Wednesday, October 5, 2011
ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်
ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။
၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ % ဖြစ်နေတော့ အင်မတန် တန်ဖိုးကြီးမားတာကြောင့် တရုတ်က ဒီကိစ္စမှာ နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ လောင်စာ စွမ်းအင် စပြတ်တာနဲ့ တရုတ်စီးပွားရေး ပျက်စီးရာက အစပြုပြီး လူထုအုံကြွမှုတွေ ဆင့်ကဲဆင့်ကဲ ကြီးထွား ပေါက်ကွဲလာတဲ့အခါ တရုတ်တပြည်လုံး ပြိုကွဲသွားနိုင်လို့ ဖြစ်ပါတယ်။
၂ဝ၁၉ မှာ ပြီးမယ်ဆိုတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာကို တရုတ်က သူတို့ကိုယ်တိုင်တည်ဆောက်၊ သူတို့ကိုယ်တိုင် ကိုင်တွယ်မောင်းနှင်ပြီး နှစ် ၃ဝ ပြည့်ပြီးရင် မြန်မာနိုင်ငံကို လွှဲပြောင်းဖို့ (BOT agreement – Build, Operate, Transfer) စာချုပ်မှာ ရှိပါတယ်။ ရေနံနဲ့ ဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းနိုင်ဖို့က သိပ်အဓိကကျတာကြောင့် မြစ်ဆုံဆည် စီမံကိန်းမပြီးခင် တည်ဆောက်ဆဲကာလမှာ ဆည်တည်ဆောက်တာကို ကာကွယ်ဖို့ဆိုပြီး တရုတ် စစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ ကျူးကျော် ဝင်ရောက်လာနိုင်ပါတယ်။ လိမ်လည်လှည့်ဖျားမှုတွေနဲ့ ဟန်ဆောင်လို့ မရရင်တော့ ဗြောင်ကျကျ ဝင်ရောက် မလာဘူးလို့လည်း မပြောနိုင်ပါ။ တရုတ်ကျူးကျော်ဖို့ မြန်ဆန်သွားအောင် နေပြည်တော်ဘက်မှာဆို လေယာဉ် ဆင်းတက်လို့ရတဲ့ ကားလမ်းကျယ်ကြီးတွေကလည်း အဆင်သင့် ရှိနေသလို ဖြစ်သွားပါတယ်။
အိန္ဒိယသမုဒ္ဒရာဘက်က တရုတ်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်နိုင်ဖို့ အကြောင်းပြုပြီး တရုတ်ရေတပ် အခြေခံစခန်းတွေ တည်ဆောက်နိုင်အောင် ခြေကုပ်စခန်းတွေကို တရုတ်က လိုက်ရှာပါတယ်။ အနည်းဆုံး ပစ်မှတ် ၂ ခုဟာ မြန်မာနဲ့ ပါကစ္စတန်တို့ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံလည်း တချိန်ချိန်မှာ ဖြစ်လာနိုင်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်က ခြေကုပ်ရပြီးသွားရင် တနိုင်ငံလုံးဟာ တရုတ်လက်အောက်ခံအဖြစ် သိမ်းသွင်းခံရဖို့ပဲ ရှိပါတော့တယ်။ ဒုတိယတိဗက်လို ဖြစ်လာပါမယ်။ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံကို စစ်တပ်နဲ့ ကျူးကျော် ဝင်ရောက်လာပြီးရင် ဘယ်လိုပဲ ရွှန်းရွှန်းဝေအောင်ပြောလည်း ဒါဟာ ကျူးကျော်သိမ်းပိုက်တာဖြစ်ပြီး ပြန်လည်ခုခံ တိုက်ခိုက်မောင်းထုတ်တာ မလုပ်နိုင်သရွေ့ ပြန်ထွက်သွားမှာ မဟုတ်ပါဘူး။ ချက်ကိုစလိုဇက်ကီးယားနိုင်ငံကို ဆိုဗီယက်ရုရှားက ၂၁ နှစ်ကြာအောင် ဝင်သိမ်းထားတဲ့ နမူနာ ရှိခဲ့ပါတယ်။ တရုတ်ကလည်း တိဗက်နဲ့ ဝီဂါ (ဝါ) အွီဂါ (Uyghur) ကို ကနေ့ထိ ကျူးကျော်သိမ်းပိုက်ထားပါတယ်။
၂၁ ရာစုနှစ် တရုတ်ကျူးကျော်မှုက မြန်မာနိုင်ငံမှာတင် ရပ်သွားမှာ မဟုတ်ဘဲ ကျန်တဲ့ အာဆီယံနိုင်ငံ အားလုံးကို ခြိမ်းခြောက်လွှမ်းမိုးပြီး နောက်ထပ် ကျူးကျော်ဖို့ ရှိလာနိုင်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ Spratly ကျွန်းစုကို သိမ်းပိုက် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲက ကျွန်းငယ်ပေါင်း ၄၅ ကျွန်းလောက်ရှိတဲ့ Spratly ကျွန်းစုဟာ ရေနံနဲ့ ဂက်စ်တွေ အမြောက်အမြား ထွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်တို့က ဒီကျွန်းစုကို ပိုင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် အငြင်းပွားနေပါတယ်။ ဒါကို အင်အားသုံး ဖြေရှင်းမှ ရနိုင်မယ်လို့ တရုတ်က တွက်ဆထားပါတယ်။ 
ဒါဟာ တရုတ်ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ မဟာဗျူဟာ အကြမ်းထည်ပါ။ အိန္ဒိယနိုင်ငံကို ကြားညှပ်မယ့် တောင်အာရှ မဟာဗျူဟာနဲ့ တောင်-မြောက် ကိုးရီးယားကျွန်းဆွယ်တခုလုံးကို သိမ်းပိုက်မယ့် အရှေ့မြောက် မဟာဗျူဟာတို့ကလည်း အသီးသီး ရှိပြီးသား ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ နှစ် ၅ဝ ကနေ နှစ် ၁ဝဝ နှစ်ရှည် စီမံကိန်းတွေအတွက် မဟာဗျူဟာ ထားရှိ လုပ်ဆောင်လေ့ရှိပါတယ်။ လက်ရှိတရုတ်ဟာ အခုဆိုရင် မှန်းထားတာထက် ပိုမိုမြန်ဆန်ပြီး ချမ်းသာလာလို့  အရှိန် ပိုကောင်းလာနေပါတယ်။
တရုတ်ဟာ ၂၁ ရာစု မဟာအင်အားကြီးနိုင်ငံဖြစ်ဖို့ ရည်မှန်းချက်အတွက် နယ်မြေချဲ့ထွင်သိမ်းပိုက်နိုင်ရေးမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် သူတို့ အကုန်အကျခံ လက်သပ်မွေးထားတဲ့ မြန်မာပြည်ကနေ စတင်ခြေလှမ်းတော့မှာ ဖြစ်ပါတယ်။ သိပ်လိုအပ်လာရင် ဒီထက်မက မြန်မြန်ဆန်ဆန်လုပ်ဖို့ ရှိလာနိုင်ပါတယ်။ လုပ်ပြီဆိုရင်လည်း တရုတ် ကွန်မြူနစ်ပါတီဟာ ဘာမှဂရုစိုက်မှာ မဟုတ်ပါ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှာ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့အကျင့်၊ ဗြောင်လိမ်တဲ့အကျင့်၊ အနိုင်ကျင့်လိုတဲ့အကျင့်၊ ခိုးကြောင်ခိုးဝှက်လုပ်တဲ့အကျင့်၊ ကျေးဇူးကန်းတဲ့ အကျင့်၊ ဂုဏ်သိက္ခာမဲ့တာကို မရှက်မကြောက်တဲ့အကျင့်၊ ဝန်မခံဘဲ ဆင်ခြေဆင်လက် အလွန်များတဲ့အကျင့်၊ လူမိုက်မွေးတဲ့အကျင့် စတဲ့ မကောင်းတဲ့ အကျင့်ပေါင်းစုံ ရှိနေတာ တကမ္ဘာလုံး သိနေကြပါတယ်။ ဒီလိုရမ်းကား လာနေတာကို တကမ္ဘာလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ရမယ့်အဖြစ်ပါ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ စိုပြေအောင် တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေချိန် အခြားတဘက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ သူ့လိုဘကို ဖြည့်ဆည်းဖို့ ကမ္ဘာကြီးကို ဖျက်ဆီးနေပါတယ်။
တနေ့က Facebook မှာ မိတ်ဆွေတဦးက အိုင်းစတိုင်းရဲ့ ကိုးကားချက်တခုကို ဖော်ပြလာပါတယ်။
The world will not be destroyed by those who do evil, 
but by those who watch them without doing anything.
Elbert Einstein
လူဆိုးလူရမ်းကားတွေကြောင့် ကမ္ဘာကြီးက ပျက်ဆီးမှာ မဟုတ်ပါဘူး။
သူတို့ရမ်းကားနေတာကို ဘာမှဝင်မတား၊ မနှိပ်ကွပ်ဘဲ ကြည့်နေသူတွေကြောင့်သာ 
ကမ္ဘာကြီး ပျက်စီးရပါလိမ့်မယ်။
ကျနော်တို့ဟာ ကမ္ဘာကြီးပျက်သွားမှ လိုက်ပြင်ရမယ့်အစား လူရမ်းကားတွေ ကမ္ဘာကို မဖျက်ဆီးခင် သူတို့ကို တားမြစ်နှိပ်ကွပ်တာက ပိုပြီး လွယ်ကူသက်သာပါလိမ့်မယ်။ 
ကဲ.. ကျနော်တို့ ဒီလူရမ်းကားတွေကို ဘယ်လို တားဆီးနိုင်ကြမလဲ။
လွင်အောင်စိုး
၎-၁ဝ-၂ဝ၁၁
Thursday, August 4, 2011
ဧရာဝတီကို ကာကွယ်ကြစို့
(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီး တစ်စင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ်ခိုလှုံရခြင်းပါ၊ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်၊ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ်ပျက်ဆီးကြရတာပါ၊ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီးတွေအများကြီး ရှိခဲ့ပါတယ်၊ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီး တစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ် ကြီး (Yellow River) ပဲဖြစ်ပါတယ်၊
တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲတောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ၊ တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှုတို့မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်၊ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျိုညှစ် အနိုင်ကျင့်ခံရမှုတွေ နဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီး ဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့၊ ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ်ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခုအဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများ နဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ၊
ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေအလုံအလောက်ရပြီး စီးပွါးရေးပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေ နဲ့ အလိုတော်ရိစီးပွါးရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီးကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုး ဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှုထက်အဆပေါင်းများစွာ နိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ၊ ဧရာဝတီ ကို မြစ်ဝါမြစ် လိုဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အ ရေးတကြီး လိုအပ်နေပါပြီ၊
(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကို ဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ၊ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကို တားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်၊ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာတာ (Dam) နဲ့ဟန့်တား၊ မြစ်ထဲက ရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေးမှာ ကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်၊ ဒီမြစ်ဆုံဆည်ကရမည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ၊ ရေကာတာမှာ ရေတံခါးကြီးများရှိပါတယ်၊ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ်ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ၊ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ၊ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည်စီမံကိန်းတခုရဲ့ ယေဘူယျလုပ်ငန်းစဉ်ပါ၊
ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်၊ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေအားလျှပ်စစ် ကီလိုဝတ် ၃သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့်ထားတာမို့ ဆည်ကြီးရဲ့ အလျား နဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်၊ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်၊ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာ အကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်၊ ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ၊ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက်သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများအမွန်အမြတ်တန်ဘိုးထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဘွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ၊ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ၊
(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်၊
(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ၊ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ၊ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီးဆင်းနိုင်မှာပါ၊
(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ၊ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်၊ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာမဟုတ်ပါ၊
(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာဖြစ်ပါတယ်၊ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်၊ ဒါပေမည့် ရေတွေက ညစ်ပါတ် ပြီး မသန့်ရှင်းတော့ပါ၊
(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန် တွေ အတွက် ရောဂါဘယတွေ ရစေပါတယ်၊ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွါးများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်၊
(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်း တလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန်တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ၊ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက်မှာမဟုတ်တော့ပါ၊ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်၊
(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်းသွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်၊ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင်သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်၊
(ဆ) မြစ်ရေပမာဏ နဲ့ ရေစီးကို ဆည်ကြီး က ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေ များနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ၊ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ်သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေ များ မိုးရာသီကလွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာမဟုတ်တော့ပါ၊
(ဈ) ရေစီးနှေးပြီး ရေပမာဏနဲ သွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက်တောတွေ ပျက်စီး ကုန်ပါလိမ့်မယ်၊ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ်လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများးလာပါလိမ့်မယ်၊ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသ ကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့်မယ်၊
(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာထတ် အဆမတန်ပိုများလာတတ်ပါတယ်၊ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည်ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်၊ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်၊ မြစ်ထဲမှာလဲ ကမ်းပြိုထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်၊ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ၊
(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ၊ အဲဒီအချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီးဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်၊ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့်အချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွါးကို အကြီးအကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်၊
အထက်မှာ တင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါး သစ်ပင်များ၊ ပန်းများ၊ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာ ကို စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ၊ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ် ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်၊ တရုတ်အစိုးရ နဲ့ပူးပေါင်းပြီး မြန်မာ ပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်၊ တကယ်တော့ သူတို့တွေ လဲ မျိုးရိုးစဉ်ဆက် ဧရာဝတီ နဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ၊ ဧရာဝတီ ဟာကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်၊ ဧရာဝတီ ရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်၊
(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာကြတာကတော့ "ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နဲ့ပပျောက်ရေး" ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအကျယ်ပြုလုပ်နေကြတာပါ၊ ဦးသိန်းစိန် ရဲ့ စီးပွါးရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ခုနှစ် မေလ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ "ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ" မှာ "မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ" ဆိုတဲ့ စာတမ်းတစောင်တင်သွင်းခဲ့ပါတယ်၊ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဏကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်၊ သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာကဏ္ဏကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဏ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ်သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေ ကို ပြင်ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်၊ အခြား စီးပွါးရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေးကြပါတယ်၊ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ၊
ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးဖြစ်တဲ့ လယ်ယာကဏ္ဏကို မြှင့်တင်ရမယ်၊ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်၊ လယ်သမားတွေ အတွက်အကျိုးစီးပွါးတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်၊ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ၊ ကျနော်က ဆရာ ဦးမြင့်လို စီးပွါးရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ်တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်၊ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်းကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်၊ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်၊
မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်၊ အဲဒီ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်၊ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီ မြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့၊
(၅) တာဝန်သိသူများက ပြောနေကြပြီ
တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ်ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှု နဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ က အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာမဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေးဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေ အကြောင်း ရဲရဲတင်းတင်းဟောပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှု နဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့၊
အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်၊ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ၊ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်၊ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအကြောင်း ကဗျာ နှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာတပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က "အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ၊ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်၊
"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" မေခ နဲ့ မလိခ ဆုံမိကြ ဒီမှာ။ သံယောဇဉ် မြစ်ဆုံဖြစ် ချစ်ကြသောအခါ၊ သမုဒယ မြစ်နှစ်စင်းရဲ့ ချစ်ခြင်းဖွဲ့အလင်္ကာ ဧရာဝတီ ရယ်လို့ဖြစ်၊ ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့် မြစ်။။။
ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" လို့ ရဲရဲဝင့်ဝင့် တင်စားခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၁၅နှစ်ကပါ၊ ကဗျာဆရာက ဆက်ပြောပြပါတယ်၊ ရသစာပေ တခုရဲ့ တန်ဘိုးကို အချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ် ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်းတယ်လို့ မခေါ်နိုင်ဘူး တဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်၊ "ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး" တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလား လို့သူ သံသယဖြစ်မိရပါတယ်… တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်၊ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်၊ ကဗျာရဲ့ ခေါင်းစဉ်က "မြစ်ကော" တဲ့။
"မြစ်ကော" မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းလမ်းရပေမည်၊ ရေဝေတောတွေ ဆိုင်းစို့စို့ မှိုင်းညို့ညို့မှုံရီ၊ ချင်းတွင်း နဲ့ ဧရာဝတီ ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊ တတောလုံးပြောင်၊ တတောင်လုံးလင်း မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့ နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ်အပျက်သဘောနဲ့ မြစ်ကောမည့် နေ့။။။
ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဏာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန်သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာစစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က "ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား" လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ၊ ဆရာ မောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသားကြားကြပြီး အမှားပြင်နိုင်ကြပါစေ။
(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်၊)
(၆) မြစ်ကြီးနား၊ ငလျင် နဲ့ စက္ကန့် ၂၀
ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ "ဧရာဝတီကို ကယ်တင်ကြစို့" စာတမ်းမှာ "မြစ်ဆုံဆည်ဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ်မြုတ်သွားနိုင်တယ်" လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်၊ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန်လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်၊ “ဒီလိုဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်”လို့ စာရေးဆရာက ဆိုပါတယ်၊တယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်၊ နဲနဲပိုရေးမိသွားတာများလား” လို့ဖြေပါတယ်၊ တယောက်ကကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ဆကျော်မြန်နေပြီ”လို့ ထောက်ပြပြန်ပါတယ်၊ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်၊ ကျနော်ကတော့ အံ့ဩမိပါတယ်၊ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂နာရီ၊ နာရီ ၂၀ ဆိုတာက အဓိကမဟုတ်ပါ၊ ငလျင်ဒဏ်ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ၊ စက္ကန့်၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့်စာတမ်း တခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်၊ စက္ကန့်၂၀ ဆိုတာကို သံသယဖြစ်ဆွေးနွေးနေမည့် အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ၊
ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်၊ မိုးအကြီးအကျယ်အဆက်မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအားဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်၊ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ဦးသေဆုံးခဲ့ရပါတယ်၊
အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်းထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်၊ နောက်တကြောင်းကတော့ တရုတ် ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ၊ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီး တွေ ပြိုလဲတော့ အဆောက်အအုံ ၆သန်းကျော်ပျက်ဆီး၊ လူ ၁၁သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄သောင်းကျော် သေဆုံးခဲ့ရပါတယ်၊
ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့ နဲ့ ငလျင်လှုပ်လို့ စတဲ့ အကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင်တဲ့ ကိစ္စပါ၊ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂နာရီမှာဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါ ပျက်စီးသွားမှာပါ၊
DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂မှာ ဟောဒီလို ရေးထားပါတယ်၊ “တကယ်လို့များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ)ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တစ်သိန်း ခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ကျော်နေထိုင်နေသူဖြစ်ပါတယ်၊ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပါတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်၊
(၇) အမျိုးသားရေးလှုပ်ရှားမှု
ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်၊ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်၊ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြုနေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်၊ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ်အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်၊ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို "ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့"၊ "အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့"၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေးနိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည်စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်၊ ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသ၍ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှူကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာမဟုတ်ပါ၊ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရပဲ ဂုဏ်သိက္ခာရှိရှိ၊ "ကမ္ဘာတည်သ၍၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး" ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ၊ ၊။
လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁
aungdin@uscampaignforburma.org
Saturday, July 30, 2011
ကြယ်တွေကြွေနေတဲ့တိုင်းပြည်
    ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။
    ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။
    ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။
    အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။
    ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။
    ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။
    ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
    ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ဗBှီင်္) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။
    အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ နဝတ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
    တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
    ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
    ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။
    ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။
    ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။
    ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာ
ခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မဝတ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မဝတ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက်  ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။
    အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။
    အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။
    ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ၏၏၏၏၏၏၏၏၏။
    ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
(၂ဝဝ၉ ခုနှစ်က ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြခဲ့ပြီး သောဆောင်ပါးကို ပြန်လည်တင်ဆက်ပါသည်။)
၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမျက်ခြေမပြတ်ကြနဲ့
      နအဖအစိုးရဟာဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲအုပ်ချုပ်ခဲ့တယ်၊ ကြံ့ဖွတ်အစိုးရကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အုပ်ချုပ်ခဲ့တယ်ဆိုတာဟုတ်ပါတယ်။ ဒါဖြင့်ဘာအပြောင်းအလဲတွေ တွေ့နေရပြီလဲ။
      ဒီနေ့အချိန်ဟာကြံ့ဖွတ်စစ်အစိုးရအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အစိုးရအသစ်တရပ် အသား ကျအောင် လုံးပမ်းနေချိန်ဖြစ်ပါတယ်။ စစ်တပ်ကတိုက်ရိုက်လုပ်ဖို့မလိုတဲ့ လုပ်ငန်းတွေကို”အရပ်ဘက်” လွှဲပြောင်း ပေးတယ် ဆိုတာဖြစ်အောင် အဖက်ဖက်မှာလုပ်နေရပါတယ်။ ပြောရရင်ဒီအလုပ်ဟာသူတို့အတွက်လွယ်တာတော့ မဟုတ်ပါဘူး။ အရင်ကတော့ စစ်တပ်က အားလုံးကိုလက်ဝါးကြီးအုပ်ထားတာဆိုတော့ အခြေအနေကိုစစ်တပ်က (နယ် တွေမှာဆိုရင် စစ်တိုင်းတွေက) တိုက်ရိုက်သိနေ၊ ချုပ်ကိုင်နေတာဖြစ်သလို စားပေါက်တွေကိုလည်းသူတို့ကပဲအားလုံးချုပ် ထား၊ စားသုံးနေပါတယ်။ အခုကျတော့ တိုင်းအစိုးရ၊ ပြည်နယ်အစိုးရဆိုတာတွေလုပ်ထားတော့ ဒီအစိုးရတွေရဲ့အလုပ် ကိုလည်းပြနိုင်အောင်၊ တချိန်တည်းမှာ အခြေအနေတွေကို စစ်တပ်ကချုပ်ကိုင်မိနေနိုင်အောင် အဆင့်ဆင့်အစီရင်ခံရ၊ ခွင့်ပြုချက်ယူရတာတွေ၊ ညွှန်ကြားတာတွေ အဆင့်ဆင့်သွယ်သွယ်ဝိုက်ဝိုက်တွေ ဖြစ်လာပါတယ်။ တခါတလေမှာ တမြို့တည်း၊ တခရိုင်တည်းဖြစ်နေတဲ့ကိစ္စကို ထိပ်ဆုံး ကြပ်ပြေးနေပြည်တော်အထိတက်ပြီးမှ နေပြည်တော်ကနေ တမြို့ တည်းနေတခြားဌာနတခုကိုပြန်ချပေးတာဖြစ်နေတော့ အချိန်တွေအရမ်းကြန့်ကြာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လာဘ်ယူတော့လည်း အရင်က စစ်တပ်ကိုတိုက်ရိုက်ပေးလို့ရပေမဲ့ အခုတော့လမ်းကကွေ့ကောက်နေပါတယ်။ သေချာအောင်ပြောရရင် စစ်တပ်ကိုမခွံ့ရတော့တာ မဟုတ်ပါဘူး။ အခုလက်တွေ့မှာ ပါးစပ်တပေါက်ပိုခွံ့နေရပါတယ်။ ဒီလိုအခွင့်အာဏာရော စားပေါက်တွေပါ မျှမျှတတနဲ့ သူတို့တွင်း win-win ဖြစ်တဲ့စနစ်တရပ် အခိုင်အမာအသားကျအောင် သူတို့အနေနဲ့အချိန်ယူပြီး အတော်ကို လုပ်ရဦးမှာပါ။
      ကြံ့ဖွတ်စစ်အစိုးရဟာ ဒီလိုလုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဘုရားဖူးခွင့်ပြုတာ၊ အာဇာနည်နေ့မှာ တက်ရောက်စေတာ၊ ဗိုလ်အောင်ကြည်နဲ့စကားပြောခိုင်းထားတာ စတဲ့အပေါ်ယံကိစ္စတွေခွင့်ပြုပြီး ပြည်တွင်းပြည်ပ အာဘော်တွေမှာ အမှတ်ယူနေပါတယ်။ ဒါတွေကို သူတို့ဆင်ကွက်ထဲဝင်ပြီး အမှတ်ပေးချင်သူတွေကအမှတ်ပေးနေတဲ့ အပြင် တချို့ကဆိုရင် အစကငါမပြောဘူးလားဆိုတာမျိုးအထိ ပြောနြေ���ပါတယ်။ တခါ နိုင်ငံရေးလောကမှာကြုံရလေ့ ရှိတဲ့ နောက်တက်တဲ့အစိုးရဒို့အစိုးရဆိုသူတွေလည်း လက်မထောင်လာကြတာတွေ့ရပါတယ်။ တကယ်ကတော့  စစ်အစိုးရတရပ်ဟာ သက်တမ်းရှည်လာတာနဲ့အမျှ သူတို့မှာအတွေ့အကြုံတွေလည်း များပြားကြွယ်ဝလာတယ်ဆိုတာကို မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ သူတို့အာဏာကို အန္တရာယ်မပေးရေးဆိုတဲ့မူအောက်မှာ ဘယ်ဟာလောက်ကိုတော့ လိုက်လျော၊ ဘယ်ဟာကိုတော့အလျှော့မပေးနဲ့ ဆိုတာကို ကောင်းကောင်းခွဲခြားတတ်ပါတယ်။ သေချာပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ မူကျတဲ့ကိစ္စတွေအပေါ်မှာ ဘယ်တော့မှအလျှော့မပေးဘူးဆိုတာ အားလုံးအသိပါပဲ။ အလွယ်ဆုံးနဲ့ အမြင်သာဆုံးပြရရင် နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းလက်နက်ကိုင်ကိစ္စတို့မှာ တလက်မ တောင်အလျှော့မပေးရေး၊ တိုင်းပြည်ရဲ့စီးပွားရေးကို သူတို့နဲ့သူတို့ရဲ့ ပုလင်းတူဗူးဆို့ကတွေချည်း ချုပ်ကိုင်ထားရေးတို့ဟာ ဘယ်သူနဲ့မှညှိနှိုင်းမှာ၊ အပေးအယူလုပ်မှာမဟုတ်တဲ့ သူတို့ရဲ့အခြေ ခံမူတွေပဲမဟုတ်ပါလား။
      ပြန်စဉ်းစားလိုက်ရင် ၁၉၆၂ခုနှစ် ဦး/ဗိုလ်နေ၀င်းကစလို့ ဗိုလ်စောမောင်-ဗိုလ်သန်းရွှေအလယ် ဦး/ဗိုလ်သိန်းစိန် အဆုံး စစ်အာဏာရှင်တွေမှာ တူညီတဲ့မူအချက်တွေအများကြီးရှိတယ်ဆိုတာတွေ့ရပါမယ်။ အဲဒါတွေကတော့ (မဆလနာမည်ခံလို့ပဲဖြစ်ဖြစ်၊ ကြံ့ဖွတ်နာမည်ခံလို့ပဲဖြစ်ဖြစ်၊ အာဏာကိုယာယီသိမ်းထားသူအနေနဲ့ဖြစ်ဖြစ်) အာဏာကို သူတို့ချည်း လက်ဝါးကြီးအုပ်ထားတာ၊ ပြည်တွင်းစစ်ကိုအပေါ်မှာထားရှိတဲ့သဘော$E1��ား၊ ကျောင်းသားသမဂ္ဂတွေအပေါ် ထားရှိတဲ့သဘောထား၊ စီးပွားရေးကိုသူတို့ချည်းလက်ဝါးချည်းအုပ်ထားလိုတဲ့သဘောထား၊ တိုင်းရင်းသား ပြည်သူတွေ အပေါ်ထားရှိတဲ့သဘောထား စတာတွေပါပဲ။ ဒါတွေဟာ နှစ်ပေါင်း၆၀နီးပါး ၏-သည် မကွဲပဲ စစ်အာဏာရှင်အဆက်ဆက် ကိုင်စွဲခဲ့တဲ့ ပေါ်လစီတွေလို့ဆိုရပါမယ်။
      တကယ်ကအစိုးရတရပ်ရဲ့လက္ခဏာကိုဖြစ်စေ၊ အဲဒီအစိုးရဦးတည်နေတာကိုဖြစ်စေ သိချင်ရင်သူတို့ရဲ့ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကို စောကြောရပါတယ်။ စစ်အစိုးရရဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ စပေါ်ထွက်လာ ကတည်းက လူတိုင်းရဲ့ဆန့်ကျင်ခြင်းကို ခံခဲ့ရပါတယ်။ ပြောရရင် ၂၀၁၀ရွေးကောက်ပွဲကြံ့ဖွတ်ကမဟုတ်ပဲဝင်ခဲ့သူတွေ၊ အခုအမတ်ဖြစ်နေသူတွေတောင်မှ ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဘယ်လောက်ဆိုးတယ်၊ စစ်တပ်အာဏာလက် မလွတ်ရေးကိုအာမခံပေးတဲ့ ဥပဒေဖြစ်တယ်ဆိုတာကို မြင်ခဲ့၊ အသိအမှတ်ပြုခဲ့ကြပါတယ်။ အခု ကြံ့ဖွတ်စစ်အစိုးရလုပ် နေတာတွေဟာ အဲဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ရည်မှန်းချက်တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကောင်အထည်ဖော် နေတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။
      ဒီအစိုးရတက်လာတာ လေးလကျော်ခဲ့တဲ့နောက်မှာ တိုင်းပြည်ကို(ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါသတ်မှတ်ချက် အတိုင်း) အချိန်မရွေးအာဏာသိမ်းမယ့်အန္တရာယ်က ကွာလှမ်းသွားစေခဲ့တယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။ ကြပ်ပြေးက လွှတ်တော်ထဲမှာ ကြံ့ဖွတ်အစိုးရကချမှတ်ချင်တာကို ကြံ့ဖွတ်မဟုတ်တဲ့ကိုယ်စားလှယ်တွေကဆန့်ကျင်လို့ ပျက် သွားတယ်၊ ရပ်ဆိုင်းထားရတယ်ဆိုတာမျိုးကော ဘယ်နှယ်ကြိမ်များရှိသွားပြီလဲ။ ကိစ္စတွေကို ကိုယ့်ကိုယ်ကိုမညာစတမ်း၊ မလိမ်စတမ်းကြည့်ကြစမ်းပါ။ သမိုင်းမှာ စစ်အစိုးရရဲ့အလိမ်အညာကို အကာအကွယ်ပေးသူ၊ ဖုံးဖိပေးသူ၊ အောက်စောင့် လုပ်ပေးသူအဖြစ် နာမည်မပျက်ဖို့လိုပါတယ်။
      ဗမာပြည်သမိုင်းမှာရှိခဲ့တဲ့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသုံးခုထဲက တခုတည်းသောအများလက္ခဏာဆောင်တဲ့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလို့ပြောရမယ့် ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတောင်မှ ဖဆပလအစိုးရဟာ သူတို့ထင်သလိုဆွဲဆန့်ပြီး အတိုက်အခံတွေကို ဖိနှိပ်သတ်ဖြတ်တာတွေလုပ်ခဲ့ပါသေးတယ်။ လက်ရှိ၂၀၀၈ခုနှစ်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ကတော့ ကြံ့ဖွတ်စစ်အစိုးရဘယ့်ကလောက်အထိ ရမ်းနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင် ပါတယ်။
      ဗမာပြည်ရဲ့အခြေအနေတွေကိုပြောင်းဖို့ဆိုရင် ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပစ်တာက စရပါမယ်။ ဒီမိုကရေအတွက်အရေးဆိုနေသူတွေအားလုံး ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုးကြီးကို မျက်ခြေမပြတ်ကြဖို့ လိုသလို မိမိတို့ရဲ့လုပ်ငန်းစဉ်တိုင်းမှာလည်း ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖျက်သိမ်းရေးကို ထိပ်တန်းထားကြရပါလိမ့် မယ်။
်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးတည်တိုက်ရတဲ့တိုက်ပွဲဆိုတာဟာ လွယ်လွယ်မဟုတ်ဘူးဆိုတာလည်း မမေ့ဖို့ လိုပါတယ်။
ရဲဘော်ဖိုးသံချောင်း
၈၈ သို့ ဦးလှည့်ခြင်း
    ဗမာနိုင်ငံတွင် ကြံ့ဖွင့်အစိုးရလို့ ခေါ်တဲ့ တရားမဝင်
အစိုးရမှ စစ်အာဏာရှင်စနစ် ရေရှည် တည်တန့့် ခိုင်မာရေးနဲ့  ပြည်ထောင်စုသားများ သွေးကွဲပြိုပျက်ရေးမူကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံဖြင့် တိုင်းပြည်အာဏာကို အလွဲသုံးစားလုပ်နေ
ခြင်းကို အမြန်ဆုံး တားဆီးရန်လိုနေပြီဖြစ်တယ် ။
    ရှင်းလင်းသည့် အချက်များမှာ ကြံ့ဖွင့်အစိုးရ ဟုခေါ်သော တရားမဝင် အစိုးရဆိုသည်နှင့် ၄င်းတို့၏ လွတ်တော်ဆိုသည်ကို ဖျက်သိမ်းပစ်ပြီး လူထုအခြေပြု ကြားဖ်ြအစိုးရ တရပ်ကို အမြန်ုဆုံးဖွဲ့ စည်းရန်ပဲ ဖြစ်ပါတယ် ။
    ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆိုသည့် အချက်ဟာအရွေ့ မရှိတဲ့ဟန်ပြသက်သက် နိုင်ငံရေးဖြစ်စဉ်များနဲ့
နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျမ်းမာရေး ၊ လူမူရေး စသည့် နယ်ပယ်အသီးသီးတွင်လည်း အလွန်ကြောက်မက်ဖွယ်
ကောင်းသည့်အဆင့်သို့ အလျှင်အမြန် စိုက်ဆင်းနေမူ များကြောင့်ဖြစ်တယ်။ သို့ အတွက် မဟာဗျူဟာမြောက် အပြောင်းအရွေ့တခုကိုဖန်တီးရန် တိုင်းပြည်၏ ဘက်ပေါင်းစုံ အခြေအနေများက တောင်းဆိုနေပြီ ဖြစ်သောကြောင့် ပဲဖြစ်ပါတယ် ။
    ထိုအတွက် ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းပါဝင်သည့်  နိုင်ငံရေးအုံကြွမူကြီးတရပ် ဖြစ်ပေါ်ရန်
ဖော်ဆောင်ရန်ဖြစ်တယ် ၊ အမှန်တကယ် လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်နေသည့် အခြေခံအချက်များမှာ ပြည်သူလူထု၏ ဆင်းရဲမွဲတေမူနှင့်လုံခြုံမူကင်းမဲ့သည့် နိုင်ငံသားများဘဝမှ လွတ်မြောက်ရေး ၊ ပြည်တွင်းစစ်မီး တောက်လောင်မူကို တားဆီးပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေး ဒီမိုကရေစီအခြေပြု နိုင်ငံရေးဝန်းကျင်တရပ် ဖော်ဆောင်နိုင်ရေး ၊ စစ်မှန်သည့်  ပြည်ထောင်စု တည်ဆောက်
နိုင်ရေး စသည့် အရေးကြီးအချက်အလက်များအပါအဝင် နိုင်ငံရေးပြဿနာ အရေးကိစ္စမှန်သမျှကို စားပွဲဝိုင်းဖြင့် ဖြေရှင်းနိုင်ရေးတို့ ပဲဖြစ်တယ် ။
    ကြံ့ဖွင့် အစိုးရအနေဖြင့်လည်း တိုင်းပြည်တခုလုံး ရင်ဆိုင်ကြုံတွေ့ နေရသော အခြေအနေနှင့် အကျပ်အတည်း အားလုံးကိုအမှန်တကယ် အပြုသဘောဆောင်ပြီး အကောင်းဆုံး ဖြေရှင်းလိုတယ်ဆိုရင်တော့ ဟန်ပြ နိုင်ငံရေးလှည့်ကွက်များ ခင်းကျင်းဖော်ဆောင်နေခြင်းများကို ရပ်တန့် ပြီးနောက် ၄င်းတို့ ၏ အစိုးရအဖွဲ့ နှင့် လွတ်တော်ဆိုသည်အား ဖျက်သိမ်း ပစ်လိုက်ခြင်းသာ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်ပေလိမ့်မယ် ။ ဘာကြောင့်ဆို ၄င်းတို့ ကိုင်စွဲထားသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေက တိုင်းပြည်တခုလုံးကို အမှောင်မိုက်ဆုံးသော အနေအထားသို့ ဆွဲချ သွားမည်ဖြစ်သောကြောင့်ပဲ ဖြစ်ပါတယ် ။
    ကြားဖြတ်အစိုးရဖွဲ့ စည်းရေးဆိုသည့်အချက်ဟာ ၈၈ခုနှစ် ပြည်သူတရပ်လုံး၏ အုံကြွမူကြီး ဖြစ်ပေါ်စဉ်ကပင် ကျောင်းသားများမှ အဓိကထားကြိုးပမ်းခဲ့ကြသည့် နိုင်ငံရေးအဆင့်တခုဖြစ်တယ် ၊ သို့သော်
လည်း ထိုစဉ်ခါက ကျောင်းသားများ ချဉ်းကပ်ထိတွေ့ ခဲ့သော နိုင်ငံရေး ဦးဆောင်မူ အခြေအနေရှိနေသည့် သူများ၏ ( အချိန်အခါနှင့်တပြေးညီ ) စေ့စပ် ညှိနိုင်း မရခဲ့မူကြောင့် စစ်တပ်မှပြန်လည် အာဏာသိမ်းယူမူ ကိုခံခဲ့ကြရပြီး ၊ ပြည်သူလူထု၏  တက်ကြွစွာ  ပူးပေါင်းပါဝင်မူနှင့်  တိုက်ပွဲဝင်ခဲ့မူသည်  ရေစုန်မျောခဲ့ရခြင်း
ဖြစ်တယ် ။
    ထို့ ကြောင့်လူထုတိုက်ပွဲဆိုသည်ကို စဉ်းစားဖော်ဆောင်ကြသည်နှင့်တပြိုင်နက် တိုက်ပွဲ၏ အဆုံးသတ်ဖြစ်စဉ် ( သို့ တည်းမဟုတ် ) ပြည်သူလူထု၏ မျော်လင့်ချက်ကို တာဝန်ခံမည့် အလုပ်ကို မည်သူက ဦးဆောင်မည်နည်း ၊ မည်သူတွေက ပါဝင်မည်နည်းဆိုသည်မှာ ထည့်သွင်းတွက်ချက်ထားရမည် တနည်းအားဖြင့်ဆိုသော် တာဝန်ယူမည့်သူများ ( သို့ ) အဖွဲ့ အစည်းများ အရံသင့်ရှိနေပြီးသားဖြစ်နေရန်
လိုအပ်ပေသည် ၊ ထိုသို့ မဟုတ်ပါက ပြည်သူများ၏ စတေးခံမူသည် အောင်ပွဲသို့ ဦးမတည်ပဲ စစ်အာဏာရှင်များလက်သို့ ပြန်လည် ဝကွက်အပ်သလိုပင်ဖြစ်နေမည်မှာမလွဲပေ။
    ယနေ့ အချိန်အခါဟာ တိုင်းပြည်အတွက်ကြားဖြတ်အစိုးရတရပ် ပေါ်ပေါက်ရေး ဆိုတာမှာ ပြည် တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရေး ၊ စစ်မှန်သည့် ပြည်ထောင်စုတခု ဖြစ်ပေါ်လာနိုင်ရေး နှင့် အဓိက  အကျဆုံးဖြစ်သည့်  ပြည်သူလူထု တရပ်လုံး၏ ဘဝများတည်ငြိမ်အေးချမ်းပြီး ၊ ဆင်းရဲမွဲတေမူ
နှင့်ဖိနှိပ်မူမျိုးစုံမှ လွတ်ကင်းရေးအတွက် မဖြစ်မနေ ဖော်ဆောင်ရမည့် မဟာဗျူဟာအဆင့် နိုင်ငံရေး တွက်ဆချက်တခုပဲဖြစ်တယ် ၊ အဘယ်ကြောင့်ဆိုသာ် ( အကြောင်းကြောင်းကြောင့် ) ရေစုန်မျောခဲ့ ပြီဖြစ်သည့် ၁၉၉ဝခု ရွေးကောက်ပွဲ ရလဒ်နှင့် အခြားဖက်တွင် စစ်အာဏာရှင်စနစ်ကိုအခြေခံသည့် ဖွဲ့ စည်းအုပ်ချုပ်ပုံနှင့်အတူ ပြည်သူကို ကိုယ်စားမပြုသည့် အစိုးရဆိုသည်မှ တိုင်းပြည်တခုလုံးအား ဒုက္ခမျိုးစုံ ပေးနေသည်မှာ အလွန်ဆိုးဝါးလှသည့်အနေအထားကိုရောက်ရှိနေပြီဖြစ်သောကြောင့်ပင်ဖြစ်ပေတယ် ။
    သေချာသည့်အချက်များမှာ  မည်သို့ ပင်ဆိုစေကာမူ လွတ်တော်တွင်းမှ နေပြီး  တိုင်းပြည်ကို
ပြောင်းလဲရန်ကျိုးစားမည်ဆိုသည့်အချက်ဟာ တိုင်းပြည်နှင့်လူမျိုးကို ရောယောင် ဒုက္ခပေးနေသည့် အဖြစ်သို့ သက်ဆင်းလျက်ရှိနေပြီး ၊ အတိုက်အခံအင်အားစုများနှင့်တိုင်းရင်းသား အင်အားစုများဖက်မှ နိုင်ငံရေး ၊ စစ်ရေးတွင် ( စစ်ခေါင်းဆောင်များ နှင့် စစ်ဗိုလ်လူထွက်များ ) ကြောက်ရွံ့ လေးစားလောက်သည့် အနေအထားမရှိပါက မည်သည့် တွေ့ ဆုံဆွေးနွေးရေး ၊ မည်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုမှ မျော်လင့်ရန်မဖြစ်နိုင်ပေ ။
    ထိုသို့ သောအခြေအနေများကို ခိုင်မာစေသည့်အချက်များအဖြစ်  - ဖွဲ့ စည်းအုပ်ချုပ်ပုံအသစ်
နှင့်ရွေးကောက်ပွဲလုပ်ပြီး ဖြစ်ပေါ်လာသည့် အစိုးရအသစ်ဟု ဆိုသော်လည်း ၄င်းအချိန် မတိုင်မှီက စစ်အာဏာရူးများမှ မတရားဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန် လည်လွတ်ပေးခြင်းမပြုပဲ ဆက်လက်ဖမ်းဆီးထားခြင်း ၊ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်မီးအား အပြင်းအထန်ပြန်လည် တောက်လောင်ရန်ပြုလုပ်နေခြင်း ၊လူမျိုးတုံးသတ်ဖြတ်မူများနှင့် စစ်ရာဇဝတ်ပြစ်မူအမျိုး
မျိုးကို ကျူးလွန်နေခြင်း ၊သတင်းမီဒီယာလွတ်လပ်ခွင့်မရှိသည့်အပြင် ပိုမိုဆိုးဝါးစွာ ပိတ်ပင်ချုပ်ချယ်လာခြင်း ၊လွတ်လပ်ပွင့်လင်းသည့် နိုင်ငံရေးဝန်းကျင်ဖြစ်ပေါ်မလာရန် ဥပဒေနှင့်အာဏာကို အလွဲသုံးစား ပြုမူများ ဆက်လက်တည်ရှိနေခြင်း ၊  ပြည်သူလူထု၏ သဘောဆန္ဒကိုလှစ်လျူရူပြီး မြေပေါ်မြေအောက် သယံဇာတ များကို ( စစ်အာဏာကြီးထွားရေးနှင့် ကိုယ်ကျိုးသက်သက် ) အလွဲသုံးစားပြုခြင်း ၊ ရောင်းချ အသုံးပြုခြင်းများ လုပ်နေသည့်အတွက် မြေပေါ်မြေအောက် အရင်းအမြစ်များ တဖြေးဖြေး ကုန်ခမ်းလာသည့် အန္တရာယ်ကိုရင်ဆိုင်နေရခြင်း ၊ ထို့ အပြင် သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မူ မရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်ပြားမူနှင့်အတူ ဂေဟဗေဒစနစ်များ ပျက်ဆီးမူကို  တွေ့ ကြုံနေရခြင်း ၊တရားဥပဒေကို အလွဲသုံးစားပြုမူ ၊ အာဏာကိုအလွဲသုံးစားပြုမူများ ဆက်လက်ပြုလုပ်နေသည့်အတွက် ပြည်သူတရပ်လုံးမှာ ဥပဒေ၏ စောင့်ရှောက်မူကို မခံစားရပဲ အကာအကွယ် မဲ့သည့် ဘဝသို့ ရောက်နေခြင်း ၊ပြည်သူလူထုအတွက် ညီမျှသည့် စီးပွားရေးအခွင့်အလမ်း ကင်းမဲ့မူကြောင့် ငတ်မွတ်ခေါင်း ပါးမူ ၊ ဆင်းရဲ မွဲတေမူပိုမို မြင့်မားလာကာ လူအဖွဲ့ အစည်းတွင်း ကိုယ်ကျင့်တရား ပျက်ပြားမူ အဆင့် ပိုမိုမြင့်တက်လာခြင်း စသည်ဖြင့် ထင်သာမြင်သာရှိသည့် အချက်အလက် များအပြင် အခြားတဖက်တွင်လည်း ၊ ကမ။ာ့ နိုင်ငံရေးကစားကွင်းထဲတွင် ပြည်တွင်းရေး ဆိုသည့်အကြောင်း ပြချက်တခုကို ထည်လဲအသုံးပြုရင်း လည်သလိုကြည့်လုပ်ဆိုသည့် နိုင်ငံခြားရေးမူဝါဒ များဖြင့် အရှက်အကြောက်မဲ့စွာ လိမ်လည်လှည့်ဖျားခြင်း အပေးအယူလုပ်ခြင်းများကို အဆက်မပြတ်ပြုနေပြီး ၄င်းတို့ အာဏာတည်မြဲရေးဆိုသည့် ရေတိုအမြင်ဖြင့်သာ အရာရာကိုချဉ်းကပ် အကောင်အထည် ဖော်နေကြသလို ၊ ပထဝီနိုင်ငံရေးအရ နိုင်ငံတကာ၏ အပြောင်းအရွေ့ များကို လှစ်လျူရူ ထားပြီး ၊ ကျောထောက် နောက်ခံရရေးကိုသာ အားစိုက်နေသည့် အတွက် တရုတ်နိုင်ငံ၏ ( စနစ်တကျ ပြုလုပ်နေသည့် ) လူမျိုးရေး ကျူးကျော်မူ ၊ လက်သိပ်ထိုး ခံနေရသည့် နိုင်ငံရေးသြဇာလွမ်းမိုး စွက်ဖက်မူ ၊ စီးပွားရေးအရ အမြတ်ထုတ်မူ ၊ စစ်ရေးရည်မှန်းချက် ဖြင့် ပြုလုပ်နေသည့်( သိသာထင်ရှားသည့် စစ်ရေးအခြေစိုက်စခန်းများအပြင် ) တည်ဆောက်ရေးလုပ်ငန်းများ ( ဆည်မြောင်းများ အပါအဝင် ) အား လုပ်ဆောင်နေခြင်းကို ခံနေရသည်မှာ ဒေသတွင်း သြဇာ လွမ်းမိုးနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ( အဓိက တရုတ်နှင့် အိန္ဒယအကြား အားပြိုင်မူ ) အပါအဝင် အခြားသောကမ။ာ့ အင်အားကြီး နိုင်ငံများအကြား နိုင်ငံရေး ၊ စစ်ရေး အားပြိုင်မူ အတွက် တိုင်းပြည်တခုလုံးနှင့် ပြည်သူလူထုမှာ လူမသိသူမသိနှင့်မြေဇာပင်
ဘဝသို့ တဖြေးဖြေး တရွေ့ ရွေ့ ပြောင်းလဲသွားနေခြင်း မှာ အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် အနာဂါတ်ပင် ဖြစ်ပါတယ် ။
ကြံ့ဖွင့်အစိုးရဟာ ( လက်တဆုပ်စာ စစ်အာဏာရူးတစုရဲ့ ကြိုးဆွဲအဖွဲ့ ဖြစ်နေလို့ ) ဘယ်လိုမှ အကောင်အထည်
ဖော်မှာ မဟုတ်သလို ၊ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေဟာ ( စီးပွားရေး ၊ ကျမ်းမာရေး ၊ ပညာရေး ၊ လူမူရေး စသဖြင့် နယ်ပယ်အသီးသီးမှာ ) တနေ့ ထက်တနေ့ ပိုမို ဆိုးရွားတဲ့ အဆင့်ကို အသွားနူန်း မြန်မြန်နဲ့ ရွေ့ ရှားနေပြီဖြစ်တဲ့ အတွက် ကြားဖြတ်အစိုးရတရပ်ကိုဖွဲ့ စည်းသင့်တာဟာ မဖြစ်မနေဖြတ်သန်းရမဲ့  နိုင်ငံရေးလိုအပ်ချက်ဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်လာအောင် စည်းရုံးရှင်းလင်းမူကို အလေးအနက်ထားပြီး လုပ်ဆောင်သင့်ပါတယ် ၊
    ဘာကြောင့်ဆို စစ်တပ်ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုနေကျတဲ့ စစ်ခေါင်းဆောင် အာဏာရူးတွေက လိမ်လည် သိမ်းသွင်းထားမူတွေရဲ့ အကျိုးဆက်ကြောင့်တိုင်းပြည်နဲ့  လူမျိုးကို ကာကွယ် စောင့်ရှောက်ရမဲ့ အမျိုးသား စစ်တပ်ကနေပြီး ၊ အသွင်ပြောင်း ကြေးစားစစ်တပ်အသွင်ကိုရောက်နေလို့ ဖြစ်ပါတယ် ။
    ကြားဖြတ်အစိုးရတရပ်ဘာကြောင့်လိုသလဲဆိုတာ အလုံးစုံသော အခြေအနေတွေက တောင်းဆိုနေပါပြီ ၊ ဒီနေရာမှာ ဘယ်လိုလူတွေနဲ့ ဖွဲ့စည်းသင့်သလဲဆိုတာတော့ပုဂ္ဂိုလ်နာမည်တွေနဲ့ စဉ်းစားတာထက်အခြေခံကျတဲ့ ( ရပ်တည်ချက် )အချက်တွေပေါ်ကို မူတည်စဉ်းစားတာပိုကောင်းမယ် လို့ ထင်ပါတယ် ။
    ဥပမာ - ဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံမူရှိခြင်း ၊ သမာသမတ်  စိတ်ဓါတ်ရှိခြင်း ၊ (နိုင်ငံရေး ၊လူမျိုးရေး ၊ ဘာသာရေးအရ ) အစွန်းရောက်သည့် သဘောထားမရှိခြင်း ၊ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း စစ်မှန်သည့် တိုင်းပြည်အပြောင်းအလဲကို ရိုးသားစွာ လိုလားစိတ်ရှိခြင်း ၊ ထိုလုပ်ငန်းအတွက် အရည်အချင်းရှိခြင်း ၊ အများမှ အသိအမှတ်ပြု လက်ခံသူဖြစ်ခြင်း စသဖြင့်သတ်မှတ်ချက်ထားနိုင်ပါတယ် ။
    အတိုက်အခံနိုင်ငံရေးပါတီများ အဖွဲ့ အစည်းများကသူတွေတင်မကပဲ ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ ၊ စစ်တပ်တွင်းမှ တိုးတက်သည့်အမြင်ရှိသူများအပါ အဝင် အခြေခံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူများ ( မည်သူ့ ကိုမဆို ) ထည့်သွင်း စဉ်းစားနိုင်ပါတယ် ၊ ဘာကြောင့်ဆို အတိုက်အခံလို့ ပြောနေတဲ့  ဒီမိုကရေစီ အင်အားစုတရပ်ထဲကနေပြီး  တိုင်းပြည်  အပြောင်းအလဲ ဖြစ်အောင် ဖန်တီးနိုင်တဲ့
အနေအထားမရှိဘူးဆိုတာကို မေ့လျော့ထားဖို့ မဖြစ်နိုင်လို့ ပါပဲ ၊ အချိန်အခါသဘောကတော့ မြန်မြန်ဖွဲ့ စည်းနိုင်လေ ပြည်သူနဲ့ တိုင်းပြည်အတွက်ရင်ဆိုင်ကြုံ တွေ့ နေရတဲ့ ဘဝရဲ့ ခါးသီးနာကျင်မူတွေက မြန်မြန် လွတ်ကင်းလေ ဆိုတာပါပဲ ။
     သက်ထွန်း
     25.7.2011
Saturday, July 9, 2011
ဇူလိုင်တစ္ဆေအား ဦးညွတ်ခြင်း
 ကျောင်းသားလူငယ်များဟာ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ကို ကိုယ်စားပြုထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသား လူငယ်များရဲ့ ဘဝဟာလည်း တိုင်းပြည်ရဲ့အနာဂတ်ဘဝပါပဲ။ ဒီအဆိုဟာ ဘယ်တော့မှ ပြောင်းလဲမယ့်အဆို မဟုတ်ပါဘူး။ ဒါကြောင့်မို့ လူငယ်များရဲ့အခွင့်အလမ်းတွေကို ပိတ်ပင်ခြင်း၊ လူငယ်များရဲ့ဘဝကို ဖျက်ဆီးပစ်ခြင်းများဟာ အနာဂတ်တိုင်းပြည်ကို ကြိုတင် ဖျက်ဆီးခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီကောက်ချက် မှားယွင်းမှုမရှိဘူးဆိုရင်တော့ အရှေ့တောင်အာရှနိုင်ငံများမှာ ဒုတိယအကြီးမားဆုံး တိုင်းပြည်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပျက်စီးနေတဲ့ အနာဂတ်တစ်ခုကို ပွေ့ပိုက်ထားနေရပါပြီ။
      ကမ္ဘာပေါ်က နိုင်ငံများမှာ ကျောင်းသားအရွယ်လူငယ်များရဲ့ အခန်းကဏ္ဍက သူ့နိုင်ငံ၊ သူ့ဒေသအလျောက် အရေးပါမှု ရှိကြမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက ကျောင်းသားလူငယ်များရဲ့ အခန်းကဏ္ဍနဲ့တော့ ကွဲပြားတဲ့ အနေအထားတွေ ရှိနေနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားလူငယ်များဟာ ရာစုနှစ် တစ်ခုလောက်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရေး သမိုင်းကာလရှည်ကြီးတလျှောက်လုံး ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။
      ဇူလိုင်လဟာ မြန်မာနိုင်ငံအတွက် မိုးရာသီအတွင်းက လတစ်လဖြစ်ပါတယ်။ မိုးရာသီဖြစ်တာကြောင့် ဝန်းကျင်တစ်ခုလုံး အေးမြသာယာမယ်လို့ ယေဘုယျ ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလထဲမှာပဲ သမိုင်းနဲ့ချီတဲ့ စိတ်ပူပင်သောကရောက်စရာ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီလအတွင်းက တချို့သော ရက်တွေဟာ အတိတ်ရဲ့ ခြောက်လှန့်ခြင်းတွေကို ယနေ့ထက်ထိ ခံစားနေရဆဲ ဖြစ်ပါတယ်။ ဥပမာ ဆိုပါစို့၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ကိုလိုနီနယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ရှေ့ဆုံးက ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို လွန်ခဲ့တဲ့ ၅၅ နှစ်က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိခါနီးမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဆိုးက မေ့ဖျောက်လို့မရတဲ့  အကြောင်းအရာတစ်ရပ်ပါ။
      နောက်တစ်ရက်ကတော့ ‘ဆဲဗင်းဂျူလိုင် လို့ခေါ်တဲ့ ဇူလိုင်လ ၇ ရက်နေ့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က တိုင်းပြည်ရဲ့ အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တွေ သွေးမြေကျခဲ့ရတဲ့ နေ့ရက်တစ်ရက်ဖြစ်သလို ဇူလိုင်လ ၇ ရက်နေ့ကလည်း အာဏာရှင်စနစ်အောက် မြန်မာနိုင်ငံမှာ ကျောင်းသားများ စတင်သွေးမြေကျခဲ့ရတဲ့နေ့ပါပဲ။ ဒီလို တူညီတဲ့ဖြစ်ပျက်မှု ပုံစံတွေရှိနေပေမယ့် တချိန်တည်းမှာပဲ ကွဲပြားတဲ့အချက် ရှိနေပါတယ်။ အဲဒါကတော့ ဇူလိုင်လ ၁၉  ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခွင့်ရပေမယ့် ဇူလိုင်လ ၇ ရက်နေ့နဲ့ ပတ်သက်တဲ့အကြောင်းအရာများကိုတော့ အမှောင်ချပိတ်ဆို့ထားခြင်း ဖြစ်ပါတယ်။
      ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁ဝ နှစ်အကြာမှာ စစ်အုပ်ချုပ်ရေးရဲ့အောက်ကို ရောက်ရှိခဲ့ရပါတယ်။ အခြေတည်စ ပါလီမန်ဒီမိုကရေစီစနစ်ဟာလည်း အဲဒီအချိန်မှာပဲ နိဂုံးချုပ်သွားခဲ့ရပါတယ်။ တနည်းအားဖြင့် ကိုလိုနီအစိုးရအောက်က လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ ကိုယ့်လူမျိုး အာဏာရှင်များအောက်မှာ လွတ်လပ်ရေး ဆုံးပါးသွားခဲ့ရခြင်းပါပဲ။
      မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနည်းစနစ်တွေထဲမှာ မှားယွင်းတဲ့၊ အားနည်းတဲ့အချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေးရရှိပြီး မကြာခင်မှာ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ် ယိုယွင်းတဲ့တိုင်းပြည်မှာ အခြားသောစနစ်များလည်း ယိုယွင်းလာမှာပါပဲ။ ဒါကြောင့် ပညာရေးစနစ်ဟာလည်း အခြားသော စနစ်များနည်းတူ ယိုယွင်းလာခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားသမဂ္ဂရဲ့ သြဇာအာဏာ ကျဆင်းလာခဲ့ခြင်း ဖြစ်ပါတယ်။
      ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတည်ရှိခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဆောက်အအုံကြီးဟာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြစဉ်က ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့တဲ့ နေရာဌာနကြီးဖြစ်သလို အာဏာပိုင်တွေနဲ့ အခွင့်အရေးပိုင်းဆိုင်ရာ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ ပြုလုပ်တဲ့အခါမှာ တစုံတရာ အရှိန်အဝါရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာတော့ ကိုလိုနီအစိုးရလက်အောက်မှာ ရရှိခဲ့တဲ့အခွင့်အရေးတွေတောင် အပြည့်အဝ မရရှိတော့ပါဘူး။
      အထူးသဖြင့် ‘တော်လှန်ရေးကောင်စီလို့ အမည်ပေးထားတဲ့ စစ်အစိုးရက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ တွေ့မြင်လာရပါတော့တယ်။ စစ်အစိုးရဟာ အာဏာသိမ်းပြီး မကြာခင်မှာပဲ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဆရာတွေ အကျင့်ပျက်တယ်၊ ကျောင်းသားတွေမှာ နိုင်ငံရေးပယောဂတွေ ဝင်နေတယ် စတဲ့ စွပ်စွဲချက်တွေပါပဲ။ တကယ်ကျတော့ ဒီလိုအသုံးအနှုန်းမျိုးနဲ့ပဲ အာဏာရှင် အုပ်ချုပ်ရေးသက်တမ်းတလျှောက်မှာ အတတ်ပညာရှင်တွေ၊ လူငယ်ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့တာပါ။
      ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က ပညာရေးစနစ်ဟာ သိသိသာသာ ဆိုးရွားလာတဲ့အနေအထားကို ရောက်ရှိလာတာကြောင့် တကသ အနေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ပြီးတာနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေက အဲဒီဆန္ဒပြပွဲကို ရက်ရက်စက်စက်ဖြိုခွဲခဲ့ပါတယ်။ ဘယ်လောက်ထိအောင် ရက်စက်ခဲ့သလဲဆိုရင် မြန်မာပြည်စစ်မြေပြင်မှာ တစ်ခါမှ အသုံးမပြုဖူးသေးတဲ့ မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။
      ဒီဖြိုခွဲခဲ့မှုကြောင့် ကျောင်းသား ၁၇ ဦး သေဆုံးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းသေဆုံးသွားတဲ့ ကျောင်းသားပေါင်း ၁ဝဝ ကျော်တယ်လို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူများက ဆိုပါတယ်။ အာဏာပိုင်တွေဟာ သူတို့ကို အံတုလာသူ ဘယ်သူ့ကိုမဆို မျက်နှာသာမပေးဘူးဆိုတာကို ပြသ လိုပုံရပါတယ်။ နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်အစောကြီးမှာပဲ လွတ်လပ်ရေးလှုပ်ရှားမှုတလျှောက်လုံး အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲပစ်လိုက်ပါတော့တယ်။ ဒါ့အပြင် အဲဒီအချိန်က အမြင့်ဆုံးအာဏာရှိတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက “ကျနော်တို့အလုပ်ပျက်အောင် တမင်တကာလုပ်နေကြတာဆိုရင် ကျနော် နောက်ထပ်ဘာမှမပြောလိုတော့ဘူး။ အနည်းဆုံး ဓားကိုဓားနဲ့ လှံကိုလှံနဲ့ ‘Face to Face’ ရင်ဆိုင်ဖို့ပဲ ရှိပါတယ်လို့ ရေဒီယိုကနေ ပြောဆိုခဲ့ပါသေးတယ်။
      ဖြိုချဖျက်ဆီးခြင်းခံလိုက်ရတဲ့ တကသ အဆောက်အဦးမြေကွက်လပ်မှာ ကျောင်းသားများက ယာယီ ကျောင်းသားသမဂ္ဂအဖြစ် တဲထိုးခဲ့ပေမယ့် မကြာခင်မှာပဲ ဖျက်ဆီးခြင်း ခံလိုက်ရပြန်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ဟာ ကျောင်းသားလူငယ်များကို တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်များဖြစ်တယ် ဆိုတဲ့ ယူဆချက်မျိုးမရှိကြဘဲ သူတို့တွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်မယ့်သူတွေလို့ယူဆရင်း ရန်သူတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်ပေါ်ပေါက်ဖို့ ခွင့်မပြုခဲ့သလို၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားခွင့်များကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ ဒီလို အခွင့်အရေးများဆုံးပါးခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံ တည်ရှိခဲ့ရာနေရာဟာ ယခုထက်တိုင် မြေကွက်လပ်ကြီးတစ်ခုအဖြစ် တည်ရှိနေဆဲပါ။
      ဘယ်သူမဆို မိမိလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တစ်ခုဟာ မမှန်ကန်ခဲ့ဘူးဆိုရင် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အမြဲစိုးရိမ်ထိတ်လန့် နေတတ်ပါတယ်။ မြန်မာနိုင်ငံက အာဏာရှင်များကလည်း ဒီအတိုင်းပါပဲ။ ဇူလိုင်လ ၇ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အတိတ်ဖြစ်ရပ်ဟာ သူတို့ကို တစ္ဆေခြောက်သလို အမြဲတမ်းခြောက်လှန့်နေခဲ့ပါတယ်။ သူတို့ရဲ့ ကြောက်ရွံ့မှုက ကြီးမားလွန်းတော့ ဇူလိုင်လ ၇ ရက်နေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ပြန်လည် ပြောဆိုသူတွေ၊ ပြန်လည်ဖော်ထုတ်သူတွေဆိုရင် မညှာမတာနှိပ်ကွပ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ၁၉၇၈ ခုနှစ်မှာ ‘အရေးတော်ပုံသမိုင်း ဆိုတဲ့အမည်နဲ့ ဇူလိုင် ၇ ရက်နေ့အရေးအခင်းအကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေခဲ့လို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတွေအပါအဝင် ကျောင်းသား ၅ဝ ကျော် အဖမ်းခံခဲ့ကြရပါတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုဖို့ကြိုးစားခဲ့သူ ကိုအောင်ထွန်းလည်း နအဖ စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ‘နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလို့ သူတို့ကိုယ်သူတို့ အမည်မှည့်ခေါ်ထားတဲ့ စစ်အစိုးရက ကိုအောင်ထွန်းကို  ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပါတယ်။
      အများသိကြတဲ့အတိုင်း ကျောင်းသားလှုပ်ရှားမှုများက စတင်ခဲ့တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို အာဏာပိုင်တွေက ရက်ရက်စက်စက် ဖြိုခွဲခဲ့တာကြောင့် ကျောင်းသားအများစုအပါအဝင် ပြည်သူလူထု ထောင်ချီအောင် သေဆုံးခဲ့ရပါတယ်။ အရေးတော်ပုံကာလအတွင်း ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ တကသအဆောက်အအုံနေရာဖြစ်တဲ့ မြေကွက်လပ်ကြီးမှာ ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ စုဝေးပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်ကတော့ ၁၉၈၉ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစပြီး ၂၀၀၄ ခုနှစ်အထိ မြန်မာစစ်အစိုးရရဲ့ နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသလို အခုလည်း ထပ်မံ အကျဉ်းကျခံနေရဆဲပါပဲ။
      ဒါတွေဟာ လွန်ခဲ့တဲ့ ၄၉ နှစ် အကြာက ဇူလိုင်လ ၇ ရက်နေ့ အရေးအခင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာရှင်အုပ်စိုးသူများက သူတို့ရဲ့ အမူအကျင့်အတိုင်း ကျောင်းသားလူငယ်များကို ဖိနှိပ်သလို ကျောင်းသားလူငယ်များကလည်း သူတို့ရဲ့အစဉ်အလာအတိုင်း ကြံ့ကြံ့ခံတော်လှန်ဆဲဖြစ်တာကို မျက်ဝါးထင်ထင် တွေ့မြင်ရတာပါပဲ။ တော်လှန်ရေးတစ်ရပ်ကို အလွယ်တကူ ဖျောက်ဖျက်ပစ်လို့မရဘူးဆိုတဲ့အချက်ကိုပါ သတိပြုမိစေပါလိမ့်မယ်။
      ဖိနှိပ်ခံကျောင်းသားခေါင်းဆောင်များဟာ သူတို့ရဲ့အတွေ့အကြုံတွေ၊ သူတို့ရဲ့စိတ်ဓာတ်တွေကို နောက်လူငယ် ကျောင်းသားများကို အသိလက်ဆင့်ကမ်းခဲ့တာကြောင့် တော်လှန်ရေးမျိုးဆက် ပြတ်တောက်သွားခြင်းမရှိဘဲ အာဏာရှင်များကို အမြဲတမ်း တော်လှန်နေကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ အခမ်းအနားတွေ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်ဖို့ အခွင့်အရေးမရကြပေမယ့် အတိတ်က အမှတ်ရစရာဖြစ်ရပ်တွေရှိခဲ့တဲ့ နေ့ရက်တွေကိုရောက်တိုင်း ရောက်ရာအရပ်မှာ လက်လှမ်းမီရာ စုဝေးရင်း တော်လှန်ရေးစိတ်ဓာတ် မပျောက်ပျက်အောင်မွေးမြူတဲ့ အထိမ်းအမှတ်ပွဲကလေးတွေတော့ လုပ်ဆောင်လေ့ရှိပါတယ်။ အနည်းဆုံး ကဗျာရွတ်ဆိုပွဲ ကလေးတွေ၊ စကားဝိုင်းကလေးတွေကို လုပ်ဆောင်တတ်ကြပါတယ်။
      တကယ်တော့ ဒါတွေဟာ အာဏာပိုင်တွေ ကြောက်ရွံ့တဲ့ လုပ်ဆောင်မှုတွေဖြစ်သလို လုပ်ဆောင်သူတွေအတွက် တစုံတရာအန္တရာယ်ရှိတဲ့ လုပ်ရပ်တွေလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အပေါ် စေတနာမှန်ကန်မှု မရှိတဲ့ အုပ်စိုးသူတွေအဖို့တော့ ဇူလိုင်တစ္ဆေက အမြဲတမ်း ခြောက်လှန့်နေမှာပါပဲ။  ။
 ထိန်လင်း
Monday, June 13, 2011
ဘုရားသာသနာလား … စစ်တပ်သာသနာလား …
(၁)
အရှင်ဘုရား အရှင်ဘုရားတို့ ကူညီထားတဲ့ သီလရှင်ကို စက်ချုပ်သင်တန်းက လက်မခံတော့ဘူးတဲ့ဘုရား။
အထက်ပါ စကားကို အမော တကော လျှောက်ထားသူကတော့ သံဃာတော်တွေနဲ့ သီလရှင်တွေကိုထောင်ဝင်စာတွေ့နေသူ ၂၀၁၁ ခုနှစ်၊ ပြည်သူ့ဂုဏ်ရည်ဆု ရှင် ဒေါ်ရှုပါ။ ဘယ်လိုများဖြစ် လို့ပါလိမ့်လို့ဆက်မေးကြည့်တော့ …။
''မှန်ပါ … စက်ချုပ်သင်တန်းကို တပည့်တော်ကိုယ်တိုင်လိုက်အပ်ပေးတာလေ … အဲဒါ ဒီနေ့တပည့်တော်ပုံကို ဂြိုဟ်တုစလောင်းကနေ တွေ့လို့တဲ့။ တပည့်တော်အပ်တာဆို လက်မခံရဲတော့ဘူးဆိုပြီး ပိုင်ရှင်ကနှင်ထုတ်လိုက်တာပါဘုရား''
ဟု ပြန်လျောက်၏။
''အော် ဖြစ် မှဖြစ်ရပလေ''
ဟုသာ ညည်းးမိပါတော့တယ်။
(၂)
အပြည့်အစုံနားလည်အောင်ပြန်ပြောရရင်တော့ အဖြစ်ကဒီလိုပါ။ ၂၀၀၇ စက်တင်ဘာအရေးအခင်းဖြစ်တော့ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးကျောင်း တွေကို စစ်တပ်က၀ိုင်းဖမ်းလို့ ရဟန်းသံဃာတော်တွေ သီလရှင်တွေ အမြောက်အများအဖမ်းခံခဲ့ရပါတယ်။
 အဲဒီအဖမ်းခံရတဲ့အထဲက မြောက်ဥက္က လာပမြို့နယ် သစ္စာသရဖူကျောင်းလည်း တကျောင်းအပါအ၀င် ပါ။ ကျောင်းထိုင်ဆရာတော်အပါ အ၀င် သံဃာ (၇) ပါးနဲ့ သီလရှင်(၇) ပါး ပါ အဖမ်းခံခဲ့ရ တယ်။ အချို့ဆရာတော်ကြီးတွေနဲ့ သီလရှင်ကြီးတွေက သက်တော် (၇၀) ကျော် (၈၀) နီးပါးအရွယ်တွေပါ။ ဆရာတော်ကြီးတပါးနဲ့ သီလရှင်ကြီး နှစ်ပါးက လေဖြတ်ခံထားရသူတွေ။ အဲဒီတုန်းက အဖမ်းခံခဲ့ရပုံကို ဆရာလေး မ၀ိစိတ္တက ဒီလိုပြန်ပြောပြခဲ့ပါတယ်။
''ညအချိန်မတော်ကြီးဘုရား စစ်တပ်က၀ိုင်းပြီးဖမ်းတာဘုရား … တပည့်တော်တို့ကျောင်းက ဆရာတော်ကြီးအပါအ၀င် သံဃာ (၇) ပါးနဲ့ သီလရှင် (၇) ပါး အဖမ်းခံခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ကို အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ (၂၉၅) (က) ပုဒ်မ (၂၉၂) တို့နဲ့ ထောင်ဒဏ် (၄) နှစ်နဲ့ (၃) လအသီးသီးချမှတ်ခံခဲ့ရပါတယ်ဘုရား''
ဟု ၀မ်းနည်းကြေ ကွဲစွာ တုန်တုန်ရီရီဖြင့် လျှောက်ထားပါတယ်။
''ထောင်တွင်းအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လဲ အစားအသောက်ကိစ္စတွေ ကျန်းမာရေးကိစ္စတွေကတော့ အများ သိပြီးဖြစ်လို့ ထပ်မလျောက်ချင် တော့ပါဘုရား။ တပည့်တော်စိတ်မကောင်းအဖြစ်ရဆုံးကတော့ တပည့်တော် အမေ အိုကြီးေ ထာင် တွင်းမှာအရိုက် ခံရတာကို မျက်စေ့ထဲက မထွက်ဘူး ဘုရား''
ဟုပြောရင်း ငိုချင်းချပါလေတော့တယ်။
တမိနစ်ခန့်ကြာမှ အသံကိုထိမ်းပြီး ''တပည့်တော်အမေအို သီလရှင်ကြီးက အသက် (၆၀) ကျော် (ရ၀) နီးပါးဖြစ်နေပြီ။ နဂိုကတည်းက စိတ်က သိပ်မ မှန်တော့ဘူးဘုရား။ အသက်ကလဲကြီး အနေအထိုင် အစားအသောက်ကလဲ ဆင်းရဲတော့ စကားများတာ ပေါ့ဘုရား …။ အဲဒါကိုထောင်ဝန်ထမ်းတွေက ဆူတယ် ညံတယ် အေးအေးမနေဘူးဆိုပြီး အမေအိုကြီးကို လက်သီးနဲ့ထိုးတာ သွားနှစ်ချောင်းကျိုးသွား တယ်ဘုရား …။ နောက်ဘယ်နေရာတွေ ဘာဖြစ်ကုန်လဲမသိဘူးဘုရား … တော်တော်နဲ့သတိမရဘူး။ အတော်လေးခံလိုက်ရတယ်။ ကိုယ့်အမေအိုကြီးကို ကိုယ့်ရှေ့ မှာထောင်ဝန်ထမ်းက လက် သီးနဲ့ထိုး ခြေထောက်နဲ့ကန်လုပ်နေတာကို တပည့်တော် ဘာမှမပြောနိုင် မကယ်နိုင်နဲ့ ဘယ်လောက်ခံစားရ မယ်ဆိုတာ အရှင်ဘုရား စဉ်းစားကြည့်ပါ ဘုရား''
ဟု ၀မ်းနည်းကြေကွဲစွာပြန်ပြောပြရှာပါတယ်။
''အတော်လေး ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ထောင်ဝန်ထမ်းပါတကား''
ဟု သက်ပြင်းအခါခါချမိပါတော့တယ်။
''အဖမ်းခံခဲ့ရတာနဲ့ပက်သက်ပြီးတော့ လည်း တပည့်တော် တကယ်ခံစားရတယ်ဘုရား ဖြစ်ပျက်သွားတာတွေကို အစကနေအဆုံးအထိ မမေ့ဘူး ဘုရား…။ တပည့်တော်ရဲ့ဘ၀မှာ ဒါမျိုးဖြစ်လိမ့်မယ်လို့လဲ တခါမှထင်မထား ဘူးဘုရား။ တပည့်တော်တို့ကို အပြစ်မရှိဘဲ အပြစ်ရှာပြီးဖမ်းလို့ (၄) နှစ် ကျော်ထောင်ထဲမှာနေခဲ့ရတယ်။ နာနာကျင်ကျင်ကြီး ကိုခံစားရပါတယ်ဘုရား …။ အတတ်နိုင်ဆုံးတ ရားနဲ့ ဖြေပါတယ်ဘုရား…။ ကလဲ့စားချေလိုစိတ်လဲ မရှိပါဘူးဘုရား''
ဟု နာကျည်းသံတ၀က် တရားသံလေးတ၀က် စွက်ပြီးဖြေကြား ပါတယ်။
(၃)
''တပည့်တော်တို့ (….) နေ့က သီရှင်လေးပါးလုံး ထောင်ကလွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်း ကိုပြန်ပါတယ် တပည့်တော်တို့ သီလရှင်တွေမရောက်ခင် အာဏာပိုင်တွေက အရင်ကြိုရောက်နေပြီး ဒီကျောင်းမှာပြန်နေလို့မရတဲ့ အကြောင်း သီလရှင်ဝတ်ခွင့်မပြုနိုင် ကြောင်းပြောပြီး သီလရှင်တွေကိုမောင်းထုတ်ခဲ့တာ ပါ။ ထောင်ကထွက်ခါစ ကျန်းမာရေးကလည်း မကောင်း နေစရာစားစရာမရှိ ဘယ်သွားရမှန်းမသိနဲ့ တပည့်တော်တို့ သီလရှင်တွေလမ်းပေါ်မှာ ယောင်ချာချာဖြစ်နေခဲ့ တာပါ။ နောက်ဆုံးတပည့်တော် တို့သတိရလိုက်တာကတော့ အမှုရင်ဆိုင် တုန်းက တရားရုံးကိုလာပြီး ဆွမ်းကပ်သူ အ၀တ်အ စား ဆေးဝါးပေးသူ ထောင်တွင်းကို ထောင်ဝင်စာပို့ ပေးနေသူေ ဒ်ါရှုကိုပါ။ ဒေါ်ရှုက သီလရှင်တွေရဲ့အခက် အခဲကိုဖြေရှင်းပေးလိုက်လို့ အထိုက်အလျောက်အဆင်ပြေသွားပါတယ်။ လွတ်လာတဲ့ သီလရှင်လေးပါးထဲမှာ သီလရှင်အိုကြီးနှစ်ပါးကတော့ သူတို့ရဲ့ အမျိုးတွေကတာဝန်ယူသွားလို့ အဆင်ပြေ သွားပါတယ်။ တပည့်တော်တို့သားအမိကတော့ ဦးလေးဖြစ်သူအိမ်မှာ ကပ်ရပ်ပြီးနေထိုင် ခဲ့ကြပါတယ်။ ဦး လေးဖြစ်သူက အကြော်ရောင်းကျွေပြီး စောင့်ရှောက်ခဲ့တာပါ။ အတောာ်လေးဆင်းရဲ တယ်ပါတယ်ဘုရား''
ဟု ကြောင့်ကြောင့်ကြကြ ပူပူပင်ပင် ဆိုရှာပါတယ်။
သီလရှင်လဲပြန်ဝတ်လို့လဲမရတော့ ဆရာလေးမ၀ိစိက္တကို အသက်မွေးဝမ်းကြောင်းမှု့အတွက် ဒေါ်ရှုက စက်ချုပ်သင်တန်း အပ်ပေးခဲ့ေ ပမယ့် စက်ချုပ်ရုံ သင်တန်းပိုင်ရှင်က အထက်ကပြောခဲ့သလို အကြောက်လွန်ပြီး ခုလိုလက်မခံရဲတော့ဘူးဆို တဲ့ အခြေအနေတွေဖြစ်လာတာပါ။
စာရေးသူလဲ မည်ကဲ့သို့ ပြု လုပ်ပေးရမည်မသိဖြစ်သွားရပါတယ်။ တခုခုတော့ အဆင်ြေ ပေ အာင် စီစဉ်ပေးရအုံးမယ်ထင်ပါရဲ့။
(၄)
ထောင်ထွက်တွေရဲ့ဘ၀တွေက အင်မတန်ဝမ်းနည်းကြေကွဲစရာတွေပါ။ ဆွေမျိုးသားချင်းတွေကအစ အာဏာပိုင်တွေက ဒုက္ခပေးမှာကြောက်လို့သူတို့ အိမ်ကို ထောင်ထွက်တွေလာမှာကို စိုးရိမ်ကြတယ်။ ခုတော့ သူတို့ဘာဆက်လုပ်ရ မှန်းမသိနဲ့ စိတ်ဆင်းရဲစွာ ဘ၀ကိုရင်ဆိုင်နေကြရပါတယ်။ သူတို့လိုပဲ ထောင်ကထွက်လာတဲ့သံဃာတော်တွေလဲ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ကြရတာပါ။
ယခုနယ်စပ်တနေရာကိုရောက်နေတဲ့ မိမိအသိ ဆရာတော်နှစ်ပါး ဆိုရင် ထောင်ထဲမှာ (၁၆) နှစ်နေခဲ့ကြရပြီး ထောင်ကထွက်လာတဲ့အခါ လက်ရှိကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က သိပ်ပြီးလက်မခံချင်တဲ့ အတွက် အာဏာပိုင်တွေကို သူတို့ကိုယ်တိုင် ကျောင်းကို ဘယ်နိုင်ငံရေးသမားတွေလာတယ် … ဘယ်သွားတယ် … ဘယ်လာတယ် … စသည်ဖြင့် သတင်းတွေ ပေးနေလို့ ဆက်မနေရဲတော့ဘဲ ဇာတိရွာတွေကိုပြန်သွားခဲ့ ရပါတယ်။
ရောက်တဲ့နေရာမှာ အာဏာပိုင်တွေက ထောင်ထွက်ဘုန်းကြီးတွေကို လက်ခံထား တဲ့ဘုန်းကြီးကျောင်းနဲ့ ကူညီနေသူတွေကို မကူညီရဲအောင် နည်းမျိုးစုံနဲ့ခြိမ်းခြောက်ပါတယ်။ ထောင်ထွက်ဘုန်းကြီးတွေကိုလဲ နေလို့မရအောင် အနှောင့်အယှက်ပေးတဲ့အတွက် ပြည်တွင်းမှာဆက်မနေရဲတော့ဘဲ ထိုင်းနိုင်ငံ လွတ်မြောက်နယ်မြေတနေရာကို ထွက်ခွာ လာခဲ့ရပါတော့တယ်။
အဲဒီထက် ပိုပြီးဆိုးတဲ့အဖြစ်အပျက်တခုလဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ြေ ခာက်လလောက်က ထောင်ကထွက်လာ တဲ့ ဘုန်းကြီးအိုကြီး တပါးရဲ့အဖြစ်မှန်ပါ။ ထောင်ကထွက်လာတော့ အရင်နေခဲ့တဲ့ကျောင်းကလဲ လက်မခံ၊ အခြားကျောင်းတွေကလဲ အာဏာပိုင်ကိုကြောက်လို့ လက်မခံရဲကြဘူး။ နေစရာကျောင်းမရှိလို့ ရထားဘူတာမှာ သွားအိပ်နေရရှာပါတယ်။ ရဲပတ္တရောင်နဲ့တိုးပါတယ် …။ ဘုန်းကြီးဖြစ်ကြောင်း ဒီနေ့မှထောင်ကထွက်လာကြောင်း နဲ့ ထောင်ထွက်လက်မှတ် ကိုပြပြီး ရှင်းပြပေမယ့် လက်မခံဘဲထောင်က ထွက်တဲ့နေ့မှာဘဲ ပြန်လည်အဖမ်းခံလိုက်ရပါတယ်။ တကယ့်ကိုဝမ်းနည်းစရာ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်နေပါပြီ။
န၀တ-နအဖလက်ထက်မှသည် ဦးသိန်းစိန်အစိုးရတက်လာတဲ့ ယနေ့အချိန်ထိ ဘာသာရေးဝန်ထမ်းတွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေနဲ့ သီလရှင် တွေဟာ အဖိနှိပ်ခံနေရဆဲ၊ ဘာသာရေးအခွင့်အရေးတွေချိုးဖောက်ခံနေရဆဲ ဆုံးရှုံးေ နရဆဲပါ။ မတရားတာတွေမလုပ်ကြဘို့ မှန်မှန်ကန်ကန်လုပ်ကြဘို့ တရားဟောတဲ့ဆရာတော်တွရဲ့ တရားပွဲတွေလဲ အပိတ်ခံထားရပါတယ်။ နာဂစ်မုန်တို င်းကြောင့် ဘေးဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ ဘုန်း တောကြီး အတော် များများလဲ စစ်အာဏာရှင်တွေရဲ့ အနှောင့်အယှက်ေ ပးမှုက မလွတ်ပါဘူး။
ယနေ့ မိမိတို့ဗုဒ္ဓဘာသာသာသနာအခြေအနေကို ပြန်ကြည့်ရင် အဖက်ဖက်က ချွတ်ခြုံကျနေတာကိုတွေ့ရမှာပါ။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့် ပွားရေး ဆောင်ရွက်နေပါတယ်ဆိုတဲ့ သံဃာ့မဟာနာယကဆရာတော်များကလဲ သံဃာတွေ မတရားအဖိနှိပ်ခံနေရတာတွေကို သိပါလျှက်နဲ့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး နှာစေးေ တ်ာမူနေကြဆဲပါ။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းကလဲ စစ်အာဏာရှင်တွေက ဘုန်းကြီးအတု တွေလို့ပြောပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က၀င်စီးတုန်းကလဲ တားမြစ်တော်မမူရှာဘူး။ ခပ်မဆိတ်နေတော်မူရှာပါတယ်။ စစ်အုပ်စုက သံဃာ ငယ်တွေကိုနှိပ်ကွပ်ဘို့ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီးပြောခိုင်းတဲ့အခါမှာတော့ သံဃာ့မဟာနာယကဆိုသူတွေဟာ ရဟန်းဆိုတာ ဘာဓူရ ညာဓူရ လုပ်ရမယ်နဲ့ စစ်အာဏာရှင်တွေအလိုကျ ပြောတော်မူပါတယ်။ အဲဒီလို အဂတိတရားတွေလက်ကိုင်ထားနေတဲ့ သံဃာ့မဟာနာယကပါ။ အဲဒီလို ပျက်စီးနေတဲ့အခြေအနေတွေကို သာသနာ စိတ်ရှိကြတဲ့ ဆရာတော်၊ သံဃာတော်တွေက အချိန်မီမပြုပြင်နိုင်ကြရင် မကာကွယ်နိုင်ကြရင်ဖြင့် ဗုဒ္ဓဘုရားသာသနာ ကွယ်ပျောက်ပြီး စစ်တပ်အလိုကျတည်ထောင်ထားတဲ့ စစ်တပ်သာသနာတော်ကြီးဖြစ်သွားတော့မှာဖြစ်ကြောင်း တင်ပြ လိုက်ရပါ တယ် …..။
အရှင်ပညာနန္ဒ
ဇွန် ၃၊ ၂၀၁၁
(www.baymyanmar.com မှ ကူးယူဖေါ်ပြပါသည်)
Sunday, June 12, 2011
ဘယ်လိုလူ ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်မလဲ
လူတစ်ကိုယ်အမြင်တစ်မျိုးဆိုသလို လူတစ်ဦးနှင့်တစ်ဦးလောကကိုရှုမြင်သုံးသပ်ရာတွင် အမြင်ချင်း မတူညီနိုင်ချေ။ ဒါပေမဲ့ လူမှန်ရင်ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူ့အသက်တစ်ချောင်းစာ တန်ဖိုးနဲ့ညီမျှတဲ့ ရှင်သန်နေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်တာကတော့တူညီကြပါတယ်။ ဒီလိုလူ့ဘဝကို တန်ဖိုးမဲ့စွာဖြုန်းတီးပြစ်တယ်ဆိုရင် အလွန်နှမျှောဖို့ကောင်းလှပါတယ်။ ကျနော်တို့အနေနဲ့ မိမိလက်ဝယ်ရှိပြီးသား လူ့ဘဝရဲ့တန်ဖိုးကို လေးလေးနက်နက်စဉ်းစားကြည့်မိကြရဲ့လား၊၊ တကယ်ကို မိမိရှင်သန်မှုကို အဓိပ္ပါယ်ရှိရှိ အသုံးချနေလား၊ထိုက်တန်အောင် လုပ်ဆောင်နေလားဆိုတာ မိမိကိုယ်ကို တခါတရံပြန်လည်ဆန်းစစ် ကြည့်သင့်ပါတယ်။ ကျနော်တို့လို သာမညလူမဟုတ်တဲ့ အတုမရှိတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်က နေ့စဉ်ဆွမ်းခံကြွပြီးအပြန် ခြေဆေးဖို့ရပ်တဲ့အခိုက်မှာ-ဒီလိုမိန့်မြွတ်ဖူးပါတယ်၊၊
        အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
 (၁)   ဒုလ္လဘော မုဒ္ဓွုပ္ပါဒေါ လောက သ္မိံ
 (၂)   ဒုလ္လဘော မနုဿတ္တËိလာဘော
 (၃)  ဒုလ္လဘော (သဒ္ဓွါ) သမ္ပတ္တိ
 (၄)  ဒုလ္လဘော ပဗ္ဗဇ္ဇာ
 (၅)  ဒုလ္လဘံ သ္ဓွမ္မဿန
 (၁) လောကမှာ ဘုရားအဖြစ်ဆိုတာ ရခဲတယ်။
 (၂) လူ့အဖြစ်ဆိုတာလည်း ရခဲတယ်။
 (၃) သဒ္ဓြွါတရားနှင့်ပြည့်စုံခြင်း ကိုလည်း ရခဲတယ်။
 (၄) ရဟန်းအဖြစ်ကိုလည်း ရခဲတယ်။
 (၅) သူတော်ကောင်းတရား နာကြားခွင့်ကိုလည်း ရခဲလှတယ့့် ဟုဆိုပြီးလူ့အဖြစ်ရခိုက်မမေ့မလျော့ မပေါ့မဆ သတိတရားလက်ကိုင်ထားရန်အလိုငှါ မိန့်ဘူးသည်ဟု(အံ၊ခ၊ဋ္ဌ၊၄၉)မှာဖတ်ဘူးပါတယ်။ ဒီလိုတန်ဖိုးရှိလှတဲ့ လူ့အဖြစ်ကို ရရှိဖို့ရာ ဘယ်လောက်ထိခက်ခဲတယ်ဆိုတာကို ရှင်တော်ဘုရားကဒီလိုလည်း ဥပမာပေးဘူးပါတယ်။ ကမBာမြေကြီးက မြေမှုံပမာဏနဲ့ သူ့လက်သည်းခွံပေါ်တင်တဲ့ မြေမှုံပမာဏ ကိုနှိုင်းယှဉ်ပြီး လူ့ဘဝ၊လူ့အဖြစ်ကို ရရှိရန်မှာ လက်သည်းခွံပေါ်က မြေမှုံပမာဏလောက်ကို နည်းပါးပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။
         ဒီလိုခက်ခဲလှတဲ့ တန်ဖိုးရှိတဲ့ လူ့ဘဝကို အတိတ်ကံ၏ကောင်းမှုကြောင့် ရရှိပြီးပါမှ ကျနော်တို့အနေနဲ့ အလဟသ ဖြုန်းတီး သလိုမျိုး၊ တန်ဖိုးသေးသိမ်စေသွားတာမျိုးဖြစ်အောင်မပြုမူသင့်ပါ။ ဒီနေ့ကမBာလို လူဦးရေ အဆမတန်တိုးပွါးနေလို့ အစာရိက္ခာကအစ အရာရာပြဿနာပေါင်းစုံနဲ့ လွှမ်းထုံနေတဲ့လောကကြီးမှာ လူ့ဘဝရှင်သန်မှုကို ရနေရုံနဲ့ကောင်းလှပြီဆိုတာ ဟုတ်ပါ့မလားလို့ အငြင်းပွါးမယ်ဆိုရင် အငြင်းပွါးနိုင်ပါတယ်။ ဒါကိုလည်း မြတ်စွာဘုရားရှင်က ကာလာမသုတ်မှာ အဆုံးအစွန်ထိဟောကြားထားဘူးပါတယ်။ ငါမြတ်စွာဘုရား
ဟောကြားတာမို့လည်း မျက်စိမှိတ်မယုံပါနဲ့။ ကျမ်းဂန်လာမို့လည်းမယုံသင့်။ သံသယဖြစ်သင့်သည့်အရာကို ကိုယ်ပိုင်စဉ်းဥာဏ်ဖြင့် တွေးတောပြီးမှလက်ခံရန် ဟောပြတော်မူခဲ့ပါတယ်။
    ဒါဟာ ပညာရှင်တွေ ဆွေးနွေးကြမယ့် အပိုင်းအဖြစ်ထားလိုက်ပါ။ ကျနော်ဆိုလိုချင်တာက ဒီအဖိုးထိုက်တန်လှတဲ့ လူ့ဘဝကိုရပြီးမှ ဘယ်လိုလူစားတွေအဖြစ် ကျနော်တို့ ရှင်သန်နေထိုင်သွားမလဲဆိုတာပါ။  အနည်းဆုံး တခေတ်မှာ တစ်ယောက်လောက်သာ ပေါ်ပေါက်တတ်တဲ့ အာဇာနည်ပုဂ္ဂိုလ်မျိုးမဖြစ်တောင် ကောင်းတဲ့အသက်မွေးမှုနဲ့ ရှင်သန်နေထိုင်ရင်း ပျော်ရွှင်အောင်ဖန်တီး ရယူနိုင်ပါတယ်။
         လူဆိုတာမွေးဖွားကတည်းက တူညီတဲ့တန်ဖိုးရှိတဲ့ အသက်တစ်ချောင်းကို ပိုင်ဆိုင်လာတာကတော့ အတူတူပါပဲ။ မွေးဖွားလာခဲ့တဲ့ နောက်ခံအသိုင်းအဝိုင်းကွာခြားချက်၊ ရုပ်ချောမှု၊ဥာဏ်ကောင်းမှု ဆိုတာတွေက အတိတ်ဘဝက ပေးတဲ့ကုသိုလ်ကံအလျောက် ဖြစ်ပေါ်ခဲ့တာမို့ ရွေးချယ်ခွင့်မရနိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိဘဝမှာတော့ ဇနကံ (အတိတ်ဘဝကုသိုလ်ကံကြောင့် ဖြစ်ပေါ်မှု) ကိုရှောင်လွဲလို့ မရပေမယ့် ကြိုးစားအားထုတ်ပြုပြင်သူတို့  အတွက်တော့ ပစ္စုပ္ပုန်မှာ ပြောင်းလဲနိုင်ပါတယ်၊၊ ပစ္စုပ္ပန်ကံဖြင့် တိုးတတ်အောင် ဖြည့်ဆည်းရင်း ကျနော်တို့  ဘဝ ကို ကောင်းကျိုးချမ်းသာရအောင် လုပ်ဆောင်ရပါမယ်၊၊ “ကောင်းတာတွေ လုပ်ပေမယ့် ငါတို့ ကတော့ ဆင်းရဲ နေတာပဲ တချို့ များမကောင်းတာတွေ လုပ်ပြီး ချမ်းသာနေတာပါပဲ ဆိုပြီး မိမိကောင်းတာလုပ်နေတာ အပေါ်မှာ သံသယဝင် အယူမှားတတ်ပါတယ်၊၊ ကောင်းတာလုပ်ခြင်းသည် ကောင်းကျိုးကိုရမည်ဆိုတာ သေချာပါတယ်၊၊ ဆင်ရဲခြင်းကို ချက်ချင်းမပယ်ဖျက်နိုင်သော်လည်းကောင်းတာလုပ်နေသရွေ့ ကာလမှာတော့ အနည်းဆုံး လော လောဆယ် စိတ်ချမ်းသာစွာ ၊ လိပ်ပြာသန့် စွာနဲ့ နေထိုင်ခွင့်ကို ရရှိပါမယ်၊၊ မကောင်းတာတွေ လုပ်နေသူ အတွက် တော့သူရဲ့ ဝိဥာဉ်လိပ်ပြာရဲ့  အစဉ်အမြဲခြောက်လှန့် မှုနဲ့ အတူ ဘဝမှာ လိပ်ပြာလုံစွာ ရှင်သန်ခွင့် မရနိုင်ပါဘူး။
    တကယ်တော့ လူ့ ဘဝ ဆိုတာ အမှန်တိုတောင်းလှပါတယ်၊၊ ဒီလို ရှင်သန်ခွင့် တိုတောင်းလှတဲ့ ကာ လမှာ ကျနော်တို့ ဟာ ဘယ်လို လူစားတွေအဖြစ် ရှင်သန်နေထိုင်သွားမလဲဆိုတာက အရေးကြီးလှပါတယ်၊၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လို အာဇာနည်ပုဂ္ဂိုလ်များဆို သူတို့ ရဲ့  ရှင်သန်ခွင့် တိုတောင်းခဲ့ပေမယ့် သူတို့ ရဲ့  ကောင်း ကျိုးလုပ်ရပ်တွေကြောင့် သူတို့ ရဲ့  ကျေးဇူးတရားနဲ့  နာမည်ဂုဏ်သတင်းကတော့ အစဉ်အမြဲရှင်သန်နေမှာပါ၊၊ ဒါကို ဘယ်လိုအရာတွေကမှ ပိတ်ပင်တားဆီး ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး၊၊ ဒါပေမယ့် သန်းရွှေလို လူစား မျိုးကြတော့ လူမသေသေးပေမယ့် သူ့ ရဲ့ ရှင်သန်မှုက သေဆုံးသွားပါပြီ၊၊ မကောင်းတာလုပ်တဲ့ လူအတွက်တော့ သမိုင်းမှာ လူဆိုးလူယုတ်မာဆိုတဲ့ မကောင်းသတင်းကတော့ ထာဝရ ကျန်ရစ်ခဲ့မှာပါ၊၊ အာဏာ စည်းစိမ် တွေ ဘယ်လောက်ရှိရှိ မကောင်းတဲ့ အလုပ်တွေ နဲ့  နေထိုင်နေသူအတွက်တော့ သူရဲ့  လိပ်ပြာမလုံခြံမှုနဲ့ အတူ နေ့စဉ် ခြောက်လှန့် ခံနေရမှာပါ၊၊
    ကျနော်တို့တွေရဲ့ ဘဝဟာ အခုနေခါမှာ မပြည့်စုံမှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရလို့ စိတ်ဓါတ်ကျစရာ၊ ဝမ်းနည်းအားငယ်နေစရာ မလိုပါဘူး။ မျှော်လင့်ချက်နဲ့ ကြိုးစားအားထုတ်နေတဲ့ ရှင်သန်တဲ့ဘဝကို ပိုင်ဆိုင်သူတိုင်းမှာ အခွင့်အလမ်းရှိပါတယ်။ ကျနော်တို့ဟာ အိစက်လှတဲ့ တန်ဖိုးကြီးလှတဲ့ ဖဲမွေ့ယာပေါ်မှာ အိပ်မှမဟုတ်ပါဘူး။ မာကျောကြမ်းတမ်းလှတဲ့ ကျောက်ခင်းလမ်းပေါ် အိပ်သူကလည်း နတ်သမီးအိမ်မက် မက်ခွင့်ရှိပါတယ်။ နတ်သမီးအိမ်မက်ကို အကောင်အထည်ဖေါ် ကြိုးစားတဲ့နေရာမှာ ယုံကြည်ချက်တခုကို စွဲစွဲမြဲမြဲ မွေးမြူထားဖို့လိုပါတယ်။ ယုံကြည်ချက် တကယ် ခိုင်မာပြီဆိုရင် အင်မတန် မာကျောလှပါပြီဆိုတဲ့ ကျောက်ဆိုင်ကျောက်သား၊ သံမဏိတွေတောင် အရှုံး ပေးရပါတယ်။   ယုံကြည်ချက်တခုနဲ့  လျှောက်နေသူရဲ့  အနာဂါတ်ကို မာရ်နတ်မင်းရဲ့  လက်ပေါင်းတထောင်နဲ့ တားဆီးပိတ်ပင်လို့လည်း မအောင်မြင်နိုင်တာ အမှန်ပါ။
    ကျနော်တို့အနေနဲ့ လောကအကျိုး၊ လူအများအကျိုးအတွက် မိမိအသက်ကိုပင် စွန့်လွှတ် နိုင်သည်အထိ လောကအကျိုးအတွက် သယ်ပိုးဆောင်ရွက်သွားတဲ့ သူရဲကောင်းများ မဖြစ်နိုင်တောင် အနည်းဆုံး လူ့လောကကို ဆိုးကျိုးမဖြစ်စေမဲ့ ကောင်းသော အသက်ရှင်မှုနဲ့ အသက်ရှင်နေထိုင်တဲ့ ဘဝကိုတော့ ဖန်တီးယူနိုင်ပါတယ်။ ထို့အတူ မကောင်းမှုကို ပြုလုပ်နေသူတွေကို တားဆီးရာမှာလည်း ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ခေါင်းဆောင်မဖြစ်နိုင်တောင်Pink Floyd  ရဲ့  The Wall အယ်လ်ဘမ်ထဲက ကျူးရင့် ထားသလို Another brick in the wall ....နံရံထဲက နောက်ထပ် အုပ်ခဲလေး၊ အုပ်ချပ် လေး တချပ်အဖြစ်နဲ့ပေါ့၊၊
    ဒီလို အုတ်တချပ် အဖြစ်ပါဝင်ရမှာလည်း ခပ်ညံ့ညံ့ မခိုင်မာတဲ့ အုတ်တစ်ချပ်မျိုးမဖြစ်အောင် အမြင်ကျယ်ကျယ် နဲ့  ပညာကောင်းကောင်းတတ်သော လူသားများဖြစ်ရန် ကြိုးစားရပါ့မယ်၊၊ ကောင်းတာလုပ်တာမှန်ပေမယ့် ဘာ မှ မလေ့လာ မပြင်ဆင်ထားရင် သာမန်ပဲဖြစ်ပြီး အရာရောက်နိုင်မှာ မဟုတ်ပါဘူး၊၊ ယနေ့  ကမBာလို မမျှော်လင့် သော ပြဿနာများ လျှင်မြန်စွာ ဖြစ်ပျက်နေချိန်မှာ ကျနော်တို့ အနေနဲ့  ပြဿနာအသစ်များအတွက် အမှီအခို ကင်းကင်း တွေးမြင်နိုင်စွမ်းကို ပြုစုပျိုးထောင်ပေးရပါမယ်၊၊ ဒါမှသာ ကိုယ်ရည်ကိုယ်သွေးရှိသော လူစွမ်းကောင်း ဦးဆောင်ချိန်မှာ ရည်ရွယ်ချက်ပန်းတိုင် အရောက်လှမ်းနိုင်ဖို့  ထောက်ပံ့ပေးနိုင်သည့် လူသားကောင်း၊ နောက်လိုက် ကောင်း ဖြစ်နိုင်ပါလိမ့်မည်၊၊
    ဒီလိုရှင်သန်ခွင့်ကို ယုံကြည်ချက်တခုနဲ့ ကြိုးပမ်းအားထုတ်တဲ့ နေရာမှာ ကောင်းတာလုပ်တာပဲ ကောင်းတာဖြစ်မှာပေါ့ ဆိုပြီး ဘာမှမပြင်မဆင်၊ မတွေးမတောနဲ့ လုပ်ရင်တော့ အောင်မြင်မှုနဲ့ ဝေးကွာရတတ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး လူတိုင်းအမှတ်တမဲ့ အမြဲပြောပြောနေတဲ့ စကားလေး တခွန်းကိုတော့ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် တန်ဖိုးရှိတဲ့ ကျနော်တို့တွေရဲ့ ဘဝကို ဖန်တီးနိုင်မှာပါ။ တခြားမဟုတ်ပါဘူး SMART ကျကျ လုပ်ဆောင်ရပါမယ်။ "S"specific (တိတိကျကျ သတ်သတ် မှတ်မှတ်ဖြစ်ရမယ်) "M"measurable (မိမိရဲ့ အနေအထား၊ လုပ်ဆောင်ရမဲ့ အရာတွေကို တိုင်းတာ နိုင်စွမ်းရှိရမယ်) "A" achievable (မိမိလုပ်ဆောင်ရမယ့် ကိစ္စကိုလုပ်ဆောင်နိုင်မယ့် စွမ်းရည်ရှိရမယ် )"R"realistic ( ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်ကို လက်တွေ့ ကျ ရမယ် )"T" Time - Bound          (ဘယ်အချိန်၊ ဘယ်ကာလ အတွင်းဆိုတဲ့  ကာလ ကန့် သတ်ချက်ရှိရ မယ်) ဒီလိုသာ ကျနော်တို့ ရဲ့  ဘဝများကို smart ကျကျနဲ့  ကောင်းတာတွေလုပ်ပြီး ဆက်လက်လျှောက်လှမ်း မယ်ဆို ပစ္စုပ္ပန်မှာလည်း ပျော်ရွှင်ရမယ်၊၊ ကျနော်တို့ ရဲ့ ဘဝမှာ ပြီးပြည့်စွာ နေထိုင်သွားနိုင်ခွင့် ရပါလိမ့်မယ်၊၊ ထိုအတူ မိမိကိုယ်ကို လိပ်ပြာလုံစွာ ဘဝကိုဖြတ်သန်းခဲ့တဲ့ အတွက် ဘာနောင်တ တရားမှ ကျန်ရစ်မှ မဟုတ်ပါ ဘူး၊၊ ထို့ အတူ ဘာနောင်တရားမှ မချန်ရစ်ခဲ့အတွက် ဘဝရဲ့ ဆည်းဆာချိန်ကိုလည်း ငြိမ်းချမ်းအေးချမ်းစွာ ဖြတ်သန်းနိုင်မှာ မလွဲပါ၊၊ (ဆည်းဆာ = ကာလအကူးအပြောင်း)
    ကျနော်တို့  တစ်ဦးချင်စီနဲ့  ဖွဲ့ စည်းထားတဲ့ လူ့ အဖွဲ့ အစည်းကြီးဟာ ကျနော်တို့ ရဲ့  ချစ်လှတဲ့ နိုင်ငံ တော်ကြီးပါ၊၊ ဘယ်သူကြောင့် ၊ ဘယ်ဝါကြောင့်  ဒီလိုဖြစ်ရတာဟု တရားခံရှာ အပြစ်ဖို့ နေကြမယ့်အစား ကျနော် တို့  ခံစားခဲ့ရသော လူမှုရေး ဒုက္ခများ ဘဝရဲ့  ဆုံးရှုံးမှုများမှာ ကျနော်တို့  အကြောက်တရားလွှမ်းခြုံမှု ၊ နေသာသလို နေခဲ့မှုများနဲ့  ကျနော်တို့ ကောင်းကျိုးအများကောင်းကျိုးရှေးရှု့ တဲ့ လုပ်ဆောင်မှုများ မလုပ်ခဲ့ မှု ကြောင့် ဖြစ်သည်ကို ဝန်ခံကြရပေမည်၊၊ ထို အတူ တန်ဖိုးရှိလှတဲ့ ၊ ရခဲ့လှတဲ့လူ့ဘဝကို အကျိုးမဲ့ ဖြုန်းတီးနေ မှုများကို ရပ်တန့် ပြီး ကိုယ့်ကျင့်တရားနဲ့  ဓမ္မဓိဌာန်ကျမှုတို့ ကို အောင်နိုင်သူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  လမ်းညွှန်မှု နောက်ကို လိုက်ရင်း တန်ဖိုးရှိတဲ့ ကျနော်တို့ ဘဝများကို ဖန်တီးတည်ဆောက်ကြပါ၊၊ ဘဝမှာ နေမ ဝင်ခင် မိုးချုပ်သွားရသူများ မဖြစ်အောင် ကြိုးစားရင်း ရှင်သန်ကြပါစို့ ၊၊
“ကိုယ်ကျင့်တရားနဲ့  ဓမ္မဓိဌာန်ကျမှုတို့ ရဲ့  - ကျေးကျွန်ဖြစ်နေရင် ကမBာလောကကြီး ကို မြှင့်တင်မယ့်သူ မဖြစ် နိုင်ဘူး”
Nietzsche (on the Genealogy of Morals)                           
ဇော်ဝင်အေး
Friday, April 1, 2011
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ်
ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ် ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ သူ့ကို ဗမာပြည်နိုင်ငံရေး လိုအပ်ချက်က ပြဋ္ဌာန်းဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ သူလို့လူ နောက်ထပ် မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ ဂုဏ်ပုဒ်တွေကို ပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။
စာပေပညာရှင်ကြီးအနေနဲ့ ပြောမလား၊ လွတ်လပ်ရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေး ဗိသုကာကြီးအနေနဲ့ ပြောမလား ပြောစရာတွေ အများကြီးပါ။
သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင်သူတဦး ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော်ရှုထောင့်ကပြောရရင်တော့ ဆရာကြီးရဲ့ဂုဏ်သရေဟာ သူရဲ့ နိုင်ငံရေး လုပ်ရပ်တွေကြောင့် ပိုမိုကြီးလာရတယ်လို့ ပြောချင်ပါတယ်။
အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော် နံပါတ် ၁ ကြီးဟာ ဂျပန်ခေတ်ရောက်တော့လည်း တောပြေးရင်း ပုန်းရတယ်။ ဖဆပလ လက်ထက်ကြတော့လည်း ဆိုရှယ်လစ်တွေနဲ့ သူတို့ရဲ့စစ်ဗိုလ်တွေက တောထဲကလူတွေရဲ့ ကိုယ်စားလှယ်လို့ အမနာပပြောပြီး သူ့တရားပွဲတွေကို ပြူစောထီးတွေ လွှတ်ပြီး ခြိမ်းခြောက်တာခံရတယ်။
အဲဒီလို ခေတ်အဆက်ဆက်မှာ အာဏာရ အသိုင်းအဝိုင်း၊ အာဏာရ လူတန်းစားနဲ့ ထိပ်တိုက်တွေ့ အငြိုအငြင်ခံပြီးတော့ ခေါင်းမာမာ တိုက်ပွဲဝင်ခဲ့လို့ ဆရာကြီးရဲ့ ဂုဏ်သိက္ခာဟာ ထွန်းပြောင်တာ၊ တပြည်လုံးက လေးစားရတာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ထူးခြားချက်တခုက သူဟာ ပြည်သူလူထုနဲ့ အမြဲတသားတည်းရှိတာပါ။ သူဟာ ပြည်သူလူထုတိုက်ပွဲနဲ့ အမြဲဆက်နေပါတယ်။ အမြဲတမ်း သူပါ,ပါတယ်။ သူ့ခေတ်မှာ သူ မပါလိုက်တဲ့ ပြည်သူလူထုရဲ့တိုက်ပွဲရယ်လို့ မရှိပါဘူး။
‘ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ’ ဆိုတဲ့ မာက်စ်ရဲ့ ကြွေးကြော်သံလိုပဲ ဆရာကြီးရဲ့ ဘဝတခုလုံးဟာ တိုက်ပွဲတွေချည်းပါပဲ။ သူဟာ ပြည်သူလူထု ဆိုတဲ့အထဲမှာ အထူးသဖြင့် အဖိနှိပ်ခံ ဆင်းရဲသူ ဆင်းရဲသားတွေနဲ့ တသားတည်းကျတာဟာ အင်မတန် ထူးခြားပါတယ်။
သူဟာ ဗမာပြည်ရဲ့ ဆင်းရဲသူ ဆင်းရဲသားတွေကိုလည်း နားလည်တယ်၊ စာနာတယ်၊ အဲဒီလူတွေအတွက် တိုက်ပွဲဝင်တယ်။ သူရေးတဲ့စာတွေထဲမှာ အညာမင်္ဂလာဆောင်လို ဟာမျိုးကအစ လက်ဖက်ကိစ္စအဆုံး သေချာကြည့်လိုက်လို့ရှိရင် ဆရာကြီးရဲ့ရပ်တည်ချက်ဟာ ဘယ်တော့မှ ပြည်သူလူထုကို သစ္စာမဖောက်ခဲ့ဘူး။ ဆင်းရဲတဲ့သူတွေနဲ့ အောက်တန်းအကျဆုံးလူတွေနဲ့ သူဟာ အမြဲတမ်း တသားတည်းရှိခဲ့တယ်။ သူကို ငွေကြေးတွေ၊ ရာထူးတွေနဲ့ဆွယ်တာတွေ သူ့ဘဝမှာ ခဏခဏ ကြုံခဲ့ရတယ်။
အဲဒါတွေ အားလုံးကို သူက ပြတ်ပြတ် ငြင်းပယ်နိုင်ခဲ့တယ်။ သူဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးလို အရေးတော်ပုံတွေအားလုံးမှာ အရှေ့ဆုံးကပါခဲ့တာ အမှန်ပါပဲ။
ဒါကြောင့်မို့လည်း ၄၈ ခုနှစ် ဒီဘက်ပိုင်းမှာ လူငယ်တွေဟာ ဖဆပလ အစိုးရနဲ့ ကြားဖြတ် စစ်အစိုးရတို့ရဲ့ ခြိမ်းခြောက်မှုတို့ကို ဆရာကြီးအရှိန်အဝါနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို အများကြီးရှိခဲ့ပါတယ်။ သူ့ကို ရှေ့ဆုံးက တင့်ကားကြီးပေါ်ထားပြီး နောက်က ချီတက်ခဲ့ရတာပါ။ ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးမှာ၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးမှာ ဆရာကြီးရဲ့အရှိန်အဝါ မရှိရင် ဘယ်လိုဖြစ်မလဲဆိုတာ အတော်စဉ်းစားရပါလိမ့်မယ်။
ဆရာကြီးဟာ အင်္ဂလိပ်စာ မတတ်ပါဘူး။ ဒါပေမယ့် သူဟာ အသစ်ကို၊ တိုးတက်တာကို လက်ခံနိုင်စွမ်းရှိတာမှာ အံ့သြစရာ အလွန်ကောင်းပါတယ်၊ သူ့အတွေးအခေါ်က သာမန် ပဒေသရာဇ်ဆန်ဆန် နယ်ချဲ့မုန်းတီးမှုကနေပြီးတော့ ဝံသာနုစိတ်၊ တို့ဗမာအစည်းအရုံး စိတ်ဓာတ်၊ နောက်ဆုံး ဆိုရှယ်လစ်ဝါဒအထိ ပြောင်းလဲလာပါတယ်။
ဒါကို သမိုင်းပါမောက္ခ ဆရာကြီး ဦးသန်းထွန်းက ‘တိုတိုပြောရရင် ပထမ အင်္ဂလိပ် အင်ပါရာထဲမှာပဲ ဒိုမီနီယံ ရရင်တော်ပြီလို့ မှန်းတယ်၊ နောက်တော့ လုံးဝ လွတ်လပ်ရေးက တပြားမျှ မလျော့ဘူးဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံတည်ဆောက်မလဲဆိုတာ ချက်ချင်း မစဉ်းစားနိုင်သေးဘူးပေါ့၊
ပဒေသရာဇ်နိုင်ငံပြန်ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့သဘောက ရှိနေသေးတယ်။ နောက်တော့ ဆိုရှယ်လစ်နိုင်ငံပိုင် စနစ်ရယ်လို့ ပီပီသသဖြစ်လာပါတယ်’ လို့ သူ့စာတမ်းတစောင်မှာ ရေးထားပါတယ်။
အဲဒီ စာတမ်းရဲ့ နောက်တနေရာမှာတော့ ဆရာသန်းထွန်းက ‘ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ နောက်ဆုံးကာလ ၁၉၄၄ ခုနှစ်က ဆရာကြီးကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်အထိ အနှစ်၂ဝ အတွင်းမှာ ဆရာကြီးရဲ့ဘဝက ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးက ပန်းတိုင်လို့ပြသွားပါတယ်’ အဲလိုရေးထားပါတယ်။
ဆရာကြီးရဲ့ ဈာပနကာလမှာ ဆရာကြီးရဲ့အကြောင်း စာတမ်းတွေ ဖတ်ကြတော့ ကျနော့်အဖေရေးတဲ့ စာတမ်းထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) မြန်မာနိုင်ငံသမိုင်းလို့ ညွန်းသွားပါတယ်။ ဒါ ဟာ သိပ်ကို မှန်ပါတယ်၊ ဗမာပြည်ရဲ့သမိုင်း၊ ဆိုလိုတာ ဒီဘက်ခေတ် သမိုင်းအကွေ့ထဲမှာ ဆရာကြီးက ရှေ့ဆုံးက ပါသူပါ။ ဆရာ ဗန်းမော်တင်အောင် ပြောတဲ့စာနဲ့ပြောရလို့ရှိရင် သူဟာ သူ့ခေတ်က ပေးတဲ့တာဝန်ကို အကျေပြွန်ဆုံး ထမ်းဆောင်ပြသွားတဲ့ လူထု သူရဲကောင်းကြီးတယောက် ဖြစ်ပါတယ်။
ဆရာကြီးရဲ့ ထူးထူးခြားခြား မှတ်သားလောက်တဲ့ အရည်အချင်းတခုကတော့ သမိုင်း အကွေ့အပြောင်းတွေမှာ နိုင်ငံရေးအရှုပ်အထွေးတွေ ဘယ်လိုပဲရှိရှိ မျက်စေ့မလည်တာပါပဲ။ သူ ဒီလို မျက်စေ့မလည်တဲ့ အဓိက အကြောင်းအရင်းကတော့ သူဟာ ပြည်သူလူထုအပေါ်မှာ သစ္စာရှိလို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ပဲ တသားတည်းရပ်လို့ ဖြစ်ပါတယ်။
သူရဲ့သက်တမ်းနဲ့အမျှ ကျင်လည်ရတဲ့ ခရီးကြမ်းကြီးတလျောက်မှာ သူနဲ့ လုပ်ဖော်ကိုင်ဖက် အမြောက်အများမှာ သူလို့ အတွေးအခေါ် မပြောင်းလဲနိုင်တဲ့အတွက် ပြတ်ကျန်ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးကတော့ သမိုင်းက ပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ်တွေအတွက် အယူအဆသစ်တွေ ကို လက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။
ဆရာကြီးက အသစ်ကို ဘယ်လောက်အထိ လက်ခံနိုင်စွမ်းရှိသလဲဆိုလိုရှိရင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ သူအရင် တုန်းကတွဲခဲ့တဲ့ ဒိုင်အာခီ စေ့စပ်တွဲခဲ့တဲ့ လူကြီးတွေနဲ့ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့တာရယ်၊ အမျိုးသား ကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့ တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ် တွေနဲ့တွဲခဲ့တာ၊ နောက်ဆုံး လွတ်လပ်ရေး ဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ်က တိုးတက်တဲ့လူငယ်တွေဖြစ်တဲ့ ဗန်းမော် တင်အောင် တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစုကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန် ခွဲနိုင်စွမ်းရှိမှုကိုပြသတဲ့ သာဓ က တွေ ဖြစ်ပါတယ်။
ဆရာကြီး တသက်လုံး လက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစုတခု ရှိပါ တယ်။ အဲ့ဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှုလို့ ဆိုရမယ့် ၁၉၂ဝ ခုနှစ် က ယူနီဗာစီတီ သပိတ်ကြီးကစလို့ နောက်ဆုံးအချိန်အထိ ဖဆပလ အစိုးရလက်ထက်၊ ကြားဖြတ် စစ်အစိုး ရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့ လက်မြဲမြဲတွဲခဲ့ပါတယ်။
သူဟာ ဦးဘဖေတို့လို ဒိုင်ယာခီသမားတွေနဲ့ လက်တွဲဖြုတ်ပြီး ကျောင်းသားတွေဘက်က ပြတ်ပြတ်ရပ်၊ ကလောင်ထမ်း ပြီး တိုက်ပွဲဝင်ခဲ့တယ်။ မျောက်ဋိကာ၊ ဘွိုင်းကောက်ဋိကာတို့ဟာ အဲဒီတုန်းက ဆရာကြီးရဲ့ရပ်တည်ချက်ကို ထင်ဟပ်နေ ပါတယ်။
ကျောင်းသားတွေက ‘ထီမထင်ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ မင်းတို့ဆရာကို စာရင်းတို့ ကာသာ ထားလိုက်ပေတော့’ ဆိုပြီး ကတိပြုထားတဲ့ ဆရာကြီးကို သူတို့ရဲ့ ဦးထိပ်မှာ အမြဲထားပြီး ဆိုးတိုင်ပင် ကောင်း တိုင်ပင် တိုင်ပင်ခဲ့ကြပါတယ်။
ရန်ကုန် တက္ကသိုလ်သမဂ္ဂ အဆောက်အဦမှာ အခါအားလျော်စွာပဲ ဆရာကြီးကို ဖိတ်ပြီး တရားနာကြတယ်။ အရေးကြီး တဲ့ အခန်းအနားတွေမှာ ဆရာကြီးကို ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဆရာကြီး ကွယ်လွန်တဲ့ အချိန်မှာကျတော့ အဲဒီ သူ့တပည့်အရင်းတွေ ဂါဝရ လာမပြုနိုင်ကြတော့ပါဘူး။
ဆရာကြီးရဲ့ဈာပနကို ကြီးကြီးကျယ်ကျယ် ကျင်းပတာ အမှန်ပါပဲ။ တို့ဗမာအစည်းအရုံး အပါအဝင် လုပ်ဖော်ကိုင်ဖက် ဟောင်းကြီးတွေ၊ စာပေလောက ကလူတွေ အမြောက်အများလည်း တက်ရောက်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂတွေ တက်လို့ မရတော့ဘူး။
ဆရာကြီးရဲ့ ဈာပနမှာပေးပို့လာတဲ့ ပန်းခွေတွေဟာ ရာဂဏန်းလောက် ရှိပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ကျောင်း သား သမဂ္ဂတွေရဲ့ ပန်းခွေတွေ မတွေ့ရတော့ပါဘူး။ ဆရာကြီးရဲ့ ဈာပနကျင်းပတဲ့ မဏ္ဍပ်ကြီးမှာ ပန်းခွေတွေ၊ အလံတွေ ရှိပေမယ့် အဲဒီ ပန်းခွေတွေ၊ အလံတွေ အရေအတွက်ထက် ထောက်လှမ်းရေး အရေအတွက်က ပိုများနေတယ်လို့ ထင်ရ ပါတယ်။
အဲဒီအချိန်မှာ ဗိုလ်နေဝင်းဟာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ မျက်လှည့်ပွဲကို တန်သင့်ပြီလို့ ဆုံးဖြတ် ပြီး ဖျက်သိမ်းလိုက်ပါပြီ။ ဖျက်သိမ်းပြီးတာနဲ့ တပြိုင်နက် တောထဲက လူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေလိုက် ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံး လိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အ ဖမ်းခံသူ ခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ်။
ဦးနုတို့တတွေကလည်း ထောင်ထဲမှာပါ၊ အဲဒီလို ဗမာပြည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပျက်တာနဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်တာဟာ ဘာမှမကွာဘူး။ ဒီဖြစ်ရပ် ၂ ခု တိုက်တိုက်ဆိုင်ဆိုင် လာပြီးဆုံနေတာ အင်မတန်မှ အံ့ သြစရာကောင်းပါတယ်။
ဆရာ မသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ဆိုတာ ဆရာကြီး ပါးစပ်က တဖွဖွပြောတဲ့စကားပါ၊ ဒါပေမယ့် သူ မကွယ်လွန်မီ ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်လိုက်နိုင်တာဟာ ကျနော်တို့နိုင်ငံအတွက် ကြမ္မာငင်တာ ဖြစ်ပါ တယ်။
တကယ်တော့ ဆရာကြီးကို ကွန်မြူနစ်များက ကြည်ညို၊ ဖဆပလ ကလည်း လေးစား၊ ဒါကြောင့် သူဟာ နှစ်ဖက်အကြား မှာ တကယ်ဝင်နိုင်သူ ဖြစ်ပါတယ်၊ အာဏာရနေတဲ့ အစိုးရထဲမှာရော၊ တောထဲက လူတွေထဲမှာရော အားလုံးက သူ့တ ပည့်တွေ၊ သူ့ တိုက်ဖော်တိုက်ဖက်တွေ ဖြစ်နေတယ်။
သူ ပြောရင် မငြင်းဝံ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုအ ခြေအနေက အများကြီးကွာပါတယ်။ အခု ကာလက အဲဒီလို မဟုတ်ဘူး၊ ကြား ဝင်နိုင်တဲ့ ဆရာကြီးလို သြဇာရှိတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလို ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ကိုယ်ကျိုးက လည်း တလှေကြီး ရှိတယ်။
သူ့ကို ဘယ်ဘက်ကမှ တကယ်ယုံကြည်တာ မဟုတ်ဘူး။ သူဟာ ဒီနေ့ဆိုရင် ပဋိပက္ခရဲ့ ဆန့်ကျင်ဖက်မှာ ရှိနေသူတွေ ဘယ်သူကမှ သူနဲ့ တိုက်ဖော်တိုက်ဖက် မဟုတ်ဘူး။ ဆရာကြီးဟာ တောထဲကလူတွေနဲ့ရော ဦးနုတို့နဲ့ရော တိုက်ဖော် တိုက်ဖက် လုပ်ဖော်ကိုင်ဖက်၊ ရာဇာလီဟာ ဘယ်သူနဲ့မှ သံယောဇဉ် မရှိဘူး။ သူ့ကိုယ်သူကလွဲပြီး ဘာသံယောဇဉ်မှ မရှိ တဲ့သူဖြစ်တယ်။
တကယ်လို့သာ ဆရာကြီးရှိတုန်းမှာ ငြိမ်းချမ်းရေးကိစ္စကို ဖိဖိစီးစီး ဆက်လိုက်မတ်တပ် လုပ်မယ်ဆိုလို့ရှိရင် ကျနော် ထင် တယ်၊ ဗမာပြည်ရဲ့သမိုင်းဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဦးနုလက်ထက်မှာသာ ဆိုရင် ပြေလည်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲတုန်းက ပဋိပက္ခဖြစ်နေတဲ့သူတွေ အထူးသဖြင့် ခေါင်းဆောင်တွေပေါ့လေ၊ ပြန်ကြည့်ပါ။ ဦးနု ဆိုတာက သူ့ကို ဆရာကြီးက ခွေးမသားလို့ မခေါ်တာကိုပဲ ဟာ … ဆရာကြီးက ငါ့အပေါ် စိတ်ဆိုးနေသလားလို့ စဉ်းစား ခဲ့သူမျိုးပါ၊ နောက်ပြီး ဆရာကြီးက တပိုးတည့်တည့်ထမ်းခဲ့ကြတဲ့ သုံးထပ်တန်း ဆိုတဲ့ အထဲက သခင်သန်းထွန်း ဆိုတာ ကတော့ ပြောစရာတောင် မလိုပါဘူး။
၁၉၆၃ ခုနှစ် ကွန်မြူနစ်ပါတီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဆရာကြီးအတွက် ဒေါင်းနဲ့ ပျားရည် ယူလာတဲ့ နမိတ် ပုံကိုပဲ ကြည့်ပါ။ ဒေါင်း ဆိုတာက ဗမာနိုင်ငံသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး လက္ခဏာပါ။ ဒါ အထူးရှင်း ပြနေစရာ မလိုပါဘူး။
ပျားရည်ကကော ပျားရည်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ ငြိမ်းချမ်းရေး သီချင်းထဲက ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ ရှိ တယ်၊ တမာပင် သရက်ပင် ဘာပင်ပဲစွဲစွဲ ချိုမြိန်တဲ့ အရသာ မစွန်သည်သာပင် ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ငြိမ်း ချမ်းရေးဟာ အမြဲတမ်း ချိုမြနေတယ်ဆို တဲ့လက္ခဏာပါ။ အဲဒီ လက္ခဏာနဲ့ သခင်သန်းထွန်းက ဆရာကြီးဆီလက်ဆောင် ပို့လိုက်တာပါ။
အဲလို လူနှစ်ဦးနှစ်ဖက်ကြားမှာ ဆရာကြီးဝင်ရင် အခြေအနေတွေဟာ ပြောလို့ဆိုလို့ရနိုင်တဲ့ဟာပါ။
ဒါပေမယ့်ဖြစ်ချင်တော့ ၁၉၆၃ ခုနှစ် အဲဒီအချိန်မှာ အာဏာရနေတာက ဆရာကြီးကို အာခံထွက်ထားတဲ့ ဂေါ့သမိန် ဗစိန် တို့ရဲ့ နောက်လိုက် ဗိုလ်နေဝင်း ဖြစ်နေပါတယ်။
ဒီနေ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့တွေရထားတဲ့ ငြိမ်းချမ်းရေးဟာ ဆရာကြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးမျိုး မဟုတ်သေးကြောင်းဘဲ ကျနော်တော့ ပြောချင်ပါတယ်။ ကျနော်တို့ ဆရာကြီးရဲ့ မပြီးသေးတဲ့ လုပ်ငန်း စဉ်၊ ဆရာကြီးရဲ့ မျှော်မှန်းချက်တွေအတွက် ဆက်ပြီး အများကြီး လုပ်ရဦးမှာရှိပါသေးတယ်။
အဲ့ဒီ ၆၄ ခုနှစ်တုန်းက ဆရာကြီးရဲ့ဈာပနကို ကျနော် တက်ခဲ့ပါတယ်။ ကျနော်အနေနဲ့ ဆရာကြီးကို အသက်ရှည်လျက် ရော၊ အသက်မဲ့ ခန္ဓာကိုယ်အဖြစ်နဲ့ရော ကျနော် အကြိမ်ကြိမ် ကန်တော့ဖူးပါတယ်။ အခု သူ့မွေးနေ့မှာ ကျနော် အခုလို ဂါဝရပြုရတာကို အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ကြည်နူးမိပါတယ်။
တချိန်တည်းမှာ ကျနော်လို့ပဲ ဆရာကြီးရဲ့ ကျေးဇူးကိုသိ၊ ဆရာကြီးကို ကြည်ညိုလေးစားသူတွေကို အထူးသတိရမိပါ တယ်။ ဒီနေ့အခါမှာ ကျနော်တို့ နိုင်ငံမှာက ဆရာကြီးကို ကြည်ညိုလေးစားကြောင်း ဖော်ပြရတာကိုပဲ မင်းပြစ်မင်းဒဏ် သင့်တော့မလိုလိုဖြစ်နေတာ ကျနော် အားလုံး သိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့မွေးနေ့ ဒါမဟုတ် ဆရာကြီး ကွယ်လွန်တဲ့နေ့တွေမှာ ဆရာကြီးကို ကျနော်တို့ ဂုဏ်ပြုကြ ရင်း တချိန်တည်းမှာ ဆရာကြီး မျှော်မှန်းတဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံကြီးတည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ ဆက်လက် ပြီးတော့ ချီတက်ကြရမယ်လို့ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက ကဗျာဆရာအသင်းချုပ်ရဲ့ သင်းလုံးကျွတ်အစည်းအဝေးမှာ ဆရာကြီး ပြောခဲ့တဲ့ စကားတွေကိုပဲ ကိုးကားပြုခဲ့ပါတော့မယ်။
“တို့ဗမာပြည်ဟာ အမှန်အားဖြင့် မကောင်းတဲ့ခေတ်ပဲ၊ တို့တတွေ ကမ္ဘာပျက်ခါနီးမှာ လူလာဖြစ်ရသလိုပဲ”
၂၀၀၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံမှ ထုတ်လွှင့်ချက်ကို ပြန်လည် ဖော်ပြပါတယ်။
ရဲဘော်ဖိုးသံချောင်း