Saturday, October 23, 2010

ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ်

ရဲဘော်ဖိုးသံချောင်း   /   ၂၂ အောက်တိုဘာ ၂၀၁၀


ဒီနေ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ တွေးခေါ်မှုနှစ်ရပ်နဲ့ ပဋိပက္ခကို အထင်ရှား တွေ့နေရပါတယ်။လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ အများကြီးရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အချိန်အခါလိုက်လို့ တခုသော ပဋိပက္ခဟာ အဓိက ရှေ့တန်းရောက်နေတတ်ပါတယ်။ ဒါဟာ တရားပါ။ အခုလည်း မြန်မာပြည်နိုင်ငံရေး တွေးခေါ်မှုတွေထဲမှာ အဓိက ရှေ့တန်းရောက်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ ဆက်ပြီး သွားနေလို့ကတော့ တိုင်းပြည်ဟာ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးဆိုတဲ့ တွေးခေါ်မှုတို့ရဲ့ ပဋိပက္ခဟာ အဓိက ဆုံချက်ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီနေ့တည်ရှိနေတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အထက်မှာပြောဆိုခဲ့တဲ့ စကားလုံးတွေအတိုင်း ဒီအတွေးအခေါ်တွေကို ဖော်ပြတာ၊ ပြောဆိုတာ မဟုတ်ပါဘူး။ ကိုယ့်နည်းနဲ့ကိုယ် ဖော်ပြကြတာဖြစ်ပါတယ်။ တချို့က ဒီအတိုင်း တိုက်ရိုက်ပြောမယ်၊ တချို့က ကွေ့ပတ်ပြောမယ်၊ တချို့က သကာလူးပြီးပြောမယ်၊ တချို့က စောင်းပါးရိပ်ခြေပြောမယ်။ အလားတူပဲ နအဖစစ်အစိုးရရဲ့ ဒီမိုကရေစီအောက်မှာ ဒုတိယအမျိုးအစား အတွေးအခေါ် ရှိသူတွေကတော့ ကိုယ့်အနေအထားနဲ့ကိုယ် သတိထားပြောကြရပါတယ်။ သဘာဝကျစွာပဲ ပြည်တွင်းမှာနေသူနဲ့ ပြည်ပမှာနေသူတို့ဟာလည်း ပြောကြားပုံ၊ တင်ပြပုံတွေ ခြားနားကြပါတယ်။

စစ်အစိုးရလက်အောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်သွားနိုင်မယ်ဆိုတဲ့ တွေးခေါ်နည်းကို ကိုင်စွဲထားသူတွေထဲမှာ “အမျိုးသားနိုင်ငံရေးမှာ တပ်မတော်၏ဦးဆောင်မှုအခန်း” ဆိုတာကို တင်နေကြသူတွေ၊ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီအတွက် အာမခံချက်တွေ အပြည့်အစုံ မပါပေမယ့် တဖြည်းဖြည်းချင်း ပြုပြင်ယူသွားမယ်” လို့ဆိုသူတွေ၊ “ခြေတလှမ်းရရ၊ နှစ်လှမ်းရရ ယူထားရမယ်” လို့ ဆိုသူတွေ၊ “ဒီအချိန်မှာ လူထုတိုက်ပွဲစကားပြောသူတွေဟာ မိုက်ရူးရဲတွေ၊ နိုင်ငံရေးသူငယ်နာ မစင်သူတွေ” လို့ ပြောနေသူတွေ၊ “အခြားအစားထိုးစရာနည်းလမ်းတွေမရှိဘဲ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာဖြစ်သည်” လို့ဆိုသူတွေ၊ လေမတူသော်လည်း အခြေခံစိတ်သဘောထားတူသူတွေ အားလုံးပါဝင်ပါတယ်။ ဒီနေရာမှာ စိတ်သဘောထားဆိုတာက လာတော့မယ့်ရွေးကောက်ပွဲကို ထောက်ခံတာကို ဆိုလာတာဖြစ်ပါတယ်။

တဖက်မှာကတော့ နအဖ ဒီလိုလုပ်နေပုံမျိုးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရဲ့ အောက်မှာဖြစ်စေ၊ ရွေးကောက်ပွဲကတဆင့်ပဲဖြစ်စေ၊ တခြားဘယ်နည်းနဲ့ပဲဖြစ်စေ ဆက်လက်လုပ်ဆောင်သွားတာကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို စစ်အုပ်စုရဲ့ အရိပ်သြဇာအောက်က လုံးဝလွတ်ကင်းတဲ့ အစိုးရတရပ် ပေါ်ထွက်ရေးအတွက် လုံးပန်းရမယ်လို့ဆိုသူတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါကို ပြည်ပမှာ နေထိုင်သူတွေသာ ဒီအတိုင်းတိုက်ရိုက် ပြောဆိုနိုင်ကြပါတယ်။ ပြည်တွင်းမှာနေတဲ့လူတွေကတော့ အမြီးရှိတဲ့လူတွေ ရိပ်မိကြနော်ဆိုတာမျိုးလောက်ပဲ အလွန်ဆုံးပြောနိုင်ပါတယ်။

အခုတင်ပြနေတာဟာ တွေးခေါ်မှုပြဿနာဖြစ်ပါတယ်။ သာမန်အယူအဆတခုကိစ္စကို ပြောတာမဟုတ်ပါဘူး။ ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ဟာ ဖြစ်ပါတယ်။ နောက်ပြီး အယူအဆအားလုံးတို့ရဲ့ အခြေခံ အစပြုရာလည်း ဖြစ်ပါတယ်။ လူရဲ့ တွေးခေါ်မှုဆိုတာ သူချည်းသီးခြား တည်ရှိနေတာမဟုတ်ပါဘူး။ နောက်ခံသမိုင်း၊ မြစ်ဖျားခံရာ စသဖြင့် ရှိပါတယ်။ ဒီနေရာမှာတော့ အဲဒီအထိ တင်ပြဆွေးနွေးဖို့ မသင့်သေးဘူးထင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေတာတွေကိုပဲ တင်ပြသွားပါမယ်။

ဒီတွေးခေါ်မှုနှစ်မျိုးရဲ့ ဆုံချက်နေရာဟာ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်ပြီး အယူအဆအရ အခြေခံအားဖြင့် ညှိမရတာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဆိုတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီနေ့ နိုင်ငံရေးရဲ့စံ၊ မှတ်ကျောက်လို့ ဆိုရင် မမှားဘူးထင်ပါတယ်။

အခုအခါမှာ အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ နိုင်ငံရေးစကားတွေ ဝေအောင်ပြောနေကြပါတယ်။ လူကြားကောင်းမယ့် ဝေါဟာရမှန်သမျှလိုလိုကို အသုံးပြုနေကြတာပါ။ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီရေး” စတာတွေကို လိုလားထောက်ခံပါကြောင်း အဖွဲ့အစည်းတိုင်း၊ လူတိုင်းလိုလိုပဲ ပြောကြရေးကြပါတယ်။ ဒါပေမယ့် အဲဒီအသံရှင်တွေကို အထက်က စံ-မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ရင် ဘီလူးစည်း လူ့စည်း ကွဲသွားတာ တွေ့ရပါမယ်။ အဲဒီကိစ္စတွေအပေါ် ဘယ်လိုသဘောထားသလဲလို့ ဖြေခိုင်းလိုက်ရင် ရပ်တည်ချက်အမှန်ဟာ ပေါ်ထွက်လာမှာပါ။

မြန်မာပြည်နိုင်ငံရေးမှာက နိုင်ငံရေးဝေါဟာရတွေကို လက်တလုံးခြားအသုံးချကြတဲ့ အစဉ်အလာသာမက လူနာမည်၊ အမှတ်အသားစတာတွေကိုလည်း ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက် အသုံးချလေ့ရှိတာဟာ လွတ်လပ်ရေးရပြီးကတည်းကလို့ ဆိုရမလိုပါပဲ။ ဖဆပလတွေဟာ ရွေးကောက်ပွဲဝင်တဲ့အခါမှာ မဲပုံးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို တင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အသုံးချပြီး မဲတောင်းတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက သင်္ကြန်တခုမှာ သံချပ်ထိုးကြတော့ “ဗိုလ်ချုပ်အောင်ဆန်း သနားစရာ-သူ့ခမျာ မဲပုံးတံဆိပ်” လို့ အော်တာ ကြားခဲ့ရဖူးပါတယ်။ အလားတူပဲ ဒီတခါ နအဖရဲ့ ရွေးကောက်ပွဲမှာလည်း ခမောက်တံဆိပ်ကို မောင်ပိုင်စီးချင်တာ၊ မြန်မာတမျိုးသားလုံးက ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်းအလံကိုတောင်မှ ကိုယ်မဲရရေးအတွက် မဲပုံးတံဆိပ်အဖြစ် အသုံးချချင်တာ စတဲ့ မရိုးသားတဲ့ ကြံစည်မှုတွေကို တွေ့ရတယ်မဟုတ်ပါလား။ ဒါတင်မက တချို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လမ်းခွဲခဲ့ပြီးတာတောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ဂုဏ်ကို အသုံးချနိုင်အောင် ပြောဆိုနေတာလည်း ကြားရပါတယ်။ ဒီတော့ သူတို့ဘာသာသူတို့ ဘာခမောက်ပဲဆောင်းဆောင်း၊ ဘာအလံပဲထူထူ အထက်ကကိစ္စတွေအပေါ် ဘယ်လိုသဘောထားသလဲလို့ မေးလိုက်ရင် သဲကွဲသွားမှာပါ။

ထပ်ပြောပါမယ်။ ပထမအမျိုးအစားတွေးခေါ်မှုကို နအဖစစ်အုပ်စုထိပ်သီးတွေက လက်ခံသဘောကျပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားတွေးခေါ်မှုကိုတော့ သူတို့က အကြီးအကျယ် မုန်းတီးဆန့်ကျင်ပါတယ်။ ဒီလို နအဖထိပ်သီးတွေရဲ့ သဘောထားကိုက ဒီ စံ၊ မှတ်ကျောက်ကို အတည်ပြုနေတာလို့ပြောရင် ရမယ်ထင်ပါတယ်။

စိတ်ပျက်စရာကောင်းတာက ပထမအမျိုးအစား တွေးခေါ်မှုရှိသူတချို့က ဒီနေ့နိုင်ငံရေးမှာ ပြည်သူလူထုကို လိမ်လို့ရနိုင်မယ်လို့ ထင်နေကြတာပါပဲ။ လိမ်လို့မရမှန်း သူတို့သိတဲ့အခါကျတော့ ကိစ္စတွေက နောက်ကျကုန်ပြီဆိုတာကို တွေ့ကြရပါလိမ့်မယ်။

Thursday, October 21, 2010

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲကို ဘာလုပ်ကြမလဲ

မောင်သြ   /   ၁၉ အောက်တိုဘာ ၂၀၁၀ 

(www.khitpyaing.org မှကူးယူဖေါ်ပြပါသည်၊)

  မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်သြဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။


ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇ၀တ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ အပိုင်ကြံစည်နေပါတယ်။

ဗိုလ်သန်းရွှေဟာ သူ့ဘ၀တလျှောက်လုံးမှာ မပိုင်ရင် ဂလိုင်တောင် မခေါက်ဘူးဆိုတဲ့ လူစားမျိုးပါ။ ဘာပဲလုပ်လုပ် ပိုင်မှ အသေကိုင်တာ။ ၁၉၉၂ ခုနှစ်က ဗိုလ်စောမောင်ကို ဖြုတ်ချခဲ့တာ ကြည့်မလား။ ကျေးဇူးရှင် ဗိုလ်နေ၀င်းမိသားစုကို အမှောင်တိုက်သွင်းခဲ့တာ ကြည့်မလား၊ ၁၉၉၇ ခုနှစ် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်ကျော်မင်း စတဲ့ စစ်အုပ်စုတွေကို ဖယ်ရှားပစ်ခဲ့တာ ကြည့်မလား၊ နောက်ဆုံး ၂၀၀၄ ခုနှစ်မှာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းပါတွေကို ဖမ်းဆီးဖြုတ်ချ ထုတ်ပယ်ပစ်ခဲ့တာ ကြည့်မလား။ ဒါတွေဟာ ဗိုလ်သန်းရွှေ အာဏာရှင်ပလ္လင် ဖင်မြဲဖို့အတွက် စနစ်တကျ အကွက်ချ အပိုင်လုပ်ခဲ့တာတွေပါ။

ဗိုလ်သန်းရွှေ အပိုင်လုပ်ခဲ့သမျှ မအောင်မြင်တာတခုပဲရှိပါတယ်။ အဲဒါကတော့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်များ ဒီပဲယင်း (၂၀၀၃ ခုနှစ်) လုပ်ကြံခံရမှုမှာ သူသေစေချင်တဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နှစ်ဦးဟာ ဒဏ်ရာရရှိရုံမှတပါး အသက်ရှင် ကျန်ရစ်ခဲ့တဲ့အတွက် ဗိုလ်သန်းရွှေ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရပါတယ်။

အခုလည်း ဗိုလ်သန်းရွှေဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ သူ့ဆန္ဒအတိုင်း ကောက်ကျစ်ယုတ်မာပြီး သူ့ရဲ့ကိုယ်ပွား ကြံ့ဖွံ့ပါတီကြီးကို နိုင်လဲနိုင်၊ ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပိုင်တော်ကြံပြီး တိုင်ပေါ်အလံစိုက်ဖို့ အရှက်မရှိ ကြိုးစားနေတာ တွေ့နေရပါပြီ။

ဗိုလ်သန်းရွှေတခေတ်လုံးမှာ “မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထား” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမတရား မရှိခဲ့ပါဘူး။ ရက်စက်ယုတ်မာကောက်ကျစ်တဲ့ လူသတ်သမား စစ်အာဏာရှင်အနေနဲ့ရယ်၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အာဃာတကြီးသူ၊ အငြိုးကြီးသူ၊ စစ်ဘီလူးအသွင်နဲ့ရယ် နှစ်မျိုးပဲ တွေ့မြင်နေရပါတယ်။ ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ မုန်းတီးသလားမပြောနဲ့၊ တိုင်းပြည်ကြီး ဆင်းရဲမွဲတေနေသလောက် ဗိုလ်သန်းရွှေရဲ့ လက်ပါးစေအုပ်စုတွေကတော့ သားစဉ်မြေးဆက် ဆယ်သက်ဆယ်ကမ္ဘာ မဆုံးနိုင်အောင် ကျိကျိတက်ကောင်းစား ချမ်းသာကြီးပွားနေကြပါပြီ။ ဒါကိုက တိုင်းပြည်နဲ့ လူမျိုးအကျိုးထက် ကိုယ်ကျိုးကြည့် အတ္တလောက်ကောင်တွေဆိုတာ ထင်ရှားနေပါပြီ။
ဗိုလ်သန်းရွှေ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အကြိုရလဒ်အဖြေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ကတည်းက ကြိုမြင်နေခဲ့ရပါပြီ။ ခုတော့ ရုပ်လုံးက ပိုကြွပြီး ၂၀၁၀ ရွေးကောက်ပွဲအဖြေဟာ မကျင်းပမီကတည်းက အတွင်းသားကို အထင်းသားမြင်နေရပြီ။

စိတ်ကူးယဉ်ပြီး ဉာဏ်တထွာတမိုက်နဲ့ ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ နွားတင်းကုပ်ထဲကို ခွေးတိုးပေါက်က ၀င်မိကြတဲ့ သူတွေကတော့ နောက်ဆုံးမှာ နွားသတ်ရုံထဲ အပို့ခံရတော့မယ့် နွားတွေဖြစ်နေမှာ သနားမိပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေရဲ့ ၂၀၁၀ ပါတီစုံရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရွေးကောက်ပွဲဝင် ပါတီတွေဟာ အဖြည့်ခံအကူသဘောနဲ့ ပံ့ပိုးကူညီပေးသလို အသုံးချခံသက်သက် ဖြစ်နေပါတယ်ဆိုတာကို ရွေးကောက်ပွဲအလွန်ကျရင် နောင်တရကြမှာ သေချာပါတယ်။

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲအလွန်ကာလကို မှန်းမျှော်ကြည့်လိုက်ရင် လွှတ်တော်ထဲမှာ နအဖရဲ့ အမိန့်နာခံတော် ဘောင်းဘီဝတ် တပ်မတော်သား ကိုယ်စားလှယ်များက (၂၅) ရာခိုင်နှုန်း အပိုင်ယူထားပြီး ပူပူနွေးနွေး ဘောင်းဘီချွတ်ထားတဲ့ တသွေးတသံတမိန့် ခေါင်းတော်ညိတ် ပုဆိန်ရိုး ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များ၊ နအဖ ကျောထောက်နောက်ခံပေးထားတဲ့ အခြားကိုယ်စားလှယ်များ၊ ပြီးတော့ မဆလခေတ်ဟောင်းက ဘောင်းဘီချွတ် ဗိုလ်ချုပ်ဟောင်းကြီးများ ပါဝင်တဲ့ တစည ကိုယ်စားလှယ်များ … စတဲ့ ကိုယ်စားလှယ်များကလည်း လွှတ်တော်ထဲမှာ အများစု လွှမ်းမိုးနေမှာဖြစ်ပါတယ်။ အရပ်ဘက် ဒီမိုကရေစီအင်အားစုပါတီများက ကိုယ်စားလှယ်များအနေနဲ့ကတော့ ခပ်ပါးပါးမျှသာ တွေ့နေရမှာပါ။

အဲဒီတော့ အာဏာဟာ ပြည်သူက ဆင်းသက်ရမယ်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ရွေးကောက်ပွဲဆိုတာထက် အာဏာဟာ တပ်မတော်က ဆင်းသက်ရမယ်ဆိုတဲ့ အာဏာရှင် ရွေးကောက်ပွဲသာ ထွက်ပေါ်လာပါလိမ့်မယ်။ ရွေးကောက်ပွဲရဲ့ အခြေခံအဓိက ရည်ရွယ်ချက်မှာကိုက လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုဆိုတာတွေ မရှိဘဲကို။ ကြံ့ဖွံ့ပါတီတဖွဲ့တည်းသာ ချွန်ပြီး မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် ခရီးဆန့်ပြီး၊ အာဏာအင်အား၊ ဓနအင်အား၊ လူအင်အားတွေနဲ့ တဖက်သတ် လွတ်လပ်စွာ စည်းရုံးရေးဆင်းနေတာတွေကိုသာ နအဖသတင်းစာတွေထဲမှာ နေ့စဉ်တွေမြင်နေရပါတယ်။

လမ်းတွေ ဖောက်ပြမလား၊ တံတားတွေ ဆောက်ပြမလား၊ ဆေးရုံဆေးခန်းတွေ ဖွင့်ပြမလား၊ ကျေးလက်စာကြည့်တိုက်တွေ ဖွင့်ပြမလား၊ ကျန်းမာရေး အခမဲ့ ကုသပေးမလား၊ ငွေထုတ်ချေးမလား၊ နိုင်ငံပိုင်ငွေတွေနဲ့ ပြည်သူကို မျက်နှာလုပ် စည်းရုံးနေတာ ရှက်စရာကောင်းတဲ့အပြင် ဗိုလ်သန်းရွှေရဲ့ ငွေများမဲနိုင် ဒီမိုကရေစီပဲဖြစ်မယ်။ ပြီးတော့ ၀န်ကြီးချုပ်ရာထူး၊ ၀န်ကြီးရာထူးတွေက တဘက်၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရာထူးနဲ့ အဖွဲ့ဝင်ရာထူးတွေကတဘက် နိုင်ငံတော်စရိတ်နဲ့ မြန်မာပြည်တနံတလျား ခရီးသွားအကြောင်းပြ ကြံ့ဖွံ့အနိုင်ရဖို့ စည်းရုံးရေးလုပ်နေတာကတော့ ရှက်စရာအပြင် သိက္ခာကော ရှိပါသေးရဲ့လား၊ လူကြီးလူကောင်းကော ပီသပါရဲ့လား။

ဗိုလ်သန်းရွှေကတော့ သူနှင့် ကြံဖော်ကြံဖက် မိုက်ဖော်မိုက်ဖက် အာဏာရှင်လူတစု မိသားစုဘ၀ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်အဖြစ် သူတို့တတွေကို အကာအကွယ်ပေးနိုင်မယ့် ၂၀၀၈ အခြေခံဥပဒေ အတည်ပြုနိုင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနဲ့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ ကြိမ်းသေအနိုင်ရအောင် ဆောင်ရွက်တော့မှာဖြစ်တယ်။

အာဏာလက်နက်အရှိန်အ၀ါနဲ့ အနိုင်ကျင့် မတရားရယူတဲ့ ‘နိုင်ပွဲ’ ဟာ ဘ၀မှာ ရေပွက်ပမာ ခဏသာခံမယ်၊ ကြာရှည်မခံဘူးဆိုတာ ဗိုလ်သန်းရွှေ နားလည်သင့်တယ်။ ဒီလို နိုင်ပွဲဟာလည်း မြန်မာ့အလယ်၊ ကမ္ဘာ့အလယ်မှာ မတင့်တယ် မထည်ဝါ ဂုဏ်သိက္ခာညှိုးစွာနဲ့ မြန်မာ့သမိုင်းကို စွန်းထင်းညစ်နွမ်းစေအောင် ကမ္ပည်းမော်ကွန်း အတင်ခံရမှာ အလွန်ပဲ ရှက်ဖွယ်လိလိ ဖြစ်ရပါလိမ့်မယ်။

ဒါ့ကြောင့် အနာဂတ်မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ ဘယ်တော့မှ မပေါ်ထွန်းရေးအတွက် ဒီနေ့ ဗိုလ်သန်းရွေရဲ့ ရွေးကောက်ပွဲကို အန်အယ်လ်ဒီရဲ့ဆောင်ပုဒ်အရ “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာလို ကျွန်ုပ်တို့အားလုံး (ရွေးကောက်ပွဲဝင်ပါတီများနဲ့ ပြည်သူအားလုံးမကျန်) တညီတညွတ်တည်း မဲမပေးဘဲ သပိတ်မှောက်ဆန့်ကျင်ကြပါစို့ ဟူ၍သာ …။     ။

Wednesday, October 20, 2010

ခေတ်ကိုပြဌာန်းသူများ


ထိန်လင်း

      ကျနော်တို့ပတ်ဝန်းကျင်မှာ ပြောလေ့ရှိတဲ့ ‘တန်ရာ တန်ရာ’ ဆိုတဲ့ စကားရပ်ကို အားလုံးသိကြပါတယ်။ လူအချင်းချင်း၊ လူနဲ့ပစ္စည်း စသဖြင့် အရည်အသွေး တန်ဖိုး မကွာတဲ့အရာတွေကို ယှဉ်တွဲသတ်မှတ်တာ ဖြစ်ပါတယ်။ တပါးသူကို သုံးလေ့ရှိတဲ့ ဒီစကားရပ်ကို ကိုယ်နဲ့ယှဉ်ပြီး သုံးသပ်မယ်ဆိုရင်ရော æ။
      ကိုယ်ရတဲ့အရာက ကောင်းတယ်ဆိုရင်၊ တန်ဖိုးရှိတယ်ဆိုရင် ကိုယ်နဲ့ထိုက်တန်လို့ရတာလို့ အပြောခံနိုင်ပေမယ့် ကိုယ်ရလိုက်တာက ညံ့တဲ့အရာ၊ တန်ဖိုးမရှိတဲ့အရာ၊ ဆိုးဝါးတဲ့အရာ ဆိုရင်ရော အပြောခံ အနှိုင်းခံနိုင်သူတွေ ဖြစ်ပါ့မလား။ ဖတ်ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို သတိရမိပါတယ်။
      တခါတုန်းက မြို့တစ်မြို့မှာ အုပ်ချုပ်တဲ့ ဝန်ထောက်အပြောင်းအလဲ လုပ်ပါတယ်။ ပြောင်းလာတဲ့ ဝန်ထောက်အသစ်က မြို့ခံတွေကိုဖိတ်ပြီး ဧည့်ခံပွဲတစ်ခုပြုလုပ်ပါသတဲ့။ ဧည့်ခံပွဲမှာ သူက တေးဂီတဝိုင်းတစ်ခုကိုလည်း ငှားပြီး ဖျော်ဖြေစေပါတယ်။
      ဧည့်ခံပွဲကျင်းပတဲ့အခါ တီးဝိုင်းက ဂီတပညာရှင် ဝိုင်းတော်သားတစ်ဦးက ဝန်ထောက်အသစ်ကို ဂုဏ်ပြုတဲ့ သြဘာစာတမ်း ရွတ်ဆိုပါတယ်။ အဲဒီ သြဘာစာတမ်းထဲမှာက “ဂြိုဟ်ဆိုးတစ်ယောက် ထွက်သွားပြီးတဲ့နောက် ဂြိုဟ်ကောင်းတစ်ယောက် ရောက်လာပါပြီ”လို့ ချီးမွမ်းထားတဲ့ စာသားတချို့လည်း ပါဝင်ပါတယ်။ အရင်တုန်းက ဝန်ထောက်ကို ဂြိုဟ်ဆိုးနဲ့နှိုင်းပြီး သူ့ကျတော့ ကောင်းတဲ့ဂြိုဟ်အဖြစ် တင်စားပြောဆိုတယ်ဆိုတော့ ဝန်ထောက်သစ်က သိပ်ပြီး သဘောခွေ့သွားတာပေါ့။
      ဒါကြောင့် သြဘာစာ ရွတ်တဲ့သူကိုခေါ်ပြီး အဲဒီ သြဘာစာ ဘယ်သူရေးတာလဲလို့ မေးသတဲ့။ သူ့ကိုချီးမွှမ်းတဲ့သူ ဘယ်သူလဲဆိုတာ သိချင်တာကိုး။ ဒါပေမယ့် ဟိုလူရဲ့ အဖြေစကားကြောင့် ကြက်သေသေသွားပါတော့တယ်။
      သူ့အဖြေစကားကို ကြည့်ပါဦး။
      “ဒီသြဘာစာတမ်းက ရေးထားတာ ကြာပါပြီ။ ဒါက ကျနော်တို့မြို့မှာ ဝန်ထောက်အပြောင်းအလဲလုပ်တိုင်း ရွတ်ဆိုတဲ့သြဘာစာဖြစ်ပါတယ်။ အချိန်တွေကြာခဲ့ပြီဆိုတော့ ဘယ်သူရေးခဲ့တယ်ဆိုတာတောင် မသိတော့ပါဘူး”တဲ့။
      ဒီအဖြစ်အပျက်ကို ကြည့်လိုက်ရင် တွေးစရာတွေ အများကြီးရှိနေပါတယ်။ အုပ်ချုပ်သူကို ချီးမွမ်းတဲ့အနေနဲ့ သြဘာစာ ဖတ်တဲ့သူတွေက အုပ်ချုပ်ခံလူတန်းစားတွေဖြစ်ပါတယ်။ သူတို့က ကိုယ့်ကို အုပ်ချုပ်တဲ့သူ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ချီးမွမ်းထောပနာ ပြုနေကြတဲ့သူတွေပါ။ ဒီတစ်ယောက်ပြောင်းသွားလို့ နောက်တစ်ယောက် ရောက်လာမယ်ဆိုရင်လည်း ဒီလိုပဲ ဆက်လက်ချီးမွမ်းစကား ပြောဆိုရင်း ကြိုဆိုနေဦးမှာပါပဲ။
      ခေတ်ဆိုတာ အဲဒီအချိန်ကာလမှာ တည်ရှိနေတဲ့ လူသားတွေက ပြဋ္ဌာန်းခဲ့တဲ့အရာဖြစ်ပါတယ်။ ဆိုကြပါစို့၊ သူတပါးရဲ့ အနိုင်ကျင့်ခိုင်းစေမှုကို ခံနေတဲ့ ကျေးကျွန်တွေရယ်၊ သူတို့ကိုပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေရယ် နေရာအနှံ့ တည်ရှိနေတဲ့ခေတ်ကို ကျွန်ပိုင်ရှင်ခေတ်လို့ ကျနော်တို့က ခေါ်ဆိုကြပြီး မြေယာပိုင်ရှင်တွေက မြေမဲ့ယာမဲ့တွေ၊ ဆင်းရဲသားလူတန်းစားတွေအပေါ် လွှမ်းမိုးအုပ်ချုပ်တဲ့ကာလတွေကိုတော့ မြေရှင်ပဒေသရာဇ်ခေတ်လို့ ခေါ်ဆိုကြပါတယ်။
      ဘယ်သူတွေက မှားတယ်၊ ဘယ်သူတွေကတော့ မှန်တယ်လို့ မခွဲခြားဘဲ ပကတိအနေအထားအတိုင်း ပြောမယ်ဆိုရင်တောင် ကျွန်တွေက သူတို့ကို အနိုင်ကျင့်နေသူတွေကို အောင်အောင်မြင်မြင် မတော်လှန်နိုင်မချင်း ကျွန်ပိုင်ရှင်စနစ်ဆိုတာက သက်ဆိုးရှည်ခဲ့ပါတယ်။ တခြားခေတ်တွေမှာလည်း ဒီအတိုင်းပါပဲ။ အထူးသဖြင့်ကတော့ အဲဒီကာလအတွင်း ရှင်သန်ခဲ့ကြသူတွေရဲ့ လွှမ်းမိုးနိုင်မှု ပုံစံတွေအတိုင်း တည်ရှိခဲ့တာသာဖြစ်ပါတယ်။ ဥပမာအားဖြင့် အာဏာရှင်ရဲ့လွှမ်းမိုးမှုက အင်အားကောင်းတဲ့အခါ အာဏာရှင်ခေတ်ဖြစ်ပြီး၊ အများရဲ့ အင်အားက ကြီးမားရင်တော့ အများနှစ်သက်တဲ့စနစ်နဲ့ အုပ်ချုပ်တဲ့ခေတ်ပေါ့။
      ချောင်းတွေ၊ မြောင်းတွေထဲမှာ ကူးခတ်နေတဲ့ ငါးကလေးတွေကို ကျနော်တို့ တွေ့ဖူးကြပါတယ်။ ကူးခတ်နေတာချင်းတူပေမယ့် ရေစီးအတိုင်း မျောပါကူးခတ်တဲ့ငါးတွေနဲ့ ရေစီးကိုဆန်ပြီး ကူးခတ်နေတဲ့ငါးတွေကို တွေ့နိုင်ပါတယ်။ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ ဘဝကို အလိုက်သင့်အလျားသင့် မျောပါရင်း ရှင်သန်နေသူတွေနဲ့ ခေတ်ကိုပြောင်းလဲချင်သူတွေဆိုပြီး ကွဲပြားစွာ ရှိနေကြပါတယ်။ ငါးတစ်ကောင်အနေနဲ့ မြစ်ရဲ့အထက်ပိုင်းကို ရောက်ချင်တယ်ဆိုရင် ဆန်တက်ကူးခတ်မှသာ ရောက်ရှိနိုင်ပါတယ်။ ဒီလိုပဲ ပြောင်းလဲတဲ့ အခြေအနေတစ်ခုအောက်မှာ နေချင်သူဆိုရင်လည်း အပြောင်းအလဲဖြစ်ပေါ်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
      လူ့သမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ တိုးတက်ပြောင်းလဲမှုအားလုံးက သဘာဝအတိုင်း ဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ ပြောင်းလဲချင်သူတွေရဲ့ လုပ်ဆောင်မှုများကြောင့် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ စူးစမ်းရှာဖွေသူတွေကြောင့် နယ်ပယ်သစ်တွေ တွေ့ရှိခဲ့ပြီး တီထွင်ကြံဆသူတွေကြောင့် ပစ္စည်းအသုံးအဆောင်တွေနဲ့ တိုးတက်မှုဆိုတဲ့ ခေတ်ခြေလှမ်းတွေပေါ် ကျနော်တို့ ရပ်ခွင့်ရကြတာဖြစ်ပါတယ်။ ကမBာပေါ်မှာ ရေသာခို အချောင်လိုက်နေသူတွေချည်း ရှိခဲ့မယ်ဆိုရင် ဒီကနေ့ ဘယ်သူမှ ရုပ်မြင်သံကြားကြည့်ရမှာမဟုတ်သလို လေယာဉ်ပျံလည်း စီးရမှာမဟုတ်ပါဘူး။ နေ့ဆိုရင် လင်းမယ်၊ ည ဆိုရင် မှောင်မယ်ဆိုတဲ့ သဘာဝအတိုင်းရှိနေတဲ့ အချိန်ကာလကြီးကို ဘယ်သူကမှ ဖန်ဆင်းဖို့မလိုအပ်ပေမယ့် လျှပ်စစ်မီးအလင်းရောင်နဲ့ အမှောင်ထုအောက်မှာ နေထိုင်သွားလာနိုင်အောင်တော့ လူသားတွေရဲ့ ကြိုးပမ်းမှုမရှိဘဲ မရနိုင်ပါဘူး။
      ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုရင်း အုပ်စိုးသူလူတန်းစားကို အမြဲတမ်းကြိုလင့်နေသူတွေချည်း ရှိနေမယ်ဆိုရင် အများရဲ့ ကြည်ညိုမှုကိုသာ လိုချင်တဲ့၊ အများအပေါ် လွှမ်းမိုးချင်တဲ့ အုပ်စိုးသူတွေသာ ရောက်ရှိလာပါလိမ့်မယ်။ မိမိတို့ရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုသူများရဲ့ ရှေ့မှောက်ကိုတော့ အများဆန္ဒအတိုင်း အကောင်အထည်ဖော်ပေးမယ့် အုပ်စိုးသူတွေ ရောက်လာပါလိမ့်မယ်။ ဒါဟာ ခေတ်တွေ၊ သမိုင်းတွေကို လူသားတွေကသာ ပြဋ္ဌာန်းတယ်ဆိုတဲ့ သဘောကို ပြသနေတာပါပဲ။
      ဒီတော့ ကျနော်တို့က ဘယ်လိုခေတ်တစ်ခုကို လိုချင်တာလဲ၊ ကိုယ်ဟာ ရေစုံမျှောပြီး လိုက်နေတဲ့ ငါးတစ်ကောင်နဲ့ တူနေသလား၊ ဒါမှမဟုတ် ရေကိုဆန်တက်ရင်း ကိုယ်လိုရာရောက်အောင် သွားနေတဲ့ ငါးတစ်ကောင်နဲ့ တူနေသလား။ ဘယ်လို အပြုအမူတွေနဲ့ ရှင်သန်နေတာလဲ။ ကိုယ်စီ စဉ်းစားရမှာဖြစ်ပါတယ်။ ။

ထိန်လင်း
၁၇၊ ၁ဝ၊ ၂ဝ၁ဝ

Sunday, October 17, 2010

ဗာလနံ စစ်မိစ္ဆာ နအဖ၊ ဇာတ်ပျက်တော်လှန်ရေး ဗျိုရိုကရက်၊ ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ ဟိုလူ

 
ရဲဘော်ကျော်သန်း    

(drlunswe.blogspot.com မှ ပြန်လည် ကူးယူဖေါ်ပြပါသည်၊) 

သုံးပွင့်တော့ ဆိုင်နေကြပြီ။ ဗမာတွေကို ထာဝရစစ်ကျွန်ဇာတ်သွင်းဖို့ အစီအမံအတွက်ဆိုပါတော့။ အစက တော့ ဗမာဗိုလ်ချုပ်တွေ သတ္တိနည်းတာကို သိပေမယ့် စစ်သားတွေဆိုပြီး ဒီလောက်ထိ သူရဲဘောကြောင်လိမ့် မယ်လို့ မထင်ခဲ့မိဘူး။ ဗမာ့သမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ အဖျက်စွမ်းတွေနဲ့ မျိုးဖျက်စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးအဆင့် မိစ္ဆာသန်းရွှေစစ်အုပ်စုက သူရဲဘောအကြောင်ဆုံး လုပ်ရပ်နဲ့ အမျိုးဂုဏ်သိက္ခာကို ထပ်ပြီး ချပြလိုက်ပြန်ပြီ။ အဲဒါကတော့ သူတို့အပိုင်အနိုင် မယူနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်ဒေသတချို့မှာ ရွေးကောက်ပွဲမလုပ်တော့ဘဲ ဖျက်သိမ်းလိုက်တာပါ။ မိစ္ဆာသန်းရွှေ စစ်အုပ် စုဟာ သူတို့ရဲ့ကိုယ်ပွား ကြံ့ဖွတ်ပါတီကို သေချာပေါက်အနိုင်ရဖို့ တခြားပြိုင်ဘက် ပါတီတွေကို ကြိုးအမျိုးမျိုး နဲ့ ချည်တုပ်ထားတဲ့ ကြားထဲက အခုလို မသေချာတဲ့ နယ်တွေကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အိမ်နီးချင်းနိုင်ငံတွေဆီက ရွေးကောက်ပွဲလွန်ကာလအတွက် ကြိုတင်ကတိကဝတ်တွေ စကားအပေးအယူ တွေ ရထားပြီးသားပါ။ကပ်ပေါင်းစုံသင့်နေတဲ့ ဗမာပြည်ပြဿနာနဲ့ ပတ်သက်ရင် အိမ်နီးချင်းတွေရဲ့ သဘောထားက မျက်ဖြူဆိုက် လေ ဆရာကြိုက်လေ ဖြစ်နေသလားတော့ မသိပါဘူး။ ဒီလောက် မတော်မတရားလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆိုးသည်၊ ကောင်းသည် ဘာဝေဖန်ချက်မှမပေး ရေငုံနှုတ်ပိတ်နေကြတယ်။ သွယ်ဝိုက်ပြီး ထောက်ခံတဲ့သဘောပေါ့။ တရုတ်၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မိစ္ဆာသန်းရွှေကိုယ်တိုင်သွားပြီး ရှင်းလင်း ညှိနှိုင်းနေတယ်။ တရုတ်အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲ၊ ဒေါ်လာသန်းပေါင်း ငါးထောင်ကျော်ပေးပြီး ရွေး ကောက်ပွဲကို တဖက်လှည့် ထောက်ခံပြလိုက်တယ်။



မိစ္ဆာသန်းရွှေရဲ့ ဒီနောက်ဆုံး သူရဲဘောင်မှုလုပ်ရပ်ကြောင့် နိုင်ငံရေးအရ အထိခိုက်ဆုံးကတော့ ကေအိုင်အေ ခေါင်းဆောင် ဒေါက်တာတူးဂျာပဲဖြစ်တယ်။ ငရုတ်သီးနဲ့ ပေါင်းမိလို့ အထောင်းခံရတဲ့ ကြက်သွန်လို အင်ဂျီအိုနဲ့ ဈေးကစားတတ်တဲ့ နိုင်ငံရေးစားဖား ဟန်ညောင်ရွှေရဲ့ ရွေးကောက်ပွဲဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအခွင့်အ လမ်းဆိုတဲ့ စကားကို ယုံစားမိလို့ အခုလို နိုင်ငံရေးနှပ်ပစ်ခံရတာဖြစ်တယ်။ သူ့ခမျာ ပါတီမှတ်ပုံတင်ခွင့်မရတာ တောင် တသီးပုဂ္ဂလအနေနဲ့ပြိုင်ဖို့ ကြိုးစားရှာပါသေးတယ်။ နအဖက သူပြိုင်မယ့် ကချင်ပြည်နယ်ကို ရွေး ကောက်ပွဲ မလုပ်တော့ဘူးလို့ ဖြတ်ရိုက်တာ ခံလိုက်ရရှာတယ်။ ဖွတ်မရ ဓားမဆုံးတဲ့ကိန်း ...။

တကယ်တော့ ဒီရွေးကောက်ပွဲဆိုတာ နိုင်ငံတကာနယ်ပယ်မှာ နိုင်ငံရေးအရ တရားဝင်မှု၊ ပိတ်ဆို့အရေးယူမှု စတဲ့ အကျပ်အတည်းတွေကနေ လွတ်ဖို့ ထွက်ပေါက်တခုအဖြစ် ယောင်ပြနိုင်ငံရေး ကစားကွက်တခုပဲ ဖြစ်ပါ တယ်။ ပြည်ထဲက လူထုဆန္ဒတို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဖြေရှာဖို့ဆိုတာ တစိုးတစိတောင် ထည့်မတွက်ပါဘူး။ နိုင်ငံတကာကို ပြတဲ့ မျက်လှည့်ပွဲ၊ ရွေးကောက်ပွဲ တံဆိပ်ကပ်ထားတဲ့ နိုင်ငံရေးလိမ်ညာပွဲ တခုပဲဖြစ်ပါတယ်။ ပြည်တွင်းအယ်ဒီတာတဦးရဲ့ စကားအတိုင်းဆိုရင် နှစ်ဘက်မိဘတွေကည်း သဘောမတူ ပတ်ဝန်းကျင်ကလည်း နှာခေါင်းရှုံ့နေကြတဲ့ လိင်တူချစ်သူများရဲ့ မင်္ဂလာပွဲတခုပေါ့။

ထွက်ပေါက်မရှိတဲ့ စစ်ကျွန်ဖွဲ့စည်းပုံ၊ ပြိုင်ဘက်ကို လက်ပြန်ကြိုးအမျိုးမျိုး ချည်ထားတဲ့ ရွေးကောက်ပွဲ နည်းဥပ ဒေတွေ၊ လက်လှမ်းမမီတဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး၊ စိတ်ကူးပေါက်တိုင်း ထွက်လာတတ်တဲ့ နှုတ်မိန့်ဆို တာတွေ၊ ပြီးတော့ သခင်အားရ ကျွန်ပါးဝ ရွေးကောက်ပွဲကော်မရှင်ဆိုတာတွေ “စတဲ့.. စတဲ့” ပြောမဆုံးပေါင် တောသုံးတောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုမျိုးစုံနဲ့ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို အခွင့်အလမ်းတခုလို မြင်နိုင် ကြသူတွေ၊ ပြိုင်ချင်ကြသူတွေကလည်း ရှိနေသေးတာ အံ့သြစရာ။

အခွင့်အလမ်းဆိုတာမျိုး တကယ်ဖြစ်ခဲ့ရင်တောင် ဒီအခွင့်အလမ်းဆိုတာ တိုင်းပြည်နဲ့လူမျိုးအတွက် မဟုတ် တာကတော့ သေချာတယ်။ အတ္တလောဘဆန္ဒစွဲကို နည်းနည်းထိန်းချုပ်နိုင်မယ်ဆိုရင်တောင် ၂၀၀၈ က အတု အယောင် ဆန္ဒခံယူပွဲကို သင်ခန်းစာထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် အနှီပုဂ္ဂိုလ်များဟာ တိုင်းပြည်အတွက် အ ကျိုးမများတဲ့ ကိုယ့်ဆန္ဒစွဲလောဘ သို့မဟုတ် မိမိကိုယ်ကိုယ်ဗဟိုပြုတဲ့ အမြင်ကြောင့် တံလျှပ်ရေထင် ကြမ္မာ ငင်ပြီး စစ်ကျွန်ရွေးကောက်ပွဲ ခြောက်ကမ်းပါးထဲ ခုန်ချကုန်ကြတာပဲ။

ပြည်တွင်းပြည်ပက အဲဒီလိုလူတွေကို လေ့လာကြည့်ရင် အရေးကောင်းရင် ဗိန်းဗောင်းတိုက်ပြီး ဖားပြုတ်တွေ မာန်ဖီသလို လေနဲ့ဖောင်းကားနေတတ်တယ်။ နိုင်ငံရေးရာသီမကောင်းလို့ ပူပြင်းကြမ်းတမ်းလာရင် အေးရာ အေးကြောင်း အကြိုအကြားမှာ ချောင်ခိုပြီးတော့ ရှောင်နေတတ်တယ်။ နင်မလာ ငါမကြောက်၊ နင်လာ ငါ ပျောက်ဆိုတဲ့ အစားထဲကပေါ့။ လူရည်လူသွေးတော်တယ်၊ တတ်တယ်၊ လည်ပတ်နှံ့စပ်တယ်။ သို့သော် စွဲမြဲ ခိုင်မာတဲ့ ယုံကြည်ချက်တို့၊ ခံယူချက်တို့ဆိုတာ သူတို့အဘိဓာန်မှာမရှိဘူး။ အဲဒီလိုလူမျိုးတွေဟာ ဘယ်နေရာ ရောက်ရောက် ကိုယ်သက်သာရာ အခွင့်အရေးရှိရာကိုပဲ ရှာဖွေနေတတ်တယ်။ အိမ်ရှင်မရဲ့ ခြေသလုံးကို ခေါင်းကလေးနဲ့ တိုးခွေ့ချော့ပလီပြီး ခေါင်းအုံးပေါ် တက်အိပ်တတ်တဲ့ ကြောင်ပါးဝကြီးတွေလို အစားတွေ။ နိုင် ငံရေး၊ တော်လှန်ရေးထဲ ရောက်လာရင်လည်း အများနဲ့ တန်းတူနေ၊ တန်းတူစား၊ တန်းတူလုပ်ကိုင်ဖို့ ဘယ် တော့မှ မကြိုးစားဘူး။ မြှောက်စားမယ့်သူ၊ အနား ဖားယားခိုကပ်နေတတ်တဲ့ အနားပျာတွေ “တိမ်လွှာကြားမှာ လရထားကို အခန့်သား စီးချင်သူတွေ”။ ဇာတ်ပျက် တော်လှန်ရေးဗျိုရိုကရက်တွေပေါ့။

လူမှုအဆောက်အဦတခုကို စီမံခန့်ခွဲအုပ်ချုပ်တဲ့အခါ အဓိကအားဖြင့် အာဏာဗဟိုချက် (Power Center) နှစ် ခုနဲ့ ခန့်ခွဲကြတယ်။ တခုက အဆုံးအဖြတ်ပေးပြီး တခုက အကောင်အထည်ဖော်တယ်။ ခေါင်းဆောင်တွေ နိုင်ငံ ရေးသမားဆိုတာတွေက ဝဲယာ၊ ထက်အောက်၊ ရှေ့နောက် ထောင့်စုံကို ချင့်ချိန်ပြီး အဆုံးဖြတ်ပေးတယ်။ ဗျူ ရိုကရက်တွေကတော့ လုပ်ထုံးလုပ်နည်းတွေကို အသုံးချပြီး အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် တယ်။ ဒီတော့ ဗျူရိုကရက်ဆိုတာလည်း အရေးပါတဲ့ လိုအပ်ချက်ဖြစ်တယ်။ သို့သော်လည်း သူတို့ဟာ တိုင်း ပြည်၊ လူမျိုး၊ အဖွဲ့အစည်း၊ အဆောက်အဦရဲ့ ပကတိအခြေအနေတွေ၊ လိုအပ်တာတွေထက် လုပ်ထုံးလုပ် နည်းတွေကိုသာ အလေးထားတယ်။ စာရင်းငှား နွားကျွေးသလို လက်တွေ့အကျိုးသက်ရောက်မှုထက် လုပ် ထုံးလုပ်နည်းနဲ့ အဆင်ချောမွေ့ပြီး အလုပ်ပြီးမြောက်ဖို့ပဲ ဦးစားပေးတယ်။ အများနဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ် စားနေပေမယ့် စေတနာ့ဝန်ထမ်းစိတ် ခေါင်းပါးတတ်ပြီး သူတို့ကိုယ်သူတို့ လူတကာထက် ထူးမြတ်တဲ့ မိုးကျ ရွှေကိုယ်တွေလို့ မှတ်ထင်တတ်တယ်။

ဖြစ်နိုင်ခြေ၊ ဖြစ်တန်ခြေ (Possibility, Probability) ဆိုတဲ့ စကားတွေကို များများပြောပြီး အခွင့်အရေး နောက်ကို ယုန်နဲ့အတူ ပြေး၊ ခွေးနဲ့အတူ လိုက်နေသူတွေ ဖြစ်တယ်။ စွန့်လွှတ်စွန့်စားခြင်း၊ အနစ်နာခံခြင်းဆို တာ သူတို့အတွက် မပြောကောင်း၊ မကြားကောင်းတဲ့ ဝေါဟာရတွေဖြစ်တယ်။ လူမှုဆက်ဆံရေးအမြင်ကြ တော့လည်း တန်းတူမရှိ၊ မြင့်တယ်ထင်ရင် ဖားတယ်၊ နိမ့်တယ်ထင်ရင် နှိမ်တယ်။ ဆရာတပည့်ထက်မက ကျွန် မွေးဖို့ လက်မနှေးသလို သခင်မွေးဖို့လည်း ဝန်မလေးဘူး။ ဒါကြောင့် ဒီလို ဗျူရိုကရက်ဉာဉ်နဲ့ လူစားတွေ ခေါင်း ဆောင်နေရာ၊ အဆုံးဖြတ်နေရာ ရောက်လာရင် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း၊ အဆောက်အဦ၊ လှုပ်ရှားမှု၊ တော်လှန်ရေးဆိုတာတွေ ပျက်စီးပြီး လမ်းကြောင်းပျောက်တော့တာပဲ။

၈၈ က စခဲ့တဲ့ ကျုပ်တို့တော်လှန်ရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဆိုသလို ဗျိုရိုကရက်ဉာဉ်နဲ့ လူတွေက ခေါင်းဆောင်နေရာ အဆုံးအဖြတ်နေရာတွေမှာ အုပ်စီး ထားလိုက်တာ တမိုးလုံး ဖျောက်ဆိပ်သူတို့ ချည်းပဲ။ ဒီလိုနဲ့ ၈၈ နိုင်ငံရေး ဒီရေကြီးလည်း နှစ် (၂၀) ကျော် ကာလအတွင်းမှာ ရေစုန်မျောသွားခဲ့ရတယ်။ စစ် တမ်းပြုချက်တခုအရ ဒီမိုကရေစီတပ်ဦးပါတီ အန်အယ်လ်ဒီခေါင်းဆောင်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ အ ထက်ဖား အောက်ဖိ ဝတ်ကျေတန်းကျေ အကျင့်စွဲနေတဲ့ မဆလတွေဆိုပဲ။

တချို့ ရဲရင့်တက်ကြွတဲ့ ပါတီဝင်တွေ အဖမ်းခံထောင်ချ၊ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရ၊ တချို့ပါတီက အ ထုတ်တောင်ခံရတဲ့ အခြေအနေမှာ ဒီ မလုပ် မရှုပ် မပြုတ်ဆိုတဲ့ မဆလဟောင်း ဗျူရိုကရက်တွေကတော့ စစ် အုပ်စုရဲ့ သက်တော်ရှည်ဘွဲ့ခံ အတိုက်အခံခေါင်းဆောင်ကြီးတွေ ဖြစ်လို့ပေါ့။ ဦးဝင်တင်ရဲ့ မေးမြန်းခန်းတခုမှာ ကြားလိုက်မိပါတယ်။ ၂၀၀၇ သံဃာတွေ အုံကြွပြီး လမ်းမပေါ်ထွက်လာကြတော့ အန်အယ်လ်ဒီခေါင်းဆောင် တွေ စည်းဝေးကြတယ်။ ဘာလုပ်မလဲ ဆွေးနွေးကြတယ်။ အခု အန်ဒီအက်ဖ်ခေါင်းဆောင် မဆလဟောင်း ကော့ကရိတ် (ဦး) သိန်းညွန့်က ဥပဒေနဲ့ ဆန့်ကျင်တယ်၊ ပတ်သက်လို့ မဖြစ်ဘူးလို့ ပိတ်ပြီး ပြောခဲ့တာနဲ့ ဘာ အရေးယူဆောင်ရွက်မှုမှမပါဘဲ ပြီးဆုံးခဲ့တယ်လို့ဆိုတယ်။ ဒီလိုနဲ့ အန်အယ်လ်ဒီပါတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိုက်၊ နိုင်ငံရေးတိုက်ပွဲတချို့ဖော်ပြီး လှုပ်လှုပ်ရှားရှားလေးဖြစ်လိုက်၊ ဒေါ်စု ပြန်အဖမ်းခံရပြီး ငြိမ်သွားလိုက်နဲ့ ကြေငြာချက်တွေထုတ်တဲ့ စာကူးစက်တလုံး ဖြစ်သွားတော့တယ်။

အန်ဂျီအိုပယောက အပူးခံရတဲ့ ပြည်ပလှုပ်ရှားမှုကတော့ ပိုပြီး အခြေအနေဆိုးပါတယ်။ သူတို့အပြောနဲ့ ပင်မ ရေစီး (Main stream) ထဲက ဇာတ်ပျက်တော်လှန်ရေး ဗျူရိုကရက်တွေဟာ အင်ဂျီအိုဂုဏော အနန္တော ဂါထာ ကို နာနာရွတ်ပြီး ခေါင်းဆောင်မှုနေရာကို သိမ်းပိုက်၊ ဆူလွယ်နပ်လွယ် ပရောဂျက်တွေနဲ့ ငါးပွက်ရာ ငါးစာချ ရင်း အချိန်ဖြုန်းခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာထက် အန်ဂျီအိုအကြိုက် လုပ်လို့ရတာတွေနဲ့ပဲ ဝတ်ကျေတန်း ကုန် လုပ်ကြတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးလို နိုင်ငံရေးသက်သက်နဲ့ မရနိုင်လို့ စစ်ရေးနည်း လက်နက် ကိုင်ဖို့ ထွက်လာခဲ့ကြတာကို မေ့ချင်ယောင်ဆောင်ပြီး အန်ဂျီအိုအကြိုက် အကြမ်းမဖက်နိုင်ငံရေးဆိုတဲ့ ဖော် နည်းကားကြီးကို သုံးပြီး ရေသာခိုကြတယ်။ ကိုယ်ရေသာခိုတာကို ဒေါ်စုရဲ့ တိုက်ပွဲလမ်းစဉ်က အကြမ်းမဖက် နည်းဖြစ်လို့ ဒေါ်စုစကားကို နာခံသလိုလို ဖုံးကွယ်တတ်သေးတယ်။

ခေါင်းဆောင်ကြီးတယောက်ဆို လက်နက်ကိုင်လမ်းစဉ်အတွက် ပြင်ဆင်ဖို့ တိုက်တွန်းမိတဲ့သူကို အန်ဂျီအို မ ကြိုက်လို့ မလုပ်နိုင်ဘူး ဗြောင်ငြင်းလွှတ်လိုက်သတဲ့။ အန်ဂျီအို ခိုင်းတာ အကုန်လုပ်၊ အန်ဂျီအို မကြိုက်တာ အ ကုန်ဖြုတ်။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် လိုအပ်တာ၊ မလိုအပ်တာ အကျိုးရှိတာ၊ မရှိတာ ဘေး ချိတ်ပဲ။ ဒီလို ဖောက်လွဲဖောက်ပြန်အလုပ်တွေကို လုပ်နိုင်ဖို့်အတွက် တော်လှန်ရေးဇာတ်ပျက် ဗျူရိုက်ကရက် တွေ တူရာတူရာ စုဖွဲ့ကြတယ်။ ဝိုင်းကြီးချုပ်လုပ်ကြတယ်။ အမြီးကျက်စား ခေါင်းကျက်စား မလုပ်နိုင်ဘဲ မျိုးမ တူ ဇာတ်ခြားလို့ကတော့ နိုင်ငံရေးကို ဘယ်လိုပေးဆပ်ပြီး ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အနားကပ်ဖို့ မကြိုးစားနဲ့ ဝေးရာကရှားပဲ။ တော်လှန်ရေးနဲ့ မပတ်သက် နိုင်ငံရေး စိတ်မဝင်စားပေမယ့် လက်ညှိုးထောင် ခေါင်းညိတ်တဲ့ သူ၊ ပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်မယ့်သူတွေကတော့ လာခဲ့စမ်း ဝဲလ်ကမ်းပဲ။

နိုင်ငံတကာက ပြည် ပတော်လှန်ရေးခေါင်းဆောင်မှုဆိုတာ ဒီလိုချည်းပါပဲ။ ဒါကြောင့်လည်း ရန်သူ့သတင်းပေး တွေ အလွယ်တကူ ထိုးဖောက်နိုင်တာပေါ့။ နိုင်ငံအရေး၊ တော်လှန်ရေးကို လုပ်နေပေမယ့် အဲဒီအထဲမှာ နိုင်ငံ တော်သီချင်းကို မျက်ရည်ဝဲအောင် အူလှိုက်သည်းလှိုက် ဆိုခဲ့ဖူးသူ ဘယ်နှယ်ယောက်ပါလဲ မပြောတတ်ဘူး။ သူတို့နိုင်ငံရေးက ကိုယ့်တွက်ချန်နိုင်ငံရေးပဲ။ တွက်ခြေမကိုက်ရင် ဘာမှမလုပ်ဘူး။ ဒီတော့ ပြည်တွင်းအင်အား စုတွေ ဘယ်လောက် ပူလောင်ကြမ်းတမ်းတဲ့ နိုင်ငံရေးကို ရင်ဆိုင်နေရစေဦးတော့ သူတို့အတွက်တော့ နေသာ သပ လေညာကပဲ။ အခုတော့ ပြည်ပတော်လှန်ရေးရဲ့ ခေါင်းဆောင်မှုဆိုတာ လှေကြုံစီးတွေနဲ့ ဝန်ပိပြီး မရွေ့ နိုင်တော့ဘူး။

အခုလို စစ်ကျွန်ဇာတ်သွင်းရေး စစ်အုပ်စုရဲ့ကြိုးပမ်းမှုကို တိုက်ဖျက်ဖို့ ပြည်တွင်းခေါင်းဆောင်တွေ အင်အားစု တွေက မီးကုန်ယမ်းကုန် လှုံ့ဆော်နေချိန်မှာ အနှီပြည်ပခေါင်းဆောင်ဆိုသူများက ဝတ္တရားကျေ ကြေညာချက် ကလေးတွေ ထုတ်ပြီး ဘာမှ တက်တက်ကြွကြွ လုပ်တာမတွေ့ရဘူး။ ငွေထုပ်ကြီးနဲ့ အန်ဂျီအို လေညွှန်တံ ကုက္ကလံ ဘယ်အရပ်ကို ညွှန်သလဲဆိုတာကိုပဲ အာရုံစိုက်နေကြတယ်။

တကယ်တမ်းတော့ နိုင်ငံတကာမှာ ပြန့်ကျဲနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကို ပြန်စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းခေါင်းဆောင်တွေ၊ အင်အားစုတွေရဲ့သဘောထားကို နိုင်ငံတကာမှာ ကျယ်ပြန့်အောင် ဖြန့်ချိတာတွေ၊ စစ်ကျွန်ဖွဲ့စည်းပုံရဲ့ ဖောက်ပြန်မှုတွေကို ဖော်ထုတ်တာတွေ၊ အတုအယောင် ရွေးကောက်ပွဲရဲ့ မတရားမှုနဲ့ ဇာတိရုပ်တွေကို ဖွင့်ချတာတွေပြုလုပ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလွန်ကာလ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု နိုင်ငံရေးတရားဝင်ရေး ကြိုးပမ်းချက်ကို ကြိုတင်ဟန့်တား တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီ့အလုပ်တွေကို ပြန့်ကျဲနေတဲ့ အင်အားစုတွေကပဲ ကိုယ့်ဒေသနဲ့ ကိုယ် တကွဲတပြား ဆောင်ရွက်နေကြရတယ်။

တဘက်မှာတော့ ခင်ဇော်ဝင်း၊ နေဝင်းမောင်၊ ဟန်ညောင်ရွှေ၊ ဆလိုင်းလျံမုန်းတို့လို အတွင်းအပြင်က ဖောက် ပြန်ရေးသမား တော်လှန်ရေးဗျူရိုကရက်တွေကတော့ နိုင်ငံတကာ လှည့်ပတ်ပြီး စစ်မိစ္ဆာတွေရဲ့ စစ်ဖိနပ်ကို လျှာနဲ့လျက် အရောင်တင်ပေးနေကြတယ်။ သူတို့က အမေရိကား၊ ဂျပန်၊ ဥရောပ တဝှမ်းလှည့်လည်ပြီး အတု အယောင်ရွေးကောက်ပွဲ ထောက်ခံရေး စည်းရုံးနေကြတယ်။ သူတို့က မငြင်းသာလို့ စစ်အုပ်စုရဲ့ အတုအ ယောင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနဲ့ကြည့်ရင် အဆင့်အတန်းမရှိတာ၊ မတရားတာကို ဝန်ခံတယ်။ ဒါပေ မယ့် ဒါဟာ ဗမာပြည်လက်ရှိပြဿနာအတွက် လက်တွေ့ကျတဲ့ အဖြေဖြစ်တဲ့အကြောင်း၊ ပထမဆုံး ခြေလှမ်း ဖြစ်လို့ ရွေးကောက်ပွဲဟာ ဒီအဆန့်အတန်းလောက်နဲ့ပဲ သင့်တော်တဲ့အကြောင်း အရှက်မရှိ ပြည်သူကို စော် ကား ဗြောင်လိမ်မဲဆွယ်နေကြတယ်။ ဒါကို အန်စီဂျီယူဘီတို့၊ အန်စီယူဘီတို့၊ ကုလကိုယ်စားလှယ်ကြီး သောင်းထွန်းတို့ ဘယ်ပျောက် ဘယ်ရောက်ပြီး ဘာကြောင့် ငြိမ်နေကြသလဲ။

ဟုတ်မဟုတ်တော့ မသိဘူး။ အန်ဂျီအိုနဲ့ နီးစပ်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေညာချက်ကလေးတွေ ထုတ် ထားတဲ့ အဖွဲ့အစည်းခေါင်းဆောင်းတချို့ဆိုလည်း ပြည်တွင်းရွေးကောက်ပွဲဝင်ကြမယ့် ဖောက်ပြန်ရေးသမား တွေနဲ့ အစောကြီးထဲက လက်ဝါးရိုက်ထားကြတယ်ဆိုပဲ။ အန်အယ်လ်ဒီနဲ့ ၉၀ ခုအနိုင်ရ တိုင်းရင်းသားပါတီ တွေက ပါတီတွေ မှတ်ပုံပြန်မတင်၊ ရွေးကောက်ပွဲ ပြန်မဝင်ဘဲ သပိတ်မှောက်ကြလို့ အတော်အကျပ်ရိုက်သွား ကြတယ်ဆိုပဲ။ သူတို့ မူလအပေးအယူ ရွေးကောက်ပွဲဝင်ရေး ကြိတ်ပုန်းအစီအစဉ်တွေကို အသာချောင်ထိုးပြီး ထိုင်လက်စ ထိုင်ခိုင်တွေမှာ ဟန်မပျက် ဆက်မှေးနေကြဟန်တူပါရဲ့။ (Burma Fund) ဆိုတဲ့ စားဖားတို့ ပျော် စံရာ ရေကန်သာနဲ့ နီးစပ်သူတွေက ပိုပြီး တိတိကျကျ သိနိုင်လောက်ပါတယ်။ ခုမှပဲ လူကြီးသူမတွေပြောတဲ့ ကုန်သည်ပွဲစား အခွင့်အရေးသမားတွေမှာ ဘက်မရှိဘူး။ အကျိုးးစီးပွားပဲရှိတယ်ဆိုတဲ့ စကားကို ကောင်း ကောင်း သဘောပေါက်တော့တယ်။ တဘက်က တဘက်ကို ပြောင်းဖို့လည်း ဝန်မလေး၊ ခြံစည်းရိုးခွထိုင် နှစ် ဘက်ခွတုတ်ဖို့လည်း အဆင်သင့်ပဲ။ ဒါကြောင့် နယ်ခြားမဲ့သတင်းသမားတို့၊ ဆရာဝန်ဆေးသမားတို့ဆိုတာက စကားပဲရှိတယ်။ နယ်ခြားမဲ့ အခွင့်အရေးသမား အချောင်သမား (Opportunist Sans Frontier) ဆိုတာကမှ တကယ့်လက်တွေ့ ပကတိ။

ဗမာပြည်သူတွေကို ထာဝရကျွန်ဇာတ်သွင်းမယ့် အတုအယောင်ရွေးကောက်ပွဲ သို့မဟုတ် ဒီမိုကရေစီ သင်း ကွပ်ပွဲကို ထောင့်သုံးထောင့်ကနေ လှုံ့ဆော်စီမံနေတာ တွေ့ရတယ်။ အခုမှ တကယ်သုံးပွင့်ဆိုင်နေကြပြီ။ အဲဒီ မှာ မူလသုံးပွင့်ဆိုင် ဆရာကြီး ဟန်ညောင်ရွှေလည်း ပါတယ်ဆိုတာကတော့ ပြောစရာမလိုတဲ့ အချက်ပဲ။ ဗမာ ပြည်ပြဿနာ အဖြေရှာဖို့တော့မဟုတ်ဘူး။ ဗမာပြည်သူတွေကို ကျွန်ဇာတ်သွင်းဖို့ပဲဖြစ်တယ်။

နံပါတ်တစ်က သမိုင်းတရားခံ မိစ္ဆာစစ်အုပ်စု၊ နောက်တစုက ပြည်တွင်းပြည်ပက တော်လှန်ရေးဗျူရိုကရက် တွေ၊ ပြီးတော့ တော်လှန်ရေးဗျူရိုကရက်တွေနောက်က ကြိုးဆွဲဆရာ အန်ဂျီအိုတွေ။

နအဖ ရွေးကောက်ပွဲကြောင့် စေတီမှတ် ကိုးကွယ်ခဲ့တဲ့ တောင်ပို့တွေ ဖွတ်ထွက်ကုန်တယ်။ တချို့ကတော့ ဖွတ်မထွက်သေးပေမယ့် တောင်ပို့မှန်းတော့ ပေါ်လာပြီ။ တောင်ပို့မှန်း သိပေမယ့်လည်း တချို့က လာဘ်လာ ဘမျှော်ကိုးပြီး မီးထွန်း ရွှေချ ပူဇော်နေကြတုန်းပဲ။ တလောက ပုဂ္ဂိုလ်တယောက် အမည်မဖော်ဘဲ အီးမေးလ် ကတဆင့် စာတစောင် ပို့လာတယ်။ စာက ဂျာမန်အန်ဂျီအို အက်ဖ်အီးအက်စ် (FES-Friedrich Ebert Stiftung-Foundation) နဲ့ ပတ်သက်တဲ့ စာဖြစ်နေတယ်။ သိပ်မကြာပါဘူး အဲဒီအန်ဂျီအိုကနေ ပြည်တွင်းက ဇာတ်ပျက် နေဝင်းမောင်တို့၊ ခင်ဇော်ဝင်းတို့နဲ့ အတုအယောင်ရွေးကောက်ပွဲတွက် ဘာလင်မှာ မဲဆွယ်ပွဲကြီး လုပ်တယ်။ နေဝင်းမောင်ကတော့ မလာတော့ဘူး။ ခင်ဇော်ဝင်းပဲ လာတယ်ကြားတယ်။

ဂျာမနီရောက် မျိုးချစ်တွေက ဆန္ဒပြ ကန့်ကွက်ကြတယ်လို့ ကြားလိုက်ရတယ်။ ဘရပ်ဆယ်မှာလည်း တပွဲ ထပ်လုပ်သေးတယ် ကြားတယ်။ အဲဒီစာ ဖတ်ကြည့်တော့မှ ဗမာ့ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်ဆိုတဲ့ အန်ဂျီအိုတွေနဲ့ ပြည်ပဒီမိုကရေစီခေါင်းဆောင် တံဆိပ်ကပ်ထားတဲ့ စားဖားတွေ စစ်အုပ်စုနဲ့ ပလူးပလဲ လုပ်နေ တာ ၂၀၀၃/၂၀၀၄ ကတည်းကဆိုတာ သိရတော့တယ်။ လက်စသတ်တော့ အဲဒီ့တုန်းက ဟန်ညောင်ရွှေတို့ ပြောနေတဲ့ စစ်မိစ္ဆာတွေကို ရန်သူလို့ မသုံးနှုန်းပါနဲ့ ဆွေးနွေးဘက်တွေလို့ သုံးနှုန်းဖို့ ပြောခဲ့တာ ဒါကြောင့်ပေ ကိုး။ ပြီးတော့ စစ်မိစ္ဆာတွေကို ရန်ငါစည်းပြတ် ရှုတ်ချတိုက်ပွဲဝင်နေသူတွေကို မရင့်ကျက်သူတွေလိုလို အဆင့် အတန်းနိမ့်တဲ့သူတွေလိုလို ကွန်မြူနစ်စစ်သွေးကြွတွေလိုလို ကဲ့ရဲ့တတ်သေးတယ်။ အဲဒီလို ဝေဖန်ရင် စစ်အုပ် စုနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲပြီး တော်လှန်ရေးအကျိုးစီးပွား ထိခိုက်သလိုလို ပြောတတ်ကြသေး တယ်။ ပါးနပ်ပိရိလိုက်တဲ့ ဓားပြ ဆယ်နှစ်လောက်ရှိမှ ကျောချခံရတာ သိရတော့တယ်။ သခင်စိုးကြီးစကားအ တိုင်း ခပ်ကြမ်းကြမ်းလေး ပြောရရင် ဟန်ညောင်ရွှေတို့လို တော်လှန်ရေးဗျူရိုကရက်တွေဟာ လူက လင်ကြီးနဲ့ အတူ ခြင်ထောင်ထဲအတူ ရှိပေမယ့် လင်ငယ်အတွက် ဖင်ကို ခြင်ထောင်အပြင်ထုတ်ထားတာ ဆယ်နှစ် လောက်ရှိပြီးကိုး။

ကျနော်တို့မှာတော့ အမေရိကန်လွှတ်တော်တို့၊ အီးယူတို့က ဗမာ့အရေးအတွက် ဒေါ်လာဘယ်နှသန်း ချပေး လိုက်ပြီ၊ ယူရိုဘယ်နှသန်း ချပေးလိုက်ပြီနဲ့ ကြားရတာ မစားရဝခမန်းပဲ။ ဒါပေမယ့် အမေရိကန်နဲ့ ဥရောပအခွန် ထမ်း ပြည်သူတွေရဲ့ အလှူငွေတွေဟာ သူတို့ ရည်မှန်းတဲ့ ဗမာပြည်သူတွေရဲ့အကျိုးအတွက် ရောက်တာက နည်းနည်း အန်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာက ခပ်များများပါ။

တိဗက်တွေရဲ့ အဝေးရောက်လှုပ်ရှာမှုတွေဟာ ၁၉၅၉ ခု ကတည်းက စခဲ့တယ်။ ဗမာ အဝေးရောက် လှုပ်ရှားမှု ထက် အနှစ်သုံးဆယ်လောက် စောတယ်။ အန်ဂျီအိုနဲ့လည်း အစောကြီးကတည်းက ထိတွေ့ဆက်ဆံခဲ့သလို အတွေ့အကြုံလည်း ပိုများတယ်။ ကျနော့် မိတ်ဆွေ တိဗက်လူငယ်ဥက္ကဋ္ဌနဲ့ အတွေ့အကြုံ ဖလှယ်မိတဲ့အခါ သူက “ဒီကောင်တွေက နေရာတကာ ဆရာ လုပ်ချင်တယ်၊ ငွေလေး မဖြစ်စလောက်ပေးပြီး ဟိုဟာ ခိုင်းချင်၊ ဒီဟာ ခိုင်းချင်။ ပိုဆိုးတာက တို့လူတွေ ခြစားပျက်စီးတာပဲ အဖတ်တင်ကျန်ခဲ့တယ်” လို့ အန်ဂျီအိုတွေနဲ့ ပတ် သက်ပြီး ပြောခဲ့ဖူးတယ်။

ဖလှယ်မိသလောက် သူတို့အတွေ့အကြုံနဲ့ ကျုပ်တို့အတွေ့အကြုံက သိပ်တော့မကွာခြားလှဘူး။ သူတို့က တော့ ဘုန်းတော်ကြီး ဒလိုင်းလာမားလို သြဇာပေါက် ခေါင်းဆောင်မှု၊ ပီပြင်တဲ့ အဖွဲ့အစည်းများနဲ့ စည်းလုံးပြီး တာဝန်သိတဲ့ အဝေးရောက်အမျိုးသား အစုအစည်း (Exile Community) ရှိတော့ နည်းနည်းတော့ ခံသာ သေးတယ်။ သူတို့ခေါင်းဆောင်မှုကလည်း ဗမာတွေရဲ့ ခေါင်းဆောင်မှုလောက် အမျိုးသားရေးအမြင် မလျော့ ပါးဘူး၊ ဇာတိမာန်ချွတ်ခြုံမကျဘူး။ ဒီတော့ သူတို့အခြေအနေက ဗမာတွေလောက် မဆိုးဘူး။ ပြီးတော့ အန်ဂျီ အိုက ဗမာတွေကို ဆက်ဆံသလို မယားငယ် ပေးပေး၊ မယားငယ်ကျင့်ကျင့်တာ သိပ်မခံရဘူး။

ဒါကြောင့် အမေရိကားရောက် မိတ်ဆွေတယောက်က ပြောတယ်။ ဒီမှာတော့ ကျုပ်တို့ ခေါင်းဆောင်တွေဆို တာ ဥက္ကဋ္ဌဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ ဆင်ဖြူတော်ကြီးကို ပြစားနေတဲ့ ဇာတ် မှာ ဆင်ကိုပိုင်ဖို့ မပြောနဲ့၊ ဆင်ဦးစီးတောင်မဟုတ်ဘူး။ ဆင်အောက်ကနေ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်နဲ့ လှံလေးတချောင်း ကိုင်ပြီး ဆင်မောင်းပေးရတဲ့ ဆင်နောက်လိုက် ချွန်းကိုင် ပဲ့ချိတ်အဆင့်ပဲရှိတယ်။ ပြောလည်း ပြောလောက်စရာ။ ဒိုင်ယာလော့တို့၊ ဝင်းဝင်းစီကျူရေးရှင်းတို့၊ ရီဂျင်းချိန်းတို့ဆိုတဲ့ တော်လှန်ရေးမဆန် ဖောက် ပြန်တဲ့ စကားလုံးတွေကို တွင်တွင်ကြီး ပြောဟောနေကြတဲ့ ဟန်ညောင်ရွှေ၊ ဇော်ဦး၊ သန်းမြင့်ဦးနဲ့ လူတတ်လို လိုအားလုံးဟာ အဲဒီအန်ဂျီအိုတွေနဲ့ ပလဲနာမသင့်တဲ့ လူတွေချည်းပဲ။ သူဆန်စားထားလို့ ရဲကြရလေသလား၊ ကြက်တူရွေးက တော်တော်ကို မယ်ဘော်ကပဲ ကဲလွန်းနေသလား။ ပြောမယ့်သာပြောရတယ် ဗမာပြည်အခြေ အနေက ဒီအန်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် နတ်ကြိုက်နဲ့ ဓာတ်တိုက် အကိုက် ဖြစ်နေ တာ။ ချောက်ကျစရာရှိလည်း ဗမာပြည်နဲ့ ဗမာလူထုပဲ။ သူတို့အတွက်တော့ ဘာဖြစ်ဖြစ် အတွေ့အကြုံတခု ထက်မပို နေသာသပ လေညာကပါပဲ။ ဆောရီးပါကွယ်၊ ဝမ်းနည်းပါတယ် စကားတခွန်းဆိုရင် ပြီးရော။ ဒီတော့ ကိုယ့်ကိစ္စကိုယ့်အရေးကို ကိုယ့်အချင်းချင်းပဲ ဆွေးနွေးပြီး ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်အားကိုယ်ကိုးရမယ့် အ ချိန်ရောက်ပြီ။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပုံပြင်လေးတွေနဲ့ ပြောတတ်တယ်။ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကိုယ့်အချင်းချင်း သူမသာ ကိုယ်မနာ အဖြေရှာဖို့ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ သူတပါးကို မယုံဖို့ အမြဲပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်တဲ့ ဆရာကြီးရဲ့ ပုံပြင်လေးတခုရှိတယ်။ အင်္ဂလိပ်တွေရဲ့ သန်လျင် တညင်က ကုန်တိုက်ကို ပြည်တွင်းရေးဝင်စွက်လို့ ပိတ်ပစ်လိုက်တယ်။ ဘိုးတော်ဘု ရားလက်ထက်ရောက်တော့ ဟိုင်းကြီးကျွန်းကို ငှားဖို့ အင်္ဂလိပ်တွေက ပြန်ကြိုးစားကြတယ်။ ဟိုင်းကြီးကျွန်းဆို တာက လူသူမနေ သစ်ကြီးဝါးကြီးတွေနဲ့ ဗွက်တောကြီးဖြစ်တယ်။ ဒါကို တနှစ်ငွေတော်တသိန်း ပေးပြီးငှားဖို့ အင်္ဂလိပ်တွေက ကမ်းလှမ်းတယ်။ ဘိုးတော်ဘုရားကော၊ ကျန်တဲ့ မူးကြီးမတ်ရာတွေက လူသူမနေတဲ့ ကျွန်းမို့ ငွေတော်တသိန်း အလကားရတာပဲဆိုပြီး ငှားချင်ကြတယ်။ ညီလာခံမှာ အားလုံးက သဘောတူကြတယ်။

ဒါပေမယ့် အမတ်ကြီး ဦးပေါ်ဦးကတော့ ဘာတခွန်းမှမပြောဘဲ ဆိတ်ဆိတ်နေသတဲ့။ အကြောင်းသိချင်းဖြစ်တဲ့ ဘိုးတော်ဘုရားက “ဟဲ့ ပေါ်ဦး၊ နင့်သဘောကရော ဘယ်လိုလဲ” လို့ မေးတယ်။ ဦးပေါ်ဦးက လမ်းမှာကြားခဲ့တဲ့ ခလေးတွေဆိုနေတဲ့ တဘောင်သီချင်းကို ဆိုချင်တယ်လို့ ဆိုတယ်။ ဟိုင်းကြီးကျွန်းငှားဖို့ ကိစ္စပဲပြောစမ်းပါ၊ ဒီ သီချင်းကို နောက်မှ ဆိုစမ်းပါလို့ပြောတယ်။ ဦးပေါ်ဦးက ဒီသီချင်းက ဟိုင်းကြီးကျွန်းကိစ္စနဲ့ ဆိုင်များဆိုင်မလား လို့ပါလို့ ဆက်လျှောက်တယ်။ ဘိုးတော်ဘုရားကလည်း ဒါဖြင့်ဆိုစမ်းပေါ့။ ဦးပေါ်ဦးက ဆိုပြတယ်။ ဘိုးတော် ဘုရားက အထပ်ထပ် ဆိုခိုင်းတယ်။ နောက်ဆုံးတော့ ဘိုးတော်ဘုရားက ပေါ်ဦးရယ် နင်ပြောချင်တာ ငါသ ဘောပေါက်ပါပြီ။ ငွေလေးတသိန်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ အဖြစ်မခံတော့ပါဘူး။ အဲဒီတော့ ဟိုင်းကြီးကျွန်း ငှားရေးကိစ္စလည်း ဖျက်သိမ်းလိုက်ကြတာပေါ့ ဆိုပြီးတော့ ညီလာခံ ရုတ်သိမ်းလိုက်တယ်။ ဟိုင်းကြီးကျွန်း ငှား ရမ်းရေးကိစ္စလည်း ဖျက်သိမ်းလိုက်တယ်။ ဦးပေါ်ဦး ဆိုပြတဲ့ တဘောင်သီချင်းလေးက “ပြုံးပြုံး ပြုံးပြုံးနဲ့ ပါး မုန်းနဲ့ ဟိုလူ၊ ဆေးတံနဲ့ချော့ ငေါ့မယ်လို့မြူ” တဲ့။

ရဲဘော်ကျော်သန်း

ဒို့သမိုင်းမှာ မရိုင်းကြရလေအောင်

အင်ကြင်းမေ...၁၄.၁၀.၂၀၁၂
  (၁)
ဒီနှစ် နိုဝင်ဘာလ(၇)ရက်နေ့မှာ မြန်မာစစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မယ်။ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုတာ မလုပ်ခင် ကတည်းက ခလေးကအစ သိနေကြပါပြီ။
အခုလိုမတရားတဲ့ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်သပိတ်မှောက်ကြောင်း ကျောင်းသားလူငယ်များက လမ်းကမ်း စာစောင်တွေဖြန့်ဝေနေကြပါတယ်။ မဲမပေးကြဖို့ စည်းရုံးလှုံ့ဆော်မှုတွေလည်း နေရာတိုင်းမှာ လုပ်ဆောင် နေကြပါတယ်။ နအဖဗိုလ်ချုပ်ကြီးများရဲ့ လုပ်ရိုးလုပ်စဉ်အရ ကျောင်းသားတွေ အပေါ်အညိုးကြီးကြီးဖြင့် ဖမ်းဆီးပွဲ တွေကလည်း  တပြိုင်နက်ထဲရှိနေပါတယ်။
                                                                (၂)
ဒီအချိန်မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တယောက်ကတော့ ထောင်ထဲမှာ ထောင်ဒါဏ်(၆၅)နှစ်ဖြင့် နှောက်ထပ် တကြိမ် အဖမ်းဆီးခံနေရပါတယ်။
လာမည့်အောက်တိုဘာလ(၁၈)ရက်နေ့ဆိုရင် ကိုမင်းကိုနိုင်အသက်(၄၈)ပြည့်မှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ကို ချစ်ခင်လေးစာကြတဲ့ မြန်မာပြည်သားတွေဟာ ရောက်ရှိတဲ့နိုင်ငံတွေမှာ ကိုမင်းကိုနိုင်ရဲ့မွေးနေ့ကို ဘယ်လို အခက်အခဲတွေရှိရှိ တခုပ်တရပြုလုပ်ကြမှာ ဖြစ်ပါတယ်။ 
အခုလို ကိုမင်းကိုနိုင်မွေးနေ့ကို ဘာကြောင့်ပြုလုပ်ကြသလဲဆိုရင် ကိုမင်းကိုနိုင်ကို ချစ်ခင်ကြလို့လည်းဖြစ်သလို ကိုမင်း ကိုနိုင်ရဲ့လုပ်ရပ်တွေအပေါ် တန်ဖိုးထားလေးစာကြလို့လည်းဖြစ်ပါတယ်။ သူဟာ မိမိအသက်ကိုပဓါနမထားပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပင်သေသေ သူ့အသက်ရဲ့သက်တမ်းထက်ဝက်ကျော် ထောင်တွေထဲမှာ ဖြတ်သန်းခဲ့၊ ဖြတ်သန်းရဲ တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
                                                              (၃)
နအဖဗိုလ်ချုပ်ကြီးးများကတော့ သူရဲကောင်းမှန်သမျှ နှိမ်နှင်းကြ ဆိုတဲ့ဆောင်ပုဒ်ကို အချိန်မလတ်ရွတ်တဲ့ဂါထာတခုလို လက်ကိုင်ထားရှိပြီး သူတို့ကို အာမခံနိုင်အောင် အာဏာကို ထိပါးသူမှန်သမျှ သူတို့ရန်သူအဖြစ်သဘောထားပြီး မဲမဲမြင်ရာသိမ်းကြုံး ဖမ်းဆီးထောင်ချပစ်နေပါတယ်။ ကျောင်းသားပဲဖြစ်ဖြစ်၊ရဟန်းပဲဖြစ်ဖြစ်  အာဏာကိုထိပါးလာသူ ဘယ် သူ့ကိုမဆို ဖမ်းဆီးထောင်ချပစ်မှာ အမှန်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒင်းတို့ရဲ့လက်ကိုင်ဒုတ်အဖွဲ့တွေဖြစ်တဲ့ ကြံ့ဖွံ့နှင့်စွမ်းအားရှင်အဖွဲ့သားတွေကိုလည်း ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအပေါ် နှိမ်နှင်းရေး ပြုလုပ်ဖို့ သင်တန်းတွေ ပေးနေပါတယ်။
နအဖဗိုလ်ချုပ်ကြီးများ ဘယ်လိုပင် တားဆီးတားဆီး၊ ဘယ်လောက်ပင် နှိမ်နှင်း နှိမ်နင်း ကျောင်းသားတွေရဲ့သွေးဟာ ဘယ်တော့မှ နောက်တွန့်သွားမှာမဟုတ်ပါဘူး။ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်များဟာ တမျိုး ဆက်ပြီး တမျိုးဆက် ဆက်လက်ချီတက် တိုက်ပွဲဝင်နေမယ်ဆိုတာ အတွေ့အကြုံများက သက်သေပြခဲ့ပါပြီ။
                                                            (၄)
သမိုင်းအဆက်ဆက်မှာ ကျောင်းသားတွေက အများပြည်သူရှေ့ကဦးဆောင်ကာ မတရားတဲ့အမိန့်အာဏာမှန်သမျှ ပြတ်ပြတ်သားသားဖီဆန်ခဲ့ကြပြီး လူ့အခွင့်အရေးကိုတိုက်ယူခဲ့ကြတာ ရှေးယခင်ကနေ ယနေ့ထိ တိုင်အောင်ပါပဲ။
တိုက်ပွဲပေါင်းများစွာ အသက်သွေးပေါင်းများစွာလည်း စတေးခဲ့ပြီးပါပြီ်။ ဘယ်လိုပဲ ပေးဆပ်ရပါစေ။ ကျောင်းသားသမိုင်း ကိုတော့ ဘယ်ကျောင်းသားမျိုးဆက်ကမှ အရိုင်းမခံခဲ့ကြပါဘူး။ ယနေထိတိုင် သမိုင်းတင်ထားနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ကျောင်းသားထုတရပ်လုံးနှင့် ကျောင်းသားထုရဲ့တိုက်ပွဲသမိုင်းကိုဂုဏ်ပြုတဲ့သဘောထားနှင့် အောက်တို ဘာလ(၁၈)ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့(၄၈)နှစ်ပြည့်မွေးနေ့ကို နေရာတိုင်းမှာ ကျင်းပကြတာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေ အသက်ရာကျော်ရှည်ပါစေ၊ အမြန်ဆုံးအကျဉ်းထောင်မှ လွတ် မြောက်ပါစေ၊ ၂၀၁၀ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို အချိန်မှီတားဆီးနိုင်ပါစေ၊ တရားမျှတသော တွေ့ဆုံဆွေးနွေး ရေးပြုလုပ်နိုင်စေဖို့ မြန်မာပြည်သူတွေနှင့်အတူ တိုက်ပွဲဝင်နိုင်ပါစေလို့ ကျမတို့တွေ ဒီမွေးနေ့ပွဲမှာ ဆန္ဒပြုကြမှာဖြစ်ပါ တယ်။
နိုဝင်ဘာလ(၇)ရက်၂၀၁၀ခုနှစ်မှာပြုလုပ်မယ့် ရွေးကောက်းပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပယ်ဖျက်ကြဖို့ ကျောင်းသားလူငယ် များနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
အခုလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်၊ကိုမင်းကိုနိုင်နှင့်အတူ(၈၈)မျိုးဆက်ကျောင်းသားတွေ ထောင်ကပြန်လည် လွတ်မြောက်ခဲ့မယ်ဆိုရင် ၂၀၁၀ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်နက်မဲ့ နှလုံးရည်ဖြင့် လမ်းမတွေပေါ်ထွက်  ပြည်သူများနှင့်တသားတည်းရပ်ကာ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ကြမှာပဲလို့ ကျမ ယုံကြည်ပါတယ်။
                              (၅)
နိဂုံးချုပ်အနေနှင့် ကျမ အလေးအနက်ပြုပြီး ပြောချင်တာကတော့ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့ ပိုင်းဖြတ်မှုနှင့် စိတ်ဓါတ်ကိုပါပဲ။ သူဟာ သူ့အသက်ရဲ့ထက်ဝက်မက ထောင်ထဲမှာ အကျဉ်းကျခံနေရပေမယ့် ဘယ်တော့မှ နအဖကို ဒူး ထောက်မှာမဟုတ်ဘူး၊ဘယ်တုန်းကမှလည်း ဒူးမထောက်ခဲ့ဘူးဆိုတဲ့အချက်ကိုပါ။ဒါဟာ ကျောင်းသားထုရဲ့ စိတ်ဓါတ်နှင့် ပိုင်းဖြတ်မှုကို ကိုယ်စားပြုထားတာကြောင့်လည်းဖြစ်တယ်လို့ ကျမခံယူပါတယ်။
ဒီလိုယုံကြည်မှုတွေကြောင့် ကိုမင်းကိုနိုင်ကိုလေးစားကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘယ်နိုင်ငံရောက်ရောက် ကိုမင်း ကိုနိုင်မွေးနေ့ကို မှတ်မှတ်ရရပြုလုပ်ကြတာ ဖြစ်ပါတယ်။
ကျမတို့ မလေးရှားနိုင်ငံမှာဆိုရင်လည်းမွေးနေ့ပွဲကို ပြုလုပ်ကြဖို့ပြင်ဆင်နေပါပြီ။ အချို့လူငယ်တွေကလည်း ကိုမင်းကို နိုင်ကို လေးစားဂုဏ်ပြုသောအားဖြင့် ကိုယ်တိုင်းရေးသီချင်းများဖြင့် မွေးနေ့ပွဲမှာဂုဏ်ပြုသီဆိုကြမယ်လို့ သိရပါတယ်။ 
ကိုမင်းကိုနိုင်ရဲ့ လက်သုံးစကားဖြစ်တဲ့ ကျောင်းသားသွေးကနီရဲတယ်။ ဒေါင်းအလံကို ကျောင်းနရံမှာ ပြန်စိုက်မယ် ဆိုတဲ့စကားလေးတွေကိုအဓိက ရည်ညွှန်းကြမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တွေက ဘယ်လောက်ပင် ကျောင်းသားတွေကို အညှိုးတကြီး ဖမ်းဆီးနေပါစေ။တဗိုလ်ကျတဗိုလ်တက် ကျောင်းသားအလံကို ဆက်လက်လွှင့်ထူရင်း ကျောင်းသားထုရဲ့သွေးသမိုင်းကို လက်ဆင့်ကမ်းရေးထိုးသွားကြမှာ ဖြစ်ပါ တယ်။တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓါတ်ဟာ အစဉ်ထာဝရ နိုးထလန်းဆန်းနေမှာ ဖြစ်ပါတယ်။
ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလား ဆိုတဲ့မေးခွန်းအတွက် ကျောင်းသားတိုင်းမှာ အဖြေရှိပါတယ်။ စိတ်ချလိုက်ပါ။ ဘယ်တော့မှ  ဘယ်ကျောင်းသားမှ အညံ့ခံ အရိုင်းခံကြလိမ့်မယ် မဟုတ်ပါ။
ကျောင်းသားထုရဲ့ အစဉ်အလာနှင့်သမိုင်းကို အရိုင်းမခံကြဖို့
 ကျောင်းသားတွေ ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဆက်ကြ ပေလိမ့်မယ်၊ မကြာခင်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင် ပယ်ဖျက်ကြပေလိမ့်မယ်၊ လူထုနှင့်အတူတိုက်ပွဲဆက်ကြပေလိမ့်မယ်လို့ သံတိုင်တွေနောက်မှာ ကိုမင်းကိုနိုင်တယောက် တွေးတောနေလေမလား ကျမ စဉ်းစားနေမိပါတယ်။       ။
အောက်တိုဘာလ(၁၈)ရက်နေ့ ၂၀၁၀ခုနှစ်မှာ(၄၈)နှစ်ပြည့်မြောက်တော့မယ့် ကိုမင်းကိုနိုင် မွေးနေ့အားဂုဏ်ပြုသော အားဖြင့့်
                                                      အင်ကြင်းမေ။
                                                      ၁၄-၁၀-၂၀၁၀။

Saturday, October 16, 2010

ထွက်ပေါက် ဘယ်မှာလဲ

                                            ခင်ငြိမ်းသစ် October 12th, 2010 
                                       (www.naytthit.net မှကူးယူဖေါ်ပြပါသည်)
GDP စရင်းဇယားတွေအရ မြန်မာနိုင်ငံသားတဦးအတွက် ၁ နှစ် ပျှမ်းမျှ ဝင်ငွေဟာ $ ၁၈၀၀ ရှိတယ်လို့ဆို ပါတယ်။ ဒါဆိုရင် တလဝင်ငွေဟာ $ ၁၅၀ ရှိပါတယ်။ တနေ့ဝင်ငွေ ဟာ $5 ရှိပါတယ်။ ငွေကြေးလဲလှယ်နှုန်း အရ တနေ့ ဝင် ငွေဟာ ၅၀၀၀ကျပ် ဝန်းကျင်ရ နေပါတယ်။ လက်တွေ့ မှာတော့ တနေ့ ဝင်ငွေ ၅၀၀၀ ကျပ် ရတဲ့လူက လူနဲစု ဖြစ် ပါတယ်။
ကျမ သမီးအငယ်လေးဆေးရုံတက်တုန်းက ကျမတွေ့ခဲ့တဲ့ မိသားစု အများစုဟာ တနေ့ ဝင်ငွေ ၅၀၀၀ ကျပ် အောက်မှာပဲ ရှိကြပါတယ်။ ကလေးဆေးရုံမှာက ကုတင်တလုံးကို ကလေး၂ ယောက် နေကြရပါတယ်။ ကျမ သမီးနဲ့ တကုတင်တည်းနေရတဲ့ ကလေးက လှိုင်သာယာကနေ လာတက်ရတာပါ။ ကျမ ကုတင်ရရချင်းမှာပဲ အတူနေရတဲ့ ကလေး အမေ က ကျမကို မေးပါတယ်။ “အမ ဆေးရုံစာ ယူမလားတဲ့” ကျမက မယူဘူး လို့ပြော လိုက်တော့ ကလေးအမေက “ဒါဆိုရင် ကျမကိုပေးပါလားတဲ့” ကျမကတော့ လွယ် လွယ် ကူကူပဲ “ယူလေ” လို့ ပြောလိုက်ပါတယ်။ ဒီတော့ ကလေးအမေက “ခဏနေရင် အမဆီကို သူနာပြုဆရာမ လာလိမ့်မယ်၊ ဆေးရုံစာ ယူမလား မေးရင် ယူမယ်လို့ပြော လိုက်နော်” တဲ့။
နောက်နေ့ ဆေးရုံစာလာတော့ ကျမ ဆီက ပန်းကန်ယူပြီး အတူနေသူ ကလေးအမေက သွားယူပါတယ်။ ကျမလဲ သမီးက သက်သာလာတော့ ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့် မိပါတယ်။ ကျမသမီး အတွက်ရတဲ့ ဆေးရုံစာကို ကျမနဲ့ အတူနေတဲ့ အမျိုးသမီးရယ် ကု တင်တလုံးကျော်က အမျိုးသမီး ရယ် မျှတ စားနေတာ တွေ့ရပါတယ်။ ဒီတော့မှ ကျမ က ထမင်းဘူး လာမပို့ဘူးလားလို့ မေးကြည့် မိပါတယ်။ ကျမနဲ့ အတူနေသူ အမျိုးသမီး က သူ့တို့မိသားစု အခြေအနေကို ပြောပြပါတယ်။
သူတို့မှာ မိသားစု ၆ ယောက်ရှိပါတယ်။ ကလေး ၄ ယောက်မှာ ၃ ယောက်က ကျောင်း နေအရွယ် ကလေးတွေပါ။ အခု ဆေးရုံတက်ရတဲ့ ကလေးက အငယ်ဆုံးပါ၊ သူ့ခင်ပွန်း က ကံထရိုက်တိုက်တွေကို ဆေးသုတ်တဲ့ လုပ်ငန်းလုပ်ပါတယ်။ တနေ့ကို လုပ်ခက ၂၅၀၀ ကျပ် ရတယ်တဲ့။ အိမ်ငှားခက တလ ၅၀၀၀ ကျပ် ပေးရပါတယ်။ သူ့ခင်ပွန်းက နေ့စဉ် လှိုင်သာယာ ကနေ အလုပ်ဆင်းရတော့ ကားခက တနေ့ ၃၀၀ ကျပ် ကြပါတယ်။ ဒါတောင် စစ်ကြိုခေတ်ကကျန်တဲ့ ဘတ်စကားတွေ စီးလို့ပါ။ ခေတ်ပေါ် “ပါရမီ လိုင်းက ကားတွေ၊ ကျန်စစ်သား ယာဉ်လိုင်းကကားတွေ စီးရင် ၄၀၀ ကျပ် လောက် ကြသွား တယ်တဲ့။ ပိုတဲ့ ၂၀၀ က ဆေးလိပ်ဖိုး ကွမ်းဖိုးပေါ့တဲ့၊ သူ့ကိုတော့ နေ့စဉ် ၂၀၀၀ ကျပ် အပ်တယ်တဲ့။
သူက အဲဒီငွေထဲက အိမ်လခ ပေးဖို့ နေ့စဉ် ၂၀၀ကျပ် ကို ဖယ်ထား ရတယ်တဲ့၊ ကျန်ငွေ ၁၈၀၀ ကျပ်ထဲ ကမှ နေ့စဉ် စားဖို့ ဆန်တပြည် ဝယ်ရတယ်တဲ့။ ဆန်က တပြည် ဝ ယ်ပေမဲ့ တကယ်တန်းကျရင် ၇လုံးခွဲဘဲ ရတာတဲ့။
ကလေးတွေက သရေစာ မစားရတော့ ထမင်းစားနိုင်ကြတယ်တဲ့၊ အကြီးကောင် ဆိုရင် တကယ်တန်း အဝစားရင် ဆန် ၂ လုံးချက်လောက်တော့ ကုန်တယ်တဲ့။ ဆန်တပြည်ကို အညံဆုံးက ၈၅၀၊ ၉၀၀ ဆိုတော့ သူ့အနေနဲ့ မနက် ၄ လုံး၊ ညနေ ၃ လုံးခွဲပဲ ချက်နိုင် တယ်တဲ့။ အလုပ်လုပ်နေရတဲ့ သူ့တို့အဖေကိုတော့ ထမင်းကို များများထည့် ပေးရတယ် တဲ့၊ ကျန်လူတွေက ဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ မျှတစားရတယ်တဲ့။
ဆန်ဝယ်ပြီး ကျန်နေတဲ့ ငွေထဲကမှ ကျောင်းသွားတဲ့ ကလေးတွေကို မုန့်ဖိုး ၁၀၀ စီ ပေးရ တယ်တဲ့။ အမှန်တကယ်တော့ ငွေတရာဟာ ဘာမုန့်မှ ဟုတ်တိပတ်တိ စားလို့မရပါဘူး တဲ့။ ဒါပေမယ့် သူများတွေရပြီး သူတို့ မရရင် စိတ်အားငယ်သွားမှာ စိုးရိမ်လို့တဲ့။ မုန့်ဖိုး နှုတ်လိုက်ရင် သူ့လက်ထဲမှာ ငွေ ၆၅၀ လောက်ပဲ ကျန်တယ်။ ဆီ၊ ဆား ငရုတ်၊ ကြက် သွန် အပြင် ဟင်းရံပါစီစဉ်တာကြောင့် သူအမြဲတမ်း ပင်လယ်ငါး ၁၀၀ ဖိုးဝယ်ရတယ်၊ ပြီးရင် ကန်စွန်းရွက် ဒါမှမဟုတ် ချဉ်ပေါင်ရွက်နဲ့ရောပြီး ချဉ်ရည်ချက်ရတာပေါ့လို့ သူက ပြောပြတယ်။
အခုလည်း ကျောင်းတက်နေတဲ့ ကလေးတွေ အိမ်မှာကျန်ခဲ့တယ်တဲ့။ ညနေ အလုပ် ဆင်းရင် သူတို့အဖေ က ဆေးရုံကိုလာပြီး ငွေ ၁၀၀၀ ပေးသွားတယ်။ ဒါပေမဲ့ ဓါတ်ဆား တထုပ်ဝယ်ရင်တောင် ၃၅၀ ကျလို့  ထမင်းဝယ်မစားရဲဘူး၊ လိုအပ်ရင် ဆေးဝယ်ရမှာလို့ သူက ပြောပြပါတယ်။
နောက်တယောက်က သံလျှင် ကနေလာရတာတဲ့။ ကလေးက ဆီးလမ်းကြောင်း ပိုးဝင် ပြီး ဖျားရာကနေ ဆီးအိမ်အထိ ရောင်ရမ်းနေတာပါ။ ကလေးအမေက တော်တော်ငယ် သေးပါတယ်။ ကလေးအဖေက လွန်ခဲ့တဲ့ နှစ်က ပိုးထိပြီး ဆုံးသွားတယ်တဲ့လေ။ ၃၊ ၄ ရက်လောက်ခြားပြီး ကလေးရဲ့ အဖွားလုပ်သူက ဆေးရုံကိုလာပါတယ်။ အဖွားကိုယ် တိုင် ကလည်း ဆင်းရဲနွမ်းပါး ပါတယ်။ ဒီတော့ မျက်နှာလာပြရုံကလွဲလို့ မတတ်နိုင်ဘူး ပေါ့။
တရက်တော့ ဆရာဝန် က ဆေးဝယ်ခိုင်းပါတယ်။ ကလေးအမေမှာ ပိုက်ဆံ ကုန်နေပြီ တဲ့၊ ကောင်မလေးလည်းဗျာများ နေရှာပါတယ်။ ဒါကြောင့် ကျမက ဘာလို့လဲ မေးတော့ သူ့သားလေးအတွက် ဆရာဝန်က ဆေးဝယ်ခိုင်းတယ်တဲ့ ဆေးကအရေးကြီးတယ်တဲ့။ ကျမက ဈေးကြီးလား မေးတော့ သူက “ဆရာဝန်က ကျမ မတတ်နိုင်မှန်း သိလို့ အပေါ စားကို ဝယ်ခိုင်းထားတယ်တဲ့။ ဒါပေမဲ့ သူ့လက်ထဲမှာ ပိုက်ဆံ လုံးဝမရှိတော့ဘူးတဲ့။ သူ့ သား ဆေးရုံတက်နေတာ တပတ်ကျော်နေပြီတဲ့၊
သူက ရပ်ကွက်ထဲမှာ သူများခိုင်းတာကို လိုက်လုပ်ပေးရတာတဲ့။ အဝတ်လျော်ခိုင်းရင် အဝတ်လျော်ပေး၊ ရေခပ်ခိုင်းရင် ရေခပ်ပေး လုပ်ရတယ်တဲ့။ တနေ့ကို ၁၀၀၀-၁၅၀၀ လောက်ရတယ်တဲ့။ တချို့အိမ်တွေက သားအမိ ၂ ယောက်ကို ထမင်းကျွေးတယ်၊ တ ချို့အိမ်တွေက မကျွေးဘူး။ ထမင်းပါကျွေးရင်တော့ ထမင်းစားရိတ်သက်သာတာပေါ့တဲ့။ မကျွေးရင် ကိုယ့်ဖာသာ ထမင်းဝယ်စားရတော့ ရတဲ့ပိုက်ဆံနဲ့က အဆင်မပြေဘူးတဲ့။ တခါတလေ အမေ့အိမ်မှာ ကြုံသလို စားဖြစ်တယ်၊ ဒါပေမယ့် အမေ့အိမ်မှာ လူတွေက များတော့ အခုနောက်ပိုင်း ထမင်းတောင် မျှတစားနေကြရလို့ သူတို့ သားအမိအတွက် မပိုဘူးတဲ့လေ။
ကျမလဲ ဆေးဖိုး ၁ ထောင်ပေးလိုက်ပါတယ်။ သူက ဆေးဝယ်ပြီး ပိုတဲ့ငွေ ၂၅၀ ကို ပြန် လာပေးရှာပါတယ်။ ဘာဘဲဖြစ်ဖြစ် ကလေးဆေးထိုးဖြစ်သွားတာပေါ့လေ။
နောက်တယောက်က ကျမတို့နေတဲ့ လမ်းထိပ်မှာ ကုန်စိမ်းရောင်းတဲ့ အမကြီးပါ။ သူက ဈေးရောင်းဖို့ အရင်းအနှီး အဖြစ် ငွေကို အတိုးနဲ့ စွဲရပါတယ်။ အတိုးက ငွေတရာယူရင် ၂၀ ကျပ်ပေးရပါတယ်။ ငွေ ၁ သောင်းယူရင် နေ့တိုင်း ၂၀၀၀ ကျပ် ဆပ်ရပါတယ်။ သူ ယူတဲ့ ငွေ ၁ သောင်းကို မဆပ်မချင်း နေ့တိုင်း ၂၀၀၀ ကျပ် ပေးနေရပါတယ်။ ကျမက အဲဒီ အမကို မေးမိပါတယ်။ အမ တနေ့တနေ့ ဘယ်လောက်ကျန်လဲ ဆိုတော့ သူပြောပြ တာက “သူ့မှာရှိတဲ့ငွေနဲ့ ချေးတဲ့ ငွေနဲ့ ပေါင်းရင် သူ့အရင်က ၅သောင်း လောက်တော့ ရှိတယ်၊ အတိုးပေးပြီး တနေ့ ၁၀၀၀-၁၅၀၀ကျန်အောင် မနဲ လုပ်နေရတယ်၊ သေချာစဉ်း စားရင် ပင်ပန်းတာနဲ့ မကာမိဘူး။ ဒါပေမဲ့မလုပ်ဘဲ နေလို့မရဘူး၊ ကလေးတွေအာလုံးက ကျောင်းသားတွေ ဆိုတော့ ကျူရှင်စားရိတ်၊ ကျောင်းလခ၊ မုန့်ဖိုး ၊ အဝတ်အစားဖိုး အား လုံးပေါင်းလိုက်ရင် တနေ့တနေ့ မနဲလှဘူး။ သူ့အဖေက တနေ့ ၂၀၀၀ လောက်အပ် တယ်၊ အမက ၁၅၀၀ လောက်ရနေတော့ မပြေလည်ပေမဲ့ အသက်ရှူနိုင်သေးတယ်။
နောက်ပြီး အကြွေးတွေက အခုလိုဈေးရောင်းနေရင် အတိုးသတ်နိုင်နေသေးတယ်။ နို့မို့ ပိုဆိုးသွားမှာပေါ့၊ အကြွေးမတင်ရင်တော့ ပိုက်ဆံ ပိုထွက်လာမှာပေါ့” လို့ သည်းပြော ပြော ပြရှာပါတယ်။ ကျမက အတိုးမပေးနိုင်တဲ့ ရက်ရှိလားဆိုတော့ သူက “ရှိတာပေါ့ ညီမရယ်၊ ဈေးရောင်းမကောင်းတဲ့နေ့တွေဆိုရင် အတိုးအပြည့် မသတ်နိုင်ဘူး၊ နဲနဲပါးပါး တောင်းပန်ပြီး ရှိသမျှ ပေးရတာပေါ့ ။ တခါတလေ ငွေရှင် ညစ်ပတ်တာ ရှိသေးတယ်။ အတိုးသတ်နေရက်နဲ့ အရင်းခဏ ပြန်ဆပ်ဟယ်၊ နင်ယူတာ ကြာလှနေပြီ တရက်နှစ် ရက်နေတော့ ပြန်ယူပေါ့ ဆိုတာက ရှိသေးတယ်။ အဲဒီလို ဆိုရင် အမက ငွေရှင်ပြောင်း ရတော့ တာပေါ့၊ ကြားထဲကနေ အတိုးပိုကုန်တာပေါ့၊ ငွေ ၁သောင်းချေးရင် ၈၀၀၀ ကျပ် ပဲရတာ ဒါကြောင့် ၁ သောင်းအပြည့်ဆပ်ဖို့ ၁ သောင်း ၂၅၀၀ ချေးရတော့ နေရင်းထိုင် ရင်း အကြွေးက ၂၅၀၀ တိုးသွားပြန်ရော။ ဒီလိုနဲ့ သံသရာလည်နေရော၊ တခါတလေ တော့ ၂ လုံးတွေဘာတွေ ထိုးမိတယ် ရရင်လည်း ရှိတဲ့အကြွေးတွေ မြန်မြန်ကျေအောင် ဆပ်ဖို့ စိတ်ကူးမိတယ်။
အမ မျော်လင့်တဲ့အတိုင်း ဖြစ်လားမေးကြည့်တော့ “မဖြစ်ပါဘူးညီမရယ်၊ ပေါက်တဲ့ရက် နဲ့ မပေါက်တဲ့ရက်က ပိုများတော့ အရင်းထဲက ပဲ့ပါသွားလို့ မနဲကို ပြန်ဆယ်ရတယ်။ ဒီ ဝဋ်တွေက ကျွတ်ချင်တာကတော့ အမှန်ပါပဲ၊ ဘယ်တော့မှ ကျွတ်မလဲ မသိဘူး” လို့ သူ ကပြောပြပါတယ်။
တကယ်တော့ ကျမတို့ မြန်မာပြည်ဆိုတာက ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လို ပုံလို့ ပြောခဲ့ကြပေမဲ့ အခု လက်ငင်းအခြေအနေမှာ ပြည်သူအများစုဟာ ဒုက္ခ ပင်လယ် ထဲမှာ လက်ပစ်ကူးနေကြရတာပါ။ စင်ကာပူလို နိုင်ငံကျဉ်းကျဉ်းလေးတောင်မှ ဒီလောက် တိုးတက်နေချိန်မှာ သယံဇာတ အမြောက်အများရှိတဲ့ ကျမတို့တွေ  ဒုက္ခရောက်နေကြ ပါတယ်။ United Nation လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကတော့ ထောင်စုနှစ် စီမံ ကိန်းကြီး အကောင်အထည်ဖော်ဖို့ အားထုတ်နေပါတယ်။ ကျမတို့နိုင်ငံအပါအဝင် ကမ္ဘာ ပေါ်မှာရှိတဲ့ အာဏာရှင်တွေကတော့ ကိုယ့်မိသားစု ကောင်းစားရေး၊ ကိုယ့်အာဏာ တည်မြဲရေး စတာတွေကြောင့် ဆင်းရဲသား ကြောမွဲတွေရဲ့ ဘဝ၊ ပြည့်စုံ ချမ်းသာရေးတွေ ကို မျက်ကွယ်ပြုထားဆဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး နောက်တက်လာမည့် အစိုးရ ကကော ဘယ်လောက်အာမခံပေးနိုင်မှာလဲ၊ ရှေ့လျောက် ကောင်းလာမလား၊ စိုးလာမှာ လား။ တွေးလေဝေးလေ အခြေအနေတွေနဲ့ ကျမတို့ ချစ်တဲ့တိုင်းပြည်ဟာ ပေါက်ကွဲလု ချိန်ကိုက်ဗုံးတလုံး ဖြစ်လို့နေခဲ့ပါပြီ။
ခင်ငြိမ်းသစ်

Wednesday, October 13, 2010

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

ရဲဘော်ဖိုးသံချောင်း (၁၃ အောက်တိုဘာ ၂၀၁၀)

နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ်ဆိုတာကို တတိုင်းပြည်လုံး အနေအထားနဲ့ မကြေညာဘဲ ဒေသအလိုက်ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေးနေတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒါဘာကြောင့်လဲဆိုတာကိုရော သတိထားမိကြပါသလား။ အလားတူပဲ ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ်ဆိုတာကိုရော စောကြောမိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ်ချင်နေကြတာလဲ။

နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့အမတ်လောင်းတွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိမြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။

ဖဆပလခေတ်တုန်းက ဖဆပလထိပ်သီးတွေဟာ ရန်ကုန်က မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ရတာက အမတ်လောင်းထိပ်သီးများရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တာကလည်းတကြောင်း၊ ကိုယ့်ကို ငွေကြေးကအစ ထောက်ခံနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရှိတဲ့ အရပ်ဖြစ်လို့လည်းတကြောင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တည်မြဲ-သန့်ရှင်းကွဲကြလို့ ဖဆပလနဲ့ ပထစရယ်လို့ ပြိုင်ကြရတော့ ရန်ကုန်က လမ်းမတော်၊ သိမ်ဖြူစတဲ့ မဲဆန္ဒနယ်တွေမှာ ဆင်-ဆင်ချင်း ထိပ်တိုက်တွေ့တာတွေ ဖြစ်ကုန်ခဲ့ပါတယ်။ ရှောင်ရင် ရှောင်တဲ့လူက သတ္တိနည်းတယ်ဖြစ်မယ် မဟုတ်ပါလား။ အဲဒီလိုနဲ့ ထိပ်တန်းဝန်ကြီးတွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ ရန်ကုန်မှာ ၀င်အရွေးခံတာ အများကြီး ဖြစ်နေခဲ့တာပါပဲ။

ဒါပေမယ့် အခု နအဖရဲ့ ကြံ့ဖွံ့က ထိပ်သီးတွေ ကြပ်ပြေးနေပြည်တော်မှာ ၀င်အရွေးခံတယ်ဆိုတာကတော့ အဲဒီအဓိပ္ပာယ်မျိုးတော့ လုံးဝမဟုတ်ပါဘူး။ သူတို့နိုင်မှာသေချာတဲ့ နေရာတွေမှာ ၀င်ပြိုင်တာသာဖြစ်ပါတယ်။ ဆိုလိုတာ သူတို့တတွေ ဒီရွေးကောက်ပွဲမှာ အရှုံးမခံနိုင်ဘူးဆိုတာပါပဲ။ (တနည်းပြောရရင် နအဖဟာ ကြပ်ပြေးမှာဆိုရင် ရွေးကောက်ပွဲကို အပြတ်လုပ်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အမှန်ပြောရရင် ဗိုလ်သန်းရွှေတို့တတွေဟာ နောက်ပေါ်လာမယ့် အစိုးရမှာ ဘယ်သူက ဘာတာဝန်ယူဆိုပြီး တိုက်ရာပါပစ္စည်း ခွဲဝေတာက လုပ်ပြီးနေပါပြီ။ နောက်ပြီး ကားအသစ်ဝယ်ရင်၊ လိုင်းဆွဲတော့မယ်ဆိုရင် ဘိုးဘိုးကြီး နတ်နန်းကိုသွားပြီး ပြရတယ်ဆိုတာလိုပဲ ဗိုလ်သန်းရွှေဟာလည်း သူ့ဆက်ခံသူတွေကို အိမ်နီးနားချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆက်ပေးပြီးနေပါပြီ။ ဒီလိုလျာထားမှုတွေ အကုန်လုပ်ပြီး ဖြစ်နေလေတော့ ထိပ်သီးတွေအတွက် ဒီရွေးကောက်ပွဲမှာ နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဆယ်ရေးတရေး၊ ကိုးရေးတရာတောင် မစွန့်စားနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရဆိုရင် ၀န်ကြီးချုပ်အပါ ၀န်ကြီးအဖွဲ့ဝင်တွေနဲ့ တခြားအရေးကြီး ရာထူးတွေကို သမ္မတအာဏာနဲ့ ခန့်ချင်တိုင်း ခန့်လို့ရပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကိုယ်လုပ်တဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့လူလည်း ပါဦးမှလို့ စဉ်းစားရပါတယ်။

တကယ်တော့ သူတို့အနေနဲ့ ဒီထက်ပိုသေချာတဲ့ ပြိုင်ဘက်မရှိမယ့် မဲဆန္ဒနယ်တွေမှာ သွားပြိုင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြပ်ပြေးနေပြည်တော်မှာ ပြိုင်ဘက်မရှိဖြစ်အောင် လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး ကျတော့လည်း အရုပ်ဆိုးလွန်းနေပါတယ်။ ဒါနဲ့ပဲ ကြပ်ပြေးမှာတင် ယှဉ်ပြိုင်အရွေးခံသူဆိုတာကို ဖန်တီးယူရပါတယ်။ ဘယ်ကရမလဲ၊ တစညပေါ့။ ဘယ်သူရှိဦးမလဲ။ တခြားအဖွဲ့အစည်းက လူတွေထဲမှာ မှတ်ပုံတင်ကြေး ငါးသိန်းအဆုံးခံပြီး ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့နဲ့ ပြိုင်တဲ့လူ ပေါ်ထွက်နိုင်ပါ့မလား။ ဘယ်သူက ဒါလောက်မိုက်ပါ့၊ အပါ့မလဲ။ လည်လို့ ရွေးကောက်ပွဲ ၀င်ကြတာဥစ္စာ။ တစညနဲ့ ကြံ့ဖွံ့ဆိုတာကတော့ မျောက်နဲ့ကျား အမြီးချင်း ချည်ထားသလိုတွေ မဟုတ်လား။

ဒါတွေအပြင် ဒီအတုအယောင် ရွေးကောက်ပွဲကို လူအများက စိတ်ဝင်စားကြတဲ့ နောက်အချက်တချက်ကတော့ ကြံ့ဖွံ့မဟုတ်-တစညမဟုတ် သူတွေအထဲမှာ ငွေကြေးမသမာမှုတွေ၊ သို့လောသို့လော စဉ်းစားစရာကိစ္စတွေ ပေါ်လာနေတဲ့ကိစ္စဖြစ်ပါတယ်။ အခြေအနေက ပုပ်မှမပုပ်သေးဘူး၊ အနံ့က ထွက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ တယောက်ကိုတယောက်က ဖော်၊ တယောက်ကိုတယောက်က ဆော်ဆိုတာတွေလည်း တွေ့ရစပြုနေပါတယ်။ ဒီနေရာမှာတော့ ဖဆပလခေတ်ကို အမီသားလို့ ဆိုရမလိုပါပဲ။ တချို့သော ပါတီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဘယ်ကလာတာမှန်း မသိရတဲ့၊ ငွေဖြူလား ငွေမည်းလား ခွဲခြားရခက်တဲ့ ငွေတွေ စီးဝင်နေတာတွေလည်း ကြားနေရပါတယ်။ အဲဒီငွေပေးတာတွေနဲ့ နအဖအစိုးရနဲ့ အဆက်အစပ်ရှိ မရှိ၊ နအဖအလိုတော်ရိ ငွေရှင်ကြေးရှင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ။ ဒါဟာ ဘိန်းပစ်ဖမ်းတာဟုတ်မဟုတ် ဆိုတဲ့ ပဟေဠိတွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေနဲ့တဆက်တည်းမှာ ကြံ့ဖွံ့နဲ့ တစညတို့ကျတော့ ဘဏ္ဍာရေးကိစ္စလိုဟာမျိုးမှာ ဘာကြောင့် ဒါလောက် ဣနြေ္ဒရနေတာလဲလို့လည်း မေးချင်စရာဖြစ်နေပါတယ်။ ငွေပုံကြီးပေါ်ထိုင်ထားသလို သုံးစွဲနေကြပုံဟာ မျက်နှာပြောင်လှတယ်လို့တောင် ဆိုစရာပါ။ တကယ်တော့ ဒါကိုက ဒီရွေးကောက်ပွဲရဲ့ ၀ိသေသမဟုတ်ပါလား။

ဒါမေယ့် ပြောရရင် ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ နောက်မှာ အာဏာရပြီးရင် ဒီထက်ပိုဆိုးတယ်။ ညစ်ပတ်မှုတွေ၊ ခြစားလာဘ်စားမှုတွေ မြင်ရဦးမှာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဆိုတာထဲက စည်းကမ်းဆိုတာဟာ ပြည်သူလူထုနဲ့ တခြားသူတို့နဲ့ မတူသူတွေအတွက်သာ ဖြစ်ပြိး ဒီမိုကရေစီဆိုတာဟာ သူတို့အတွက်၊ သူတို့ကို ထင်ရာစိုင်းခွင့်ပေးခြင်းဖြစ်တယ်ဆိုတာကို တွေ့ကြရဦးမှာပါ။

Sunday, October 10, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်

ရဲဘော်ဖိုးသံချောင်း / ၂၀ စက်တင်ဘာ ၂၀၁၀

နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည်နိုင်ငံရေးသဘောနဲ့ပြောရရင် ဒါဟာအင်မတန်အရေးပါတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်းနှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ်အကောင်အထည်ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကစပြီး လူထုရဲ့ ထောက်ခံမှု အများဆုံးရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို အာဏာနဲ့ဖျက်သိမ်းလိုက်တဲ့ အမိန့်ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ်ခဲ့ပါဘူး။

အကြောင်းနှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့အမြန်ဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသားဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထလာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန်ဝါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ဝန်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ်ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်းနိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့အတိုင်း ရှင်းသထက်ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ကိုင်ပြလိုက်တာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့မရကြောင်း အားလုံးကိုထပ်ပြီး သတိပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီထဲမှာ စပေ့စ်လုံးဝမရှိကြောင်း ပြသလိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီအနေနဲ့ရော လူတဦးချင်းအနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူးမယဉ်ကြဖို့ သတိပေးလိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရားဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာမစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကိုသွားပြီး မျက်နှာချိုသွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာမောင်းခတ်နေကြပါတယ်။ ပညာတတ်ဖောက်ပြန်တော့ သူများထက်ကဲတယ်ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကိုဆန့်ကျင်နေမယ့်အစား ကျနော်တို့နဲ့ လာဆွေးနွေးလှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြောနေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်တန်စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှမဆွေးနွေးဘဲ အကြမ်းကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း-လိုက်သတ်လို့ ရှောင်ထွက်လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အခုဘာဖြစ်သွားပြီလဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ရော၊ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီဆွေးနွေးပွဲတွေကို နအဖက ဘာလို့လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေးအတွက်လား၊ အမျိုးသားသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရေးအတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာမပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာဖြစ်ကြောင်း လူတိုင်းသိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည်နိုင်ငံရေးဟာ အဲဒီအဆင့်ကိုကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ်ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက်လာပါသလား။ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သားလူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရသလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့လူတွေနဲ့ သူတို့ရဲ့ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီအောက်က မီဒီယာများကလည်း ပြောင်ပဲနှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့်အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရဆိုလို့ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာပဲဖြစ်မှာပါ။ အခု နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ အဲဒီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှတပါး အခြားအားကိုးစရာမရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့ အကောင်းမြင်စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့အကျပ်အတည်းကို ရင်ဆိုင်ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူးလိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။