေရဲ့အလုပ် ကိုလည်းပြနိုင်အောင်၊ တချိန်တည်းမှာ အခြေအနေတွေကို စစ်တပ်ကချုပ်ကိုင်မိနေနိုင်အောင် အဆင့်ဆင့်အစီရင်ခံရ၊ ခွင့်ပြုချက်ယူရတာတွေ၊ ညွှန်ကြားတာတွေ အဆင့်ဆင့်သွယ်သွယ်ဝိုက်ဝိုက်တွေ ဖြစ်လာပါတယ်။ တခါတလေမှာ တမြို့တည်း၊ တခရိုင်တည်းဖြစ်နေတဲ့ကိစ္စကို ထိပ်ဆုံး ကြပ်ပြေးနေပြည်တော်အထိတက်ပြီးမှ နေပြည်တော်ကနေ တမြို့ တည်းနေတခြားဌာနတခုကိုပြန်ချပေးတာဖြစ်နေတော့ အချိန်တွေအရမ်းကြန့်ကြာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လာဘ်ယူတော့လည်း အရင်က စစ်တပ်ကိုတိုက်ရိုက်ပေးလို့ရပေမဲ့ အခုတော့လမ်းကကွေ့ကောက်နေပါတယ်။ သေချာအောင်ပြောရရင် စစ်တပ်ကိုမခွံ့ရတော့တာ မဟုတ်ပါဘူး။ အခုလက်တွေ့မှာ ပါးစပ်တပေါက်ပိုခွံ့နေရပါတယ်။ ဒီလိုအခွင့်အာဏာရော စားပေါက်တွေပါ မျှမျှတတနဲ့ သူတို့တွင်း win-win ဖြစ်တဲ့စနစ်တရပ် အခိုင်အမာအသားကျအောင် သူတို့အနေနဲ့အချိန်ယူပြီး အတော်ကို လုပ်ရဦးမှာပါ။
      ကြံ့ဖွတ်စစ်အစိုးရဟာ ဒီလိုလုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဘုရားဖူးခွင့်ပြုတာ၊ အာဇာနည်နေ့မှာ တက်ရောက်စေတာ၊ ဗိုလ်အောင်ကြည်နဲ့စကားပြောခိုင်းထားတာ စတဲ့အပေါ်ယံကိစ္စတွေခွင့်ပြုပြီး ပြည်တွင်းပြည်ပ အာဘော်တွေမှာ အမှတ်ယူနေပါတယ်။ ဒါတွေကို သူတို့ဆင်ကွက်ထဲဝင်ပြီး အမှတ်ပေးချင်သူတွေကအမှတ်ပေးနေတဲ့ အပြင် တချို့ကဆိုရင် အစကငါမပြောဘူးလားဆိုတာမျိုးအထိ ပြောနြေ���ပါတယ်။ တခါ နိုင်ငံရေးလောကမှာကြုံရလေ့ ရှိတဲ့ နောက်တက်တဲ့အစိုးရဒို့အစိုးရဆိုသူတွေလည်း လက်မထောင်လာကြတာတွေ့ရပါတယ်။ တကယ်ကတော့  စစ်အစိုးရတရပ်ဟာ သက်တမ်းရှည်လာတာနဲ့အမျှ သူတို့မှာအတွေ့အကြုံတွေလည်း များပြားကြွယ်ဝလာတယ်ဆိုတာကို မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ သူတို့အာဏာကို အန္တရာယ်မပေးရေးဆိုတဲ့မူအောက်မှာ ဘယ်ဟာလောက်ကိုတော့ လိုက်လျော၊ ဘယ်ဟာကိုတော့အလျှော့မပေးနဲ့ ဆိုတာကို ကောင်းကောင်းခွဲခြားတတ်ပါတယ်။ သေချာပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ မူကျတဲ့ကိစ္စတွေအပေါ်မှာ ဘယ်တော့မှအလျှော့မပေးဘူးဆိုတာ အားလုံးအသိပါပဲ။ အလွယ်ဆုံးနဲ့ အမြင်သာဆုံးပြရရင် နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းလက်နက်ကိုင်ကိစ္စတို့မှာ တလက်မ တောင်အလျှော့မပေးရေး၊ တိုင်းပြည်ရဲ့စီးပွားရေးကို သူတို့နဲ့သူတို့ရဲ့ ပုလင်းတူဗူးဆို့ကတွေချည်း ချုပ်ကိုင်ထားရေးတို့ဟာ ဘယ်သူနဲ့မှညှိနှိုင်းမှာ၊ အပေးအယူလုပ်မှာမဟုတ်တဲ့ သူတို့ရဲ့အခြေ ခံမူတွေပဲမဟုတ်ပါလား။
      ပြန်စဉ်းစားလိုက်ရင် ၁၉၆၂ခုနှစ် ဦး/ဗိုလ်နေ၀င်းကစလို့ ဗိုလ်စောမောင်-ဗိုလ်သန်းရွှေအလယ် ဦး/ဗိုလ်သိန်းစိန် အဆုံး စစ်အာဏာရှင်တွေမှာ တူညီတဲ့မူအချက်တွေအများကြီးရှိတယ်ဆိုတာတွေ့ရပါမယ်။ အဲဒါတွေကတော့ (မဆလနာမည်ခံလို့ပဲဖြစ်ဖြစ်၊ ကြံ့ဖွတ်နာမည်ခံလို့ပဲဖြစ်ဖြစ်၊ အာဏာကိုယာယီသိမ်းထားသူအနေနဲ့ဖြစ်ဖြစ်) အာဏာကို သူတို့ချည်း လက်ဝါးကြီးအုပ်ထားတာ၊ ပြည်တွင်းစစ်ကိုအပေါ်မှာထားရှိတဲ့သဘော$E1��ား၊ ကျောင်းသားသမဂ္ဂတွေအပေါ် ထားရှိတဲ့သဘောထား၊ စီးပွားရေးကိုသူတို့ချည်းလက်ဝါးချည်းအုပ်ထားလိုတဲ့သဘောထား၊ တိုင်းရင်းသား ပြည်သူတွေ အပေါ်ထားရှိတဲ့သဘောထား စတာတွေပါပဲ။ ဒါတွေဟာ နှစ်ပေါင်း၆၀နီးပါး ၏-သည် မကွဲပဲ စစ်အာဏာရှင်အဆက်ဆက် ကိုင်စွဲခဲ့တဲ့ ပေါ်လစီတွေလို့ဆိုရပါမယ်။
      တကယ်ကအစိုးရတရပ်ရဲ့လက္ခဏာကိုဖြစ်စေ၊ အဲဒီအစိုးရဦးတည်နေတာကိုဖြစ်စေ သိချင်ရင်သူတို့ရဲ့ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကို စောကြောရပါတယ်။ စစ်အစိုးရရဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ စပေါ်ထွက်လာ ကတည်းက လူတိုင်းရဲ့ဆန့်ကျင်ခြင်းကို ခံခဲ့ရပါတယ်။ ပြောရရင် ၂၀၁၀ရွေးကောက်ပွဲကြံ့ဖွတ်ကမဟုတ်ပဲဝင်ခဲ့သူတွေ၊ အခုအမတ်ဖြစ်နေသူတွေတောင်မှ ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဘယ်လောက်ဆိုးတယ်၊ စစ်တပ်အာဏာလက် မလွတ်ရေးကိုအာမခံပေးတဲ့ ဥပဒေဖြစ်တယ်ဆိုတာကို မြင်ခဲ့၊ အသိအမှတ်ပြုခဲ့ကြပါတယ်။ အခု ကြံ့ဖွတ်စစ်အစိုးရလုပ် နေတာတွေဟာ အဲဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ရည်မှန်းချက်တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကောင်အထည်ဖော် နေတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။
      ဒီအစိုးရတက်လာတာ လေးလကျော်ခဲ့တဲ့နောက်မှာ တိုင်းပြည်ကို(ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါသတ်မှတ်ချက် အတိုင်း) အချိန်မရွေးအာဏာသိမ်းမယ့်အန္တရာယ်က ကွာလှမ်းသွားစေခဲ့တယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။ ကြပ်ပြေးက လွှတ်တော်ထဲမှာ ကြံ့ဖွတ်အစိုးရကချမှတ်ချင်တာကို ကြံ့ဖွတ်မဟုတ်တဲ့ကိုယ်စားလှယ်တွေကဆန့်ကျင်လို့ ပျက် သွားတယ်၊ ရပ်ဆိုင်းထားရတယ်ဆိုတာမျိုးကော ဘယ်နှယ်ကြိမ်များရှိသွားပြီလဲ။ ကိစ္စတွေကို ကိုယ့်ကိုယ်ကိုမညာစတမ်း၊ မလိမ်စတမ်းကြည့်ကြစမ်းပါ။ သမိုင်းမှာ စစ်အစိုးရရဲ့အလိမ်အညာကို အကာအကွယ်ပေးသူ၊ ဖုံးဖိပေးသူ၊ အောက်စောင့် လုပ်ပေးသူအဖြစ် နာမည်မပျက်ဖို့လိုပါတယ်။
      ဗမာပြည်သမိုင်းမှာရှိခဲ့တဲ့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသုံးခုထဲက တခုတည်းသောအများလက္ခဏာဆောင်တဲ့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလို့ပြောရမယ့် ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတောင်မှ ဖဆပလအစိုးရဟာ သူတို့ထင်သလိုဆွဲဆန့်ပြီး အတိုက်အခံတွေကို ဖိနှိပ်သတ်ဖြတ်တာတွေလုပ်ခဲ့ပါသေးတယ်။ လက်ရှိ၂၀၀၈ခုနှစ်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ကတော့ ကြံ့ဖွတ်စစ်အစိုးရဘယ့်ကလောက်အထိ ရမ်းနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင် ပါတယ်။
      ဗမာပြည်ရဲ့အခြေအနေတွေကိုပြောင်းဖို့ဆိုရင် ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပစ်တာက စရပါမယ်။ ဒီမိုကရေအတွက်အရေးဆိုနေသူတွေအားလုံး ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုးကြီးကို မျက်ခြေမပြတ်ကြဖို့ လိုသလို မိမိတို့ရဲ့လုပ်ငန်းစဉ်တိုင်းမှာလည်း ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖျက်သိမ်းရေးကို ထိပ်တန်းထားကြရပါလိမ့် မယ်။
်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးတည်တိုက်ရတဲ့တိုက်ပွဲဆိုတာဟာ လွယ်လွယ်မဟုတ်ဘူးဆိုတာလည်း မမေ့ဖို့ လိုပါတယ်။
ရဲဘော်ဖိုးသံချောင်း
၈၈ သို့ ဦးလှည့်ခြင်း
    ဗမာနိုင်ငံတွင် ကြံ့ဖွင့်အစိုးရလို့ ခေါ်တဲ့ တရားမဝင်
အစိုးရမှ စစ်အာဏာရှင်စနစ် ရေရှည် တည်တန့့် ခိုင်မာရေးနဲ့  ပြည်ထောင်စုသားများ သွေးကွဲပြိုပျက်ရေးမူကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံဖြင့် တိုင်းပြည်အာဏာကို အလွဲသုံးစားလုပ်နေ
ခြင်းကို အမြန်ဆုံး တားဆီးရန်လိုနေပြီဖြစ်တယ် ။
    ရှင်းလင်းသည့် အချက်များမှာ ကြံ့ဖွင့်အစိုးရ ဟုခေါ်သော တရားမဝင် အစိုးရဆိုသည်နှင့် ၄င်းတို့၏ လွတ်တော်ဆိုသည်ကို ဖျက်သိမ်းပစ်ပြီး လူထုအခြေပြု ကြားဖ်ြအစိုးရ တရပ်ကို အမြန်ုဆုံးဖွဲ့ စည်းရန်ပဲ ဖြစ်ပါတယ် ။
    ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆိုသည့် အချက်ဟာအရွေ့ မရှိတဲ့ဟန်ပြသက်သက် နိုင်ငံရေးဖြစ်စဉ်များနဲ့
နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျမ်းမာရေး ၊ လူမူရေး စသည့် နယ်ပယ်အသီးသီးတွင်လည်း အလွန်ကြောက်မက်ဖွယ်
ကောင်းသည့်အဆင့်သို့ အလျှင်အမြန် စိုက်ဆင်းနေမူ များကြောင့်ဖြစ်တယ်။ သို့ အတွက် မဟာဗျူဟာမြောက် အပြောင်းအရွေ့တခုကိုဖန်တီးရန် တိုင်းပြည်၏ ဘက်ပေါင်းစုံ အခြေအနေများက တောင်းဆိုနေပြီ ဖြစ်သောကြောင့် ပဲဖြစ်ပါတယ် ။
    ထိုအတွက် ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းပါဝင်သည့်  နိုင်ငံရေးအုံကြွမူကြီးတရပ် ဖြစ်ပေါ်ရန်
ဖော်ဆောင်ရန်ဖြစ်တယ် ၊ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်နေသည့် အခြေခံအချက်များမှာ ပြည်သူလူထု၏ ဆင်းရဲမွဲတေမူနှင့်လုံခြုံမူကင်းမဲ့သည့် နိုင်ငံသားများဘဝမှ လွတ်မြောက်ရေး ၊ ပြည်တွင်းစစ်မီး တောက်လောင်မူကို တားဆီးပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေး ဒီမိုကရေစီအခြေပြု နိုင်ငံရေးဝန်းကျင်တရပ် ဖော်ဆောင်နိုင်ရေး ၊ စစ်မှန်သည့်  ပြည်ထောင်စု တည်ဆောက်
နိုင်ရေး စသည့် အရေးကြီးအချက်အလက်များအပါအဝင် နိုင်ငံရေးပြဿနာ အရေးကိစ္စမှန်သမျှကို စားပွဲဝိုင်းဖြင့် ဖြေရှင်းနိုင်ရေးတို့ ပဲဖြစ်တယ် ။
    ကြံ့ဖွင့် အစိုးရအနေဖြင့်လည်း တိုင်းပြည်တခုလုံး ရင်ဆိုင်ကြုံတွေ့ နေရသော အခြေအနေနှင့် အကျပ်အတည်း အားလုံးကိုအမှန်တကယ် အပြုသဘောဆောင်ပြီး အကောင်းဆုံး ဖြေရှင်းလိုတယ်ဆိုရင်တော့ ဟန်ပြ နိုင်ငံရေးလှည့်ကွက်များ ခင်းကျင်းဖော်ဆောင်နေခြင်းများကို ရပ်တန့် ပြီးနောက် ၄င်းတို့ ၏ အစိုးရအဖွဲ့ နှင့် လွတ်တော်ဆိုသည်အား ဖျက်သိမ်း ပစ်လိုက်ခြင်းသာ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်ပေလိမ့်မယ် ။ ဘာကြောင့်ဆို ၄င်းတို့ ကိုင်စွဲထားသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေက တိုင်းပြည်တခုလုံးကို အမှောင်မိုက်ဆုံးသော အနေအထားသို့ ဆွဲချ သွားမည်ဖြစ်သောကြောင့်ပဲ ဖြစ်ပါတယ် ။
    ကြားဖြတ်အစိုးရဖွဲ့ စည်းရေးဆိုသည့်အချက်ဟာ ၈၈ခုနှစ် ပြည်သူတရပ်လုံး၏ အုံကြွမူကြီး ဖြစ်ပေါ်စဉ်ကပင် ကျောင်းသားများမှ အဓိကထားကြိုးပမ်းခဲ့ကြသည့် နိုင်ငံရေးအဆင့်တခုဖြစ်တယ် ၊ သို့သော်
လည်း ထိုစဉ်ခါက ကျောင်းသားများ ချဉ်းကပ်ထိတွေ့ ခဲ့သော နိုင်ငံရေး ဦးဆောင်မူ အခြေအနေရှိနေသည့် သူများ၏ ( အချိန်အခါနှင့်တပြေးညီ ) စေ့စပ် ညှိနိုင်း မရခဲ့မူကြောင့် စစ်တပ်မှပြန်လည် အာဏာသိမ်းယူမူ ကိုခံခဲ့ကြရပြီး ၊ ပြည်သူလူထု၏  တက်ကြွစွာ  ပူးပေါင်းပါဝင်မူနှင့်  တိုက်ပွဲဝင်ခဲ့မူသည်  ရေစုန်မျောခဲ့ရခြင်း
ဖြစ်တယ် ။
    ထို့ ကြောင့်လူထုတိုက်ပွဲဆိုသည်ကို စဉ်းစားဖော်ဆောင်ကြသည်နှင့်တပြိုင်နက် တိုက်ပွဲ၏ အဆုံးသတ်ဖြစ်စဉ် ( သို့ တည်းမဟုတ် ) ပြည်သူလူထု၏ မျော်လင့်ချက်ကို တာဝန်ခံမည့် အလုပ်ကို မည်သူက ဦးဆောင်မည်နည်း ၊ မည်သူတွေက ပါဝင်မည်နည်းဆိုသည်မှာ ထည့်သွင်းတွက်ချက်ထားရမည် တနည်းအားဖြင့်ဆိုသော် တာဝန်ယူမည့်သူများ ( သို့ ) အဖွဲ့ အစည်းများ အရံသင့်ရှိနေပြီးသားဖြစ်နေရန်
လိုအပ်ပေသည် ၊ ထိုသို့ မဟုတ်ပါက ပြည်သူများ၏ စတေးခံမူသည် အောင်ပွဲသို့ ဦးမတည်ပဲ စစ်အာဏာရှင်များလက်သို့ ပြန်လည် ဝကွက်အပ်သလိုပင်ဖြစ်နေမည်မှာမလွဲပေ။
    ယနေ့ အချိန်အခါဟာ တိုင်းပြည်အတွက်ကြားဖြတ်အစိုးရတရပ် ပေါ်ပေါက်ရေး ဆိုတာမှာ ပြည် တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရေး ၊ စစ်မှန်သည့် ပြည်ထောင်စုတခု ဖြစ်ပေါ်လာနိုင်ရေး နှင့် အဓိက  အကျဆုံးဖြစ်သည့်  ပြည်သူလူထု တရပ်လုံး၏ ဘဝများတည်ငြိမ်အေးချမ်းပြီး ၊ ဆင်းရဲမွဲတေမူ
နှင့်ဖိနှိပ်မူမျိုးစုံမှ လွတ်ကင်းရေးအတွက် မဖြစ်မနေ ဖော်ဆောင်ရမည့် မဟာဗျူဟာအဆင့် နိုင်ငံရေး တွက်ဆချက်တခုပဲဖြစ်တယ် ၊ အဘယ်ကြောင့်ဆိုသာ် ( အကြောင်းကြောင်းကြောင့် ) ရေစုန်မျောခဲ့ ပြီဖြစ်သည့် ၁၉၉ဝခု ရွေးကောက်ပွဲ ရလဒ်နှင့် အခြားဖက်တွင် စစ်အာဏာရှင်စနစ်ကိုအခြေခံသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံနှင့်အတူ ပြည်သူကို ကိုယ်စားမပြုသည့် အစိုးရဆိုသည်မှ တိုင်းပြည်တခုလုံးအား ဒုက္ခမျိုးစုံ ပေးနေသည်မှာ အလွန်ဆိုးဝါးလှသည့်အနေအထားကိုရောက်ရှိနေပြီဖြစ်သောကြောင့်ပင်ဖြစ်ပေတယ် ။
    သေချာသည့်အချက်များမှာ  မည်သို့ ပင်ဆိုစေကာမူ လွတ်တော်တွင်းမှ နေပြီး  တိုင်းပြည်ကို
ပြောင်းလဲရန်ကျိုးစားမည်ဆိုသည့်အချက်ဟာ တိုင်းပြည်နှင့်လူမျိုးကို ရောယောင် ဒုက္ခပေးနေသည့် အဖြစ်သို့ သက်ဆင်းလျက်ရှိနေပြီး ၊ အတိုက်အခံအင်အားစုများနှင့်တိုင်းရင်းသား အင်အားစုများဖက်မှ နိုင်ငံရေး ၊ စစ်ရေးတွင် ( စစ်ခေါင်းဆောင်များ နှင့် စစ်ဗိုလ်လူထွက်များ ) ကြောက်ရွံ့ လေးစားလောက်သည့် အနေအထားမရှိပါက မည်သည့် တွေ့ ဆုံဆွေးနွေးရေး ၊ မည်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုမှ မျော်လင့်ရန်မဖြစ်နိုင်ပေ ။
    ထိုသို့ သောအခြေအနေများကို ခိုင်မာစေသည့်အချက်များအဖြစ်  - ဖွဲ့ စည်းအုပ်ချုပ်ပုံအသစ်
နှင့်ရွေးကောက်ပွဲလုပ်ပြီး ဖြစ်ပေါ်လာသည့် အစိုးရအသစ်ဟု ဆိုသော်လည်း ၄င်းအချိန် မတိုင်မှီက စစ်အာဏာရူးများမှ မတရားဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန် လည်လွတ်ပေးခြင်းမပြုပဲ ဆက်လက်ဖမ်းဆီးထားခြင်း ၊ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီးအား အပြင်းအထန်ပြန်လည် တောက်လောင်ရန်ပြုလုပ်နေခြင်း ၊လူမျိုးတုံးသတ်ဖြတ်မူများနှင့် စစ်ရာဇဝတ်ပြစ်မူအမျိုး
မျိုးကို ကျူးလွန်နေခြင်း ၊သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသည့်အပြင် ပိုမိုဆိုးဝါးစွာ ပိတ်ပင်ချုပ်ချယ်လာခြင်း ၊လွတ်လပ်ပွင့်လင်းသည့် နိုင်ငံရေးဝန်းကျင်ဖြစ်ပေါ်မလာရန် ဥပဒေနှင့်အာဏာကို အလွဲသုံးစား ပြုမူများ ဆက်လက်တည်ရှိနေခြင်း ၊  ပြည်သူလူထု၏ သဘောဆန္ဒကိုလှစ်လျူရူပြီး မြေပေါ်မြေအောက် သယံဇာတ များကို ( စစ်အာဏာကြီးထွားရေးနှင့် ကိုယ်ကျိုးသက်သက် ) အလွဲသုံးစားပြုခြင်း ၊ ရောင်းချ အသုံးပြုခြင်းများ လုပ်နေသည့်အတွက် မြေပေါ်မြေအောက် အရင်းအမြစ်များ တဖြေးဖြေး ကုန်ခမ်းလာသည့် အန္တရာယ်ကိုရင်ဆိုင်နေရခြင်း ၊ ထို့ အပြင် သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မူ မရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်ပြားမူနှင့်အတူ ဂေဟဗေဒစနစ်များ ပျက်ဆီးမူကို  တွေ့ ကြုံနေရခြင်း ၊တရားဥပဒေကို အလွဲသုံးစားပြုမူ ၊ အာဏာကိုအလွဲသုံးစားပြုမူများ ဆက်လက်ပြုလုပ်နေသည့်အတွက် ပြည်သူတရပ်လုံးမှာ ဥပဒေ၏ စောင့်ရှောက်မူကို မခံစားရပဲ အကာအကွယ် မဲ့သည့် ဘဝသို့ ရောက်နေခြင်း ၊ပြည်သူလူထုအတွက် ညီမျှသည့် စီးပွားရေးအခွင့်အလမ်း ကင်းမဲ့မူကြောင့် ငတ်မွတ်ခေါင်း ပါးမူ ၊ ဆင်းရဲ မွဲတေမူပိုမို မြင့်မားလာကာ လူအဖွဲ့ အစည်းတွင်း ကိုယ်ကျင့်တရား ပျက်ပြားမူ အဆင့် ပိုမိုမြင့်တက်လာခြင်း စသည်ဖြင့် ထင်သာမြင်သာရှိသည့် အချက်အလက် များအပြင် အခြားတဖက်တွင်လည်း ၊ ကမ။ာ့ နိုင်ငံရေးကစားကွင်းထဲတွင် ပြည်တွင်းရေး ဆိုသည့်အကြောင်း ပြချက်တခုကို ထည်လဲအသုံးပြုရင်း လည်သလိုကြည့်လုပ်ဆိုသည့် နိုင်ငံခြားရေးမူဝါဒ များဖြင့် အရှက်အကြောက်မဲ့စွာ လိမ်လည်လှည့်ဖျားခြင်း အပေးအယူလုပ်ခြင်းများကို အဆက်မပြတ်ပြုနေပြီး ၄င်းတို့ အာဏာတည်မြဲရေးဆိုသည့် ရေတိုအမြင်ဖြင့်သာ အရာရာကိုချဉ်းကပ် အကောင်အထည် ဖော်နေကြသလို ၊ ပထဝီနိုင်ငံရေးအရ နိုင်ငံတကာ၏ အပြောင်းအရွေ့ များကို လှစ်လျူရူ ထားပြီး ၊ ကျောထောက် နောက်ခံရရေးကိုသာ အားစိုက်နေသည့် အတွက် တရုတ်နိုင်ငံ၏ ( စနစ်တကျ ပြုလုပ်နေသည့် ) လူမျိုးရေး ကျူးကျော်မူ ၊ လက်သိပ်ထိုး ခံနေရသည့် နိုင်ငံရေးသြဇာလွမ်းမိုး စွက်ဖက်မူ ၊ စီးပွားရေးအရ အမြတ်ထုတ်မူ ၊ စစ်ရေးရည်မှန်းချက် ဖြင့် ပြုလုပ်နေသည့်( သိသာထင်ရှားသည့် စစ်ရေးအခြေစိုက်စခန်းများအပြင် ) တည်ဆောက်ရေးလုပ်ငန်းများ ( ဆည်မြောင်းများ အပါအဝင် ) အား လုပ်ဆောင်နေခြင်းကို ခံနေရသည်မှာ ဒေသတွင်း သြဇာ လွမ်းမိုးနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ( အဓိက တရုတ်နှင့် အိန္ဒယအကြား အားပြိုင်မူ ) အပါအဝင် အခြားသောကမ။ာ့ အင်အားကြီး နိုင်ငံများအကြား နိုင်ငံရေး ၊ စစ်ရေး အားပြိုင်မူ အတွက် တိုင်းပြည်တခုလုံးနှင့် ပြည်သူလူထုမှာ လူမသိသူမသိနှင့်မြေဇာပင်
ဘဝသို့ တဖြေးဖြေး တရွေ့ ရွေ့ ပြောင်းလဲသွားနေခြင်း မှာ အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် အနာဂါတ်ပင် ဖြစ်ပါတယ် ။
ကြံ့ဖွင့်အစိုးရဟာ ( လက်တဆုပ်စာ စစ်အာဏာရူးတစုရဲ့ ကြိုးဆွဲအဖွဲ့ ဖြစ်နေလို့ ) ဘယ်လိုမှ အကောင်အထည်
ဖော်မှာ မဟုတ်သလို ၊ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေဟာ ( စီးပွားရေး ၊ ကျမ်းမာရေး ၊ ပညာရေး ၊ လူမူရေး စသဖြင့် နယ်ပယ်အသီးသီးမှာ ) တနေ့ ထက်တနေ့ ပိုမို ဆိုးရွားတဲ့ အဆင့်ကို အသွားနူန်း မြန်မြန်နဲ့ ရွေ့ ရှားနေပြီဖြစ်တဲ့ အတွက် ကြားဖြတ်အစိုးရတရပ်ကိုဖွဲ့ စည်းသင့်တာဟာ မဖြစ်မနေဖြတ်သန်းရမဲ့  နိုင်ငံရေးလိုအပ်ချက်ဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်လာအောင် စည်းရုံးရှင်းလင်းမူကို အလေးအနက်ထားပြီး လုပ်ဆောင်သင့်ပါတယ် ၊
    ဘာကြောင့်ဆို စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုနေကျတဲ့ စစ်ခေါင်းဆောင် အာဏာရူးတွေက လိမ်လည် သိမ်းသွင်းထားမူတွေရဲ့ အကျိုးဆက်ကြောင့်တိုင်းပြည်နဲ့  လူမျိုးကို ကာကွယ် စောင့်ရှောက်ရမဲ့ အမျိုးသား စစ်တပ်ကနေပြီး ၊ အသွင်ပြောင်း ကြေးစားစစ်တပ်အသွင်ကိုရောက်နေလို့ ဖြစ်ပါတယ် ။
    ကြားဖြတ်အစိုးရတရပ်ဘာကြောင့်လိုသလဲဆိုတာ အလုံးစုံသော အခြေအနေတွေက တောင်းဆိုနေပါပြီ ၊ ဒီနေရာမှာ ဘယ်လိုလူတွေနဲ့ ဖွဲ့စည်းသင့်သလဲဆိုတာတော့ပုဂ္ဂိုလ်နာမည်တွေနဲ့ စဉ်းစားတာထက်အခြေခံကျတဲ့ ( ရပ်တည်ချက် )အချက်တွေပေါ်ကို မူတည်စဉ်းစားတာပိုကောင်းမယ် လို့ ထင်ပါတယ် ။
    ဥပမာ - ဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံမူရှိခြင်း ၊ သမာသမတ်  စိတ်ဓါတ်ရှိခြင်း ၊ (နိုင်ငံရေး ၊လူမျိုးရေး ၊ ဘာသာရေးအရ ) အစွန်းရောက်သည့် သဘောထားမရှိခြင်း ၊ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း စစ်မှန်သည့် တိုင်းပြည်အပြောင်းအလဲကို ရိုးသားစွာ လိုလားစိတ်ရှိခြင်း ၊ ထိုလုပ်ငန်းအတွက် အရည်အချင်းရှိခြင်း ၊ အများမှ အသိအမှတ်ပြု လက်ခံသူဖြစ်ခြင်း စသဖြင့်သတ်မှတ်ချက်ထားနိုင်ပါတယ် ။
    အတိုက်အခံနိုင်ငံရေးပါတီများ အဖွဲ့ အစည်းများကသူတွေတင်မကပဲ ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ ၊ စစ်တပ်တွင်းမှ တိုးတက်သည့်အမြင်ရှိသူများအပါ အဝင် အခြေခံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူများ ( မည်သူ့ ကိုမဆို ) ထည့်သွင်း စဉ်းစားနိုင်ပါတယ် ၊ ဘာကြောင့်ဆို အတိုက်အခံလို့ ပြောနေတဲ့  ဒီမိုကရေစီ အင်အားစုတရပ်ထဲကနေပြီး  တိုင်းပြည်  အပြောင်းအလဲ ဖြစ်အောင် ဖန်တီးနိုင်တဲ့
အနေအထားမရှိဘူးဆိုတာကို မေ့လျော့ထားဖို့ မဖြစ်နိုင်လို့ ပါပဲ ၊ အချိန်အခါသဘောကတော့ မြန်မြန်ဖွဲ့ စည်းနိုင်လေ ပြည်သူနဲ့ တိုင်းပြည်အတွက်ရင်ဆိုင်ကြုံ တွေ့ နေရတဲ့ ဘဝရဲ့ ခါးသီးနာကျင်မူတွေက မြန်မြန် လွတ်ကင်းလေ ဆိုတာပါပဲ ။
     သက်ထွန်း
     25.7.2011
Saturday, July 9, 2011
ဇူလိုင်တစ္ဆေအား ဦးညွတ်ခြင်း
 ကျောင်းသားလူငယ်များဟာ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ကို ကိုယ်စားပြုထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသား လူငယ်များရဲ့ ဘဝဟာလည်း တိုင်းပြည်ရဲ့အနာဂတ်ဘဝပါပဲ။ ဒီအဆိုဟာ ဘယ်တော့မှ ပြောင်းလဲမယ့်အဆို မဟုတ်ပါဘူး။ ဒါကြောင့်မို့ လူငယ်များရဲ့အခွင့်အလမ်းတွေကို ပိတ်ပင်ခြင်း၊ လူငယ်များရဲ့ဘဝကို ဖျက်ဆီးပစ်ခြင်းများဟာ အနာဂတ်တိုင်းပြည်ကို ကြိုတင် ဖျက်ဆီးခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီကောက်ချက် မှားယွင်းမှုမရှိဘူးဆိုရင်တော့ အရှေ့တောင်အာရှနိုင်ငံများမှာ ဒုတိယအကြီးမားဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပျက်စီးနေတဲ့ အနာဂတ်တစ်ခုကို ပွေ့ပိုက်ထားနေရပါပြီ။
      ကမ္ဘာပေါ်က နိုင်ငံများမှာ ကျောင်းသားအရွယ်လူငယ်များရဲ့ အခန်းကဏ္ဍက သူ့နိုင်ငံ၊ သူ့ဒေသအလျောက် အရေးပါမှု ရှိကြမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက ကျောင်းသားလူငယ်များရဲ့ အခန်းကဏ္ဍနဲ့တော့ ကွဲပြားတဲ့ အနေအထားတွေ ရှိနေနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလူငယ်များဟာ ရာစုနှစ် တစ်ခုလောက်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရေး သမိုင်းကာလရှည်ကြီးတလျှောက်လုံး ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။
      ဇူလိုင်လဟာ မြန်မာနိုင်ငံအတွက် မိုးရာသီအတွင်းက လတစ်လဖြစ်ပါတယ်။ မိုးရာသီဖြစ်တာကြောင့် ဝန်းကျင်တစ်ခုလုံး အေးမြသာယာမယ်လို့ ယေဘုယျ ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလထဲမှာပဲ သမိုင်းနဲ့ချီတဲ့ စိတ်ပူပင်သောကရောက်စရာ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီလအတွင်းက တချို့သော ရက်တွေဟာ အတိတ်ရဲ့ ခြောက်လှန့်ခြင်းတွေကို ယနေ့ထက်ထိ ခံစားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ ဆိုပါစို့၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ကိုလိုနီနယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ရှေ့ဆုံးက ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို လွန်ခဲ့တဲ့ ၅၅ နှစ်က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိခါနီးမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဆိုးက မေ့ဖျောက်လို့မရတဲ့  အကြောင်းအရာတစ်ရပ်ပါ။
      နောက်တစ်ရက်ကတော့ ‘ဆဲဗင်းဂျူလိုင် လို့ခေါ်တဲ့ ဇူလိုင်လ ၇ ရက်နေ့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က တိုင်းပြည်ရဲ့ အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တွေ သွေးမြေကျခဲ့ရတဲ့ နေ့ရက်တစ်ရက်ဖြစ်သလို ဇူလိုင်လ ၇ ရက်နေ့ကလည်း အာဏာရှင်စနစ်အောက် မြန်မာနိုင်ငံမှာ ကျောင်းသားများ စတင်သွေးမြေကျခဲ့ရတဲ့နေ့ပါပဲ။ ဒီလို တူညီတဲ့ဖြစ်ပျက်မှု ပုံစံတွေရှိနေပေမယ့် တချိန်တည်းမှာပဲ ကွဲပြားတဲ့အချက် ရှိနေပါတယ်။ အဲဒါကတော့ ဇူလိုင်လ ၁၉  ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခွင့်ရပေမယ့် ဇူလိုင်လ ၇ ရက်နေ့နဲ့ ပတ်သက်တဲ့အကြောင်းအရာများကိုတော့ အမှောင်ချပိတ်ဆို့ထားခြင်း ဖြစ်ပါတယ်။
      ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁ဝ နှစ်အကြာမှာ စစ်အုပ်ချုပ်ရေးရဲ့အောက်ကို ရောက်ရှိခဲ့ရပါတယ်။ အခြေတည်စ ပါလီမန်ဒီမိုကရေစီစနစ်ဟာလည်း အဲဒီအချိန်မှာပဲ နိဂုံးချုပ်သွားခဲ့ရပါတယ်။ တနည်းအားဖြင့် ကိုလိုနီအစိုးရအောက်က လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ ကိုယ့်လူမျိုး အာဏာရှင်များအောက်မှာ လွတ်လပ်ရေး ဆုံးပါးသွားခဲ့ရခြင်းပါပဲ။
      မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနည်းစနစ်တွေထဲမှာ မှားယွင်းတဲ့၊ အားနည်းတဲ့အချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေးရရှိပြီး မကြာခင်မှာ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ် ယိုယွင်းတဲ့တိုင်းပြည်မှာ အခြားသောစနစ်များလည်း ယိုယွင်းလာမှာပါပဲ။ ဒါကြောင့် ပညာရေးစနစ်ဟာလည်း အခြားသော စနစ်များနည်းတူ ယိုယွင်းလာခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားသမဂ္ဂရဲ့ သြဇာအာဏာ ကျဆင်းလာခဲ့ခြင်း ဖြစ်ပါတယ်။
      ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတည်ရှိခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဆောက်အအုံကြီးဟာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြစဉ်က ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့တဲ့ နေရာဌာနကြီးဖြစ်သလို အာဏာပိုင်တွေနဲ့ အခွင့်အရေးပိုင်းဆိုင်ရာ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ ပြုလုပ်တဲ့အခါမှာ တစုံတရာ အရှိန်အဝါရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာတော့ ကိုလိုနီအစိုးရလက်အောက်မှာ ရရှိခဲ့တဲ့အခွင့်အရေးတွေတောင် အပြည့်အဝ မရရှိတော့ပါဘူး။
      အထူးသဖြင့် ‘တော်လှန်ရေးကောင်စီလို့ အမည်ပေးထားတဲ့ စစ်အစိုးရက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ တွေ့မြင်လာရပါတော့တယ်။ စစ်အစိုးရဟာ အာဏာသိမ်းပြီး မကြာခင်မှာပဲ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဆရာတွေ အကျင့်ပျက်တယ်၊ ကျောင်းသားတွေမှာ နိုင်ငံရေးပယောဂတွေ ဝင်နေတယ် စတဲ့ စွပ်စွဲချက်တွေပါပဲ။ တကယ်ကျတော့ ဒီလိုအသုံးအနှုန်းမျိုးနဲ့ပဲ အာဏာရှင် အုပ်ချုပ်ရေးသက်တမ်းတလျှောက်မှာ အတတ်ပညာရှင်တွေ၊ လူငယ်ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့တာပါ။
      ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က ပညာရေးစနစ်ဟာ သိသိသာသာ ဆိုးရွားလာတဲ့အနေအထားကို ရောက်ရှိလာတာကြောင့် တကသ အနေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးတာနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေက အဲဒီဆန္ဒပြပွဲကို ရက်ရက်စက်စက်ဖြိုခွဲခဲ့ပါတယ်။ ဘယ်လောက်ထိအောင် ရက်စက်ခဲ့သလဲဆိုရင် မြန်မာပြည်စစ်မြေပြင်မှာ တစ်ခါမှ အသုံးမပြုဖူးသေးတဲ့ မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။
      ဒီဖြိုခွဲခဲ့မှုကြောင့် ကျောင်းသား ၁၇ ဦး သေဆုံးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းသေဆုံးသွားတဲ့ ကျောင်းသားပေါင်း ၁ဝဝ ကျော်တယ်လို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူများက ဆိုပါတယ်။ အာဏာပိုင်တွေဟာ သူတို့ကို အံတုလာသူ ဘယ်သူ့ကိုမဆို မျက်နှာသာမပေးဘူးဆိုတာကို ပြသ လိုပုံရပါတယ်။ နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်အစောကြီးမှာပဲ လွတ်လပ်ရေးလှုပ်ရှားမှုတလျှောက်လုံး အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲပစ်လိုက်ပါတော့တယ်။ ဒါ့အပြင် အဲဒီအချိန်က အမြင့်ဆုံးအာဏာရှိတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက “ကျနော်တို့အလုပ်ပျက်အောင် တမင်တကာလုပ်နေကြတာဆိုရင် ကျနော် နောက်ထပ်ဘာမှမပြောလိုတော့ဘူး။ အနည်းဆုံး ဓားကိုဓားနဲ့ လှံကိုလှံနဲ့ ‘Face to Face’ ရင်ဆိုင်ဖို့ပဲ ရှိပါတယ်လို့ ရေဒီယိုကနေ ပြောဆိုခဲ့ပါသေးတယ်။
      ဖြိုချဖျက်ဆီးခြင်းခံလိုက်ရတဲ့ တကသ အဆောက်အဦးမြေကွက်လပ်မှာ ကျောင်းသားများက ယာယီ ကျောင်းသားသမဂ္ဂအဖြစ် တဲထိုးခဲ့ပေမယ့် မကြာခင်မှာပဲ ဖျက်ဆီးခြင်း ခံလိုက်ရပြန်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ဟာ ကျောင်းသားလူငယ်များကို တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်များဖြစ်တယ် ဆိုတဲ့ ယူဆချက်မျိုးမရှိကြဘဲ သူတို့တွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်မယ့်သူတွေလို့ယူဆရင်း ရန်သူတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်ပေါ်ပေါက်ဖို့ ခွင့်မပြုခဲ့သလို၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားခွင့်များကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ဒီလို အခွင့်အရေးများဆုံးပါးခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ရှိခဲ့ရာနေရာဟာ ယခုထက်တိုင် မြေကွက်လပ်ကြီးတစ်ခုအဖြစ် တည်ရှိနေဆဲပါ။
      ဘယ်သူမဆို မိမိလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တစ်ခုဟာ မမှန်ကန်ခဲ့ဘူးဆိုရင် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အမြဲစိုးရိမ်ထိတ်လန့် နေတတ်ပါတယ်။ မြန်မာနိုင်ငံက အာဏာရှင်များကလည်း ဒီအတိုင်းပါပဲ။ ဇူလိုင်လ ၇ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အတိတ်ဖြစ်ရပ်ဟာ သူတို့ကို တစ္ဆေခြောက်သလို အမြဲတမ်းခြောက်လှန့်နေခဲ့ပါတယ်။ သူတို့ရဲ့ ကြောက်ရွံ့မှုက ကြီးမားလွန်းတော့ ဇူလိုင်လ ၇ ရက်နေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ပြန်လည် ပြောဆိုသူတွေ၊ ပြန်လည်ဖော်ထုတ်သူတွေဆိုရင် မညှာမတာနှိပ်ကွပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ၁၉၇၈ ခုနှစ်မှာ ‘အရေးတော်ပုံသမိုင်း ဆိုတဲ့အမည်နဲ့ ဇူလိုင် ၇ ရက်နေ့အရေးအခင်းအကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေခဲ့လို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတွေအပါအဝင် ကျောင်းသား ၅ဝ ကျော် အဖမ်းခံခဲ့ကြရပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုဖို့ကြိုးစားခဲ့သူ ကိုအောင်ထွန်းလည်း နအဖ စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ‘နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလို့ သူတို့ကိုယ်သူတို့ အမည်မှည့်ခေါ်ထားတဲ့ စစ်အစိုးရက ကိုအောင်ထွန်းကို  ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပါတယ်။
      အများသိကြတဲ့အတိုင်း ကျောင်းသားလှုပ်ရှားမှုများက စတင်ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို အာဏာပိုင်တွေက ရက်ရက်စက်စက် ဖြိုခွဲခဲ့တာကြောင့် ကျောင်းသားအများစုအပါအဝင် ပြည်သူလူထု ထောင်ချီအောင် သေဆုံးခဲ့ရပါတယ်။ အရေးတော်ပုံကာလအတွင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ တကသအဆောက်အအုံနေရာဖြစ်တဲ့ မြေကွက်လပ်ကြီးမှာ ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ စုဝေးပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်ကတော့ ၁၉၈၉ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ၂၀၀၄ ခုနှစ်အထိ မြန်မာစစ်အစိုးရရဲ့ နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသလို အခုလည်း ထပ်မံ အကျဉ်းကျခံနေရဆဲပါပဲ။
      ဒါတွေဟာ လွန်ခဲ့တဲ့ ၄၉ နှစ် အကြာက ဇူလိုင်လ ၇ ရက်နေ့ အရေးအခင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာရှင်အုပ်စိုးသူများက သူတို့ရဲ့ အမူအကျင့်အတိုင်း ကျောင်းသားလူငယ်များကို ဖိနှိပ်သလို ကျောင်းသားလူငယ်များကလည်း သူတို့ရဲ့အစဉ်အလာအတိုင်း ကြံ့ကြံ့ခံတော်လှန်ဆဲဖြစ်တာကို မျက်ဝါးထင်ထင် တွေ့မြင်ရတာပါပဲ။ တော်လှန်ရေးတစ်ရပ်ကို အလွယ်တကူ ဖျောက်ဖျက်ပစ်လို့မရဘူးဆိုတဲ့အချက်ကိုပါ သတိပြုမိစေပါလိမ့်မယ်။
      ဖိနှိပ်ခံကျောင်းသားခေါင်းဆောင်များဟာ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့စိတ်ဓာတ်တွေကို နောက်လူငယ် ကျောင်းသားများကို အသိလက်ဆင့်ကမ်းခဲ့တာကြောင့် တော်လှန်ရေးမျိုးဆက် ပြတ်တောက်သွားခြင်းမရှိဘဲ အာဏာရှင်များကို အမြဲတမ်း တော်လှန်နေကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ အခမ်းအနားတွေ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်ဖို့ အခွင့်အရေးမရကြပေမယ့် အတိတ်က အမှတ်ရစရာဖြစ်ရပ်တွေရှိခဲ့တဲ့ နေ့ရက်တွေကိုရောက်တိုင်း ရောက်ရာအရပ်မှာ လက်လှမ်းမီရာ စုဝေးရင်း တော်လှန်ရေးစိတ်ဓာတ် မပျောက်ပျက်အောင်မွေးမြူတဲ့ အထိမ်းအမှတ်ပွဲကလေးတွေတော့ လုပ်ဆောင်လေ့ရှိပါတယ်။ အနည်းဆုံး ကဗျာရွတ်ဆိုပွဲ ကလေးတွေ၊ စကားဝိုင်းကလေးတွေကို လုပ်ဆောင်တတ်ကြပါတယ်။
      တကယ်တော့ ဒါတွေဟာ အာဏာပိုင်တွေ ကြောက်ရွံ့တဲ့ လုပ်ဆောင်မှုတွေဖြစ်သလို လုပ်ဆောင်သူတွေအတွက် တစုံတရာအန္တရာယ်ရှိတဲ့ လုပ်ရပ်တွေလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အပေါ် စေတနာမှန်ကန်မှု မရှိတဲ့ အုပ်စိုးသူတွေအဖို့တော့ ဇူလိုင်တစ္ဆေက အမြဲတမ်း ခြောက်လှန့်နေမှာပါပဲ။  ။
 ထိန်လင်း