Tuesday, November 20, 2012


အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း PDF Print
 
thn-18-11-12-1
         ဇာတ်သမားပြန်လျင် မှတ်သားစရာ ကျန်ရမည်ဆိုသည့် စကားအတိုင်း၊ အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား မြန်မာနိုင်ငံမှပြန်လျင် ဘာကျန်ခဲ့မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်သည့် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်သည် ပစိဖိတ်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဒေလီ၊ ပေကျင်းတို့နှင့် ဆက်စပ်လျက် သတင်းမျက်နှာစာများတွင် သတင်းကြီးနေသည့်နည်းတူ၊ အိုဘားမားခရီးစဉ်အလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် မည်သည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာမည်ကိုစောင့်ကြည့် လေ့လာရဦး မည်ဖြစ်သည်။
    သမ္မတဘားရက် ဟူစိန်အိုဘားမား၏ နိုဝင်ဘာလ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့တောင်အာရှနှင့် ဘင်္ဂလားပင်လယ်အော်ဒေသ ကို မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်ရန် ခြေလှမ်းစခြင်းနှင့်အတူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံတို့နှင့် အကျိုးစီးပွားအဘက်ဘက်တွင် ကတ္တီပါစီးချင်းထိုးရန် အုတ်မြစ်ချ လိုက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထို့ကြောင့် သမ္မတ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း၊ အရှေ့တောင်အာရှဒေသ၏ နိုင်ငံခြားဆက်ဆံရေး ပုံစံပြောင်းလဲလာနိုင်သည့်အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများနှင့်ဆက်ဆံရာတွင် မူဝါဒသစ်၊ ဗျူ ဟာသစ်ကို ချမှတ်လာနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။
      အထူးသဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဘက်ထွက်ပေါက်နှင့် တောင်အာရှဒေသထွက်ပေါက်တို့ အတွက်လည်းကောင်း၊ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့နှင့် ချိတ်ဆက်နိုင်ရေးသာမက၊ အရှေ့မျော် မူဝါဒလက်တွေ့အောင်မြင်ရေး တို့အ တွက်လည်း ကောင်း၊ မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာတည်ရှိမှုအရပါ အရေးပါနေ သဖြင့် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးမူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ် သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် လမ်းဟောင်းမှခွဲထွက်ပြီး၊ လမ်းသစ် ဖောက်ကြရမည်ဖြစ်သည်။
    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးပြီးချင်း၊ ရန်ကုန်အစိုးရဟု သမုတ်ခံနေရသောအချိန်တွင် အိန္ဒိယ အစိုးရသည် မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီခဲ့သဖြင့် ရန်ကုန်အစိုးရဘ၀မှ ဗမာအစိုးရဘ၀ ပြန်ရောက်ခဲ့သည်မှအစ ပါလီမန်ခေတ် နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းလွန်းခဲ့သည်။ ၁၉၆၂ အလွန်ကာလမှာလည်း မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံဆက်ဆံရေးသည် မဆိုး၊မကောင်း အနေအထားတွင်ရှိခဲ့သည်ဟု ယေဘုယျ သုံးသပ်နိုင်သည်။

မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာ တည်ရှိမှုအရပါ အရေးပါနေသဖြင့်  တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင် လမ်းဟောင်းမှ ခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည် ဖြစ်သည်  . . .

     တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဆက်ဆံရေးသည် အကြောက်တရားနှင့် စခဲ့သည်ဟုဆိုရမည်။ လွတ်လပ် ရေးရပြီးစ ကာလတွင် ဗမာဝန်ကြီးချုပ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၀င်သိမ်းမည်ကို စိုးရိမ်ခဲ့ပုံ ရသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ် ကွန်မြူနစ်ပါတီက ထူထောင်ခဲ့သောအခါ၊ မြန်မာအစိုးရသည် အသိအမှတ်ပြုရန် အလျင်အမြန် အားထုတ်ခဲ့သည်။ ဒီဇင်ဘာလထဲတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ရန် ပြင်ဆင်ခဲ့သော်လည်း၊ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှသာ ၁၆ နိုင်ငံမြောက်နိုင်ငံအဖြစ် သံတမန် ဆက်သွယ်နိုင်ခဲ့သည်။ ဗမာအစိုးရသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်အလို့ငှာ၊ ၁၉၅၃ ခုနှစ်တွင် အမေရိ ကန်ပြည်ထောင်စု၏ အထောက်အပံ့ရယူမှုကို ရပ်ဆိုင်းခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးသည် ၁၉၆၇ ခုနှစ် တရုတ်-ဗမာအရေးအခင်းကာလမှလွဲ၍ မဟာဗျူဟာမြောက်အားလုံး ကောင်းခဲ့သည်ဟု ကောက်ချက်ပြုရ မည်ဖြစ်သည်။
  မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးဘက်တွင်၊အစကတည်းက ကောင်းလှသည် မဟုတ်သော်လည်း၊ အကျိုးရှိခဲ့ပုံရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ဆိုဗီယက်အုပ် စုဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း အမေရိကန်အပါအ၀င် အနောက်အုပ်စုနှင့် မတည့်သောလက်ဝဲ အုပ်စုဝင်ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စစ်နွေးခေတ် လက်ဝဲလှိုင်းနှင့် ခြံချင်းကပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ တပ်မတော်လေ့ကျင့်ရေးအတွက် ဒေါ်လာ နှစ်သိန်း ခြောက်သောင်းအပါအ၀င် အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် အထောက်အပံ့ ပေးအပ်ခဲ့သည်ကိုကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၈၈ ခုနှစ် အထိ၊ မအေးမနွေးအဆင့်တွင်ရှိခဲ့ သည်ဟု သုံးသပ်နိုင်သည်။
     အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်မတိုင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ      သမ္မတိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မာမိုဟန်ဆင်း၊ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊နိုင်ငံခြားရေးအတွင်းဝန်၊ အာဏာရကွန်ဂရက် အိုင်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ အမေရိကန်နိုင်ငံ၏ အရှေ့တောင် အာရှဒေသတွင် မဟာဗျူဟာမြောက်အခြေချရန် ပြင်ဆင်မှုများကို အိန္ဒိယနိုင်ငံသည် စိုးရိမ်တကြီး စောင့်ကြည့်မည်မှာ အသေအချာဖြစ်သည်။ တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရမှုအပေါ် စိုးရိမ်ကြောင့်ကြနေမည်မှာလည်း သဘာဝကျသည်။
ကွန်ဂရက်အိုင်ပါတီအကြောင်းပြောလျင်၊ နှစ်ရာကျော်တည်တံ့သော ပါတီဖြစ်ပြီး၊ကိုလိုနီခေတ်က မြန်မာပြည်တွင် ပါတီရုံးခွဲဖွင့်လှစ်နိုင်သည်အထိ ကျယ်ပြန့်ခဲ့သောပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီနှင့်တွေ့သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆိုနီယာထံမှ သင်ယူစရာ၊ လေ့လာစရာများ ရှိလိမ့်မည်ဟု ထင်မြင်ကြသည်။ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်သူဆိုနီယာသည် ကွန်ဂရက် အိုင်ပါတီ ခေါင်းဆောင်အဖြစ် အစိုးရအဖွဲ့ကို ပါတီမှတစ်ဆင့် ကြိုးကိုင်နိုင်သည့် အနေအထားတွင် ရှိနေပြီဖြစ်သည်။ ကွန်ဂရက်အိုင်ပါတီ၏ စနစ်တကျ တည်ဆောက်အားကောင်းမှုကြောင့်၊ ဆိုနီယာသည် အစိုးရအဖွဲ့တွင်မပါလင့်ကစား၊အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်သည်ကို တွေ့ရသည်။ ပါတီတည် ဆောက်ရေးအပေါ် အာရုံစိုက်ရန်ပညာရှိသတိဖြစ်ခဲ ဖြစ်နေပုံရသောဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယခရီးစဉ်မှအပြန်တွင် ပါတီတည်ဆောက်ရေး၏ အရေးပါပုံကို သဘောပေါက်နိုင် ကောင်းဖွယ် ရှိသည်ဟု မျော်လင့်ရသည်။
    ဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ၏ စနစ်ကျကျယ်ပြန့်သော အင်အားကို ကျောထောက် နောက်ခံပြုကာ ပန်းပန်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် လူထုအကြိုက်၊ အချစ်ဖြစ်သော်လည်း မိမိနိုင်ငံရေးပါတီကို စနစ်ကျအားကောင်းအောင် ယနေ့အထိ တည်ဆောက်နိုင်ခြင်းမရှိ၊ တည်ဆောက်ရန်ပြင်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့မြင်ရသည်မှာ ရင်လေးဖွယ်ဖြစ်သည်။ အန်အယ်လ်ဒီပါတီကို စနစ်တကျတည်ဆောက်နိုင်မှု အားနည်းလျင်နည်း သည့်အလျောက် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမှာလည်း အားနည်းလာဖွယ်ရှိနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုနီယာဂန္ဒီနှင့်ယှဉ်ထိုး၍ မိမိကိုယ်ကို ဝေဖန်ရေးလုပ်သင့် သည်ဟု ထင်မြင် မိသည်။
     အမေရိကန်သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး မလာရောက်မီရက်ပိုင်းအလို၊ နိုဝင်ဘာလ ၁၂ရက်မှ ၁၉ရက်အထိ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည်မှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုယ်စား အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ၊ သမ္မတဘားရက် အိုဘားမား၏ လာမည့်ချစ်ကြည်ရေးခရီးစဉ်တို့နှင့်ပတ်သက်ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဆွေးနွေးရှင်းပြနိုင်ရန် စေလွှတ်သော ကိုယ်စားလှယ်သဘောလည်း သက်ရောက်နိုင်သည်ဟု လေ့လာသူအချို့က သုံးသပ်ကြ သည်။
     အိုဘားမား အရှေ့တောင်အာရှဒေသသို့ မရောက်မီ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ ပထမအကြိမ်ပါတီညီလာခံ၌ ဇီဂျင်ပင်းသည် တရုတ်ကွန် မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဇီဂျင်ပင်းခေါင်းဆောင်သော တရုတ်မျိုးဆက်သစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံကို ပဲ့ကိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ ကာလ ရှည်ကြာ ဆွေမျိုးပေါက်ဖော်ဖြစ်သော မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတ၏ ခရီးစဉ်ကို အထူးအလေးထား စောင့်ကြည့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်းတို့နှင့်အတူ ဖွံ့ဖြိုးရေးဇုန်များ ထူထောင်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့်အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာသို့ အနောက်ဘက်ထွက် ပေါက်တစ်ခုဖြစ်လာမည့် တရုတ်နိုင် ငံ၏ ကျောက်ဖြူစီမံကိန်းနှင့် အမေရိကန်၏ အကျိုးစီးပွားတို့သည် ထိပ်တိုက်တွေ့ လာနိုင်ဖွယ်ရှိနေ သည်ဟု အကဲခတ်များက ထောက်ပြကြသည်။
  ရန်ကုန်မြို့တွင် သမ္မတဘားရက် ဟူစိန်အိုဘားမားသည် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် တွေ့ဆုံမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်လာနိုင်သည်ဟု သုံးသပ်မိသည်။
  အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ သမ္မတ အိုဘားမားသည် တပ်မတော် စစ်ဦးစီးချုပ် ဖြစ်သဖြင့်လည်းကောင်း၊ လာမည့် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးတွင် တပ်မတော်ချင်း ဆက်ဆံရေးအပိုင်း၌ အရေးပါလာနိုင်သဖြင့်လည်းကောင်း၊ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်၊ သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။ လာမည့်နိုင်ငံရေးအခင်းအကျင်းတွင် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေးကိစ္စ၌ တပ်မတော်သည် အဆုံးအဖြတ်နေရာတွင်ရှိပြီး၊ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဖော်ဆောင်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အလွန်အ ရေးပါသည်။ ထို့ကြောင့် အိုဘားမားနှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရေးကို မဟာဗျူဟာမြောက်လိုအပ်ချက်ဟု သုံးသပ်နိုင်သည်။ အိုဘားမားပြန်ပြီးနောက်၊ မြန်မာ့ဒီမိုကရေစီရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပိုင်းတွင် တပ်မတော်က မည်သို့ပါဝင်လာမည်ကို စောင့်ကြည့် ရဦးမည်ဖြစ်သည်။
  မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးသော အချိုး အကွေ့ဖြစ်သည့်အလျောက် သမ္မတအိုဘားမားသည် ရွေးကောက်ပွဲလွတ်လပ်၍ တရားမျှတရေးအတွက် တိုက်တွန်းဦးမည်မှာ မုချဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့၊ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်အုပ်စုနိုင်ငံများမှ စောင့်ကြည့် လေ့လာသူများကို ၀င်ရောက်ခွင့်ပြုမည်ဆိုလျင် အလွန်ကောင်းမွန်မည်ဟု သုံးသပ်နိုင် သည်။ နိုင်ငံတကာစောင့်ကြည့်လေ့လာမှုကို ခွင့်ပြုခြင်းဖြင့်ရွေးကောက်ပွဲ၏ တန်ဖိုးကိုမြင့်မား စေနိုင်သည်ကို လည်း ထောက်ပြရမည်ဖြစ်သည်။
    ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များပါဝင်သည့် ပွင့်လင်း၊စနစ်ကျသောနိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများကို ပုံဖော်နိုင်ရေးသည်လည်း အရေးကြီးသည်ဟုသုံးသပ်မိပါသည်။ အဆိုပါဆွေးနွေးပွဲများသည် နိုင်ငံရေးအာဏာခွဲဝေရေး ဆွေးနွေးပွဲများဖြစ်လာနိုင်သည့်အပြင်၊ ပြည်ထောင်စုစစ်စစ်မူအပေါ် အခြေခံသည့် နိုင်ငံရေးလမ်းပြမြေပုံသစ်တစ်ခုကို ပြုစုရေးဆွဲနိုင်သည့်အခြေအနေအထိ ခရီးပေါက်နိုင်ရန် လိုအပ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများသည် လွှတ်တော်ပြင်ပအသွင်ဖြစ်ရန်လိုအပ်သည်ဟုလည်း အကဲခတ်များက ထောက်ပြကြသည်။ အမေရိကန်သမ္မတ အိုဘားမားသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးတို့နှင့် ဆက်စပ်နေသည့် အများပါဝင်နိုင်သော မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ခု ပုံဖော်နိုင်ရန် တိုက်တွန်းဆော်သြသင့်သည်ဟု အကြံပြုကြသည်။ သမ္မတအိုဘားမားပြန်လျင်၊ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်၌ လက်တွေ့ကျသော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ခြေမည်မျှ မြင့်မားလာမည်ကို လေ့လာစောင့်ကြည့်ရဦးမည်ဖြစ်သည်။
သမ္မတအိုဘားမားအနေဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပုဂ္ဂလိက သတင်းစာများကိစ္စကိုလည်း လျစ်လျူရှု၍ မဖြစ်နိုင်ချေ။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သည် အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်သော်လည်း ပုဂ္ဂလိကသတင်းစာ တစ်စောင်မှ ထုတ်ဝေခွင့်မပြုနိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်ဖွယ်ကိစ္စဖြစ်သည်။ ပုဂ္ဂလိကသတင်းစာ ရှိခြင်း၊ မရှိခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို တိုင်းတာရာတွင် အလွန်ပဓာနကျသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ပုဂ္ဂလိကသတင်းစာမရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်နေသည်ကို မျက်ကွယ်ပြုနေ၍ မသင့်တော်ဟု သုံးသပ်မိသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်အနှေးနှင့် အမြန်ရရှိပြီး၊ မြန်မာ့စာနယ်ဇင်းလောကသည် နိုင်ငံတကာတန်းဝင်လာမည်ဆိုလျင် အတိုင်းထက်အလွန်ဖြစ်သည်။
  ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုများ အလျင်အမြန် ဖြစ်ပေါ်လာရေး အ တွက်ကိုလည်း သမ္မတအိုဘားမားအနေဖြင့် မြန်မာအစိုးရကိုမဖြစ်မနေ တိုက်တွန်းဦးမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုသည် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ်တွင်လည်း နိုင်ငံတကာက အမြင်မှောက်မှားနိုင်သဖြင့် သတိကြီးကြီးထား ကိုင်တွယ်ရမည်ဖြစ်သည်။ အိုဘားမားခရီးစဉ်နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် ပိုမိုသွက်သွက်လက်လက်လုပ်ငန်းများ ဆောင်ရွက် နိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး ဦးတည်သော လက်တွေ့ကျသည့်လမ်းပေါ် ရောက်ရှိလာနိုင် မည်ဆိုပါက အားရကျေနပ်ဖွယ်ဖြစ်သည်။
     အမေရိကန်သမ္မတဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စင်းလုံးချောဟု မဆိုနိုင်ပါ။ ပြည်တွင်း ပြည်ပလေ့လာသူအချို့နှင့် အကဲခတ်အချို့အမြင်အရ၊ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲသည် ဒရောသောပါးနိုင်ပြီး၊ ပြောင်းလဲ တိုးတက်မှုများနှင့် နှိုင်းယှဉ်လျင်အမေရိကန်ဘက်မှအလျော့ပေး လိုက်လျောမှုသည် များလွန်း အားကြီး သည်ဟု ဆိုကြသည်။ အချို့ကလည်းအိုဘားမားသည် မြန်မာနိုင်ငံသို့ အလည်သွားရန် စောလွန်းသည်ဟု ဝေဖန်ကြသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် သိသာမြင်သာသော ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးကြီးသည်။
  အိုဘားမားသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်လမ်းခုလတ်ကာလမျိုးတွင် အလည်အပတ်လာရောက်ခြင်း ဖြစ်သဖြင့်  စွန့်စားရင်ဖိုရသော ခရီးဟုဆိုနိုင်မည် ဖြစ်သည်။ မြန်မာပြည် သူလူ ထုသည် သမ္မတအိုဘားမားအပါအ၀င် အမေရိကန်သမ္မတ အဆက်ဆက်နှင့် အမေရိကန်နိုင်ငံကို မျော်လင့် ချက်ကြီးကြီးမားမားထားခဲ့ကြသည်မှာ လွန်ခဲ့သော  နှစ်နှစ်ဆယ်ကျော်ကတည်းကဖြစ်သည်။ ယခုကာလတွင်လည်း မှန်းချက်နှင့်နှမ်းထွက်ကိုက်ပါ့မလားဟု စိုးရိမ်မှုများလည်း ရှိနေနိုင်သည်။ လက်တွေ့ကျကျ ဆန်းစစ်လျင်၊ မှန်းချက်နှင့်နှမ်းထွက်ကိုက်ရန် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာ အ သိုင်းအ၀ိုင်း၏ ချဉ်းကပ်ဆောင်ရွက်မှု၊သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သော ပြည်တွင်းအင်အားစုများ၏ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပြည်သူလူထု၏ထောက်ခံမှု စသည့်အချက်များကလည်း အရေးကြီးပါသည်။
  အမေရိကန် သမ္မတဘားရက် အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ဆင်းရဲမွဲတေသော မြန်မာပြည် သူလူထုအများစု၏ အကျိုးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်မည်ဆိုလျင် အလွန်ကောင်း မွန်သည်ဟု ဆိုနိုင်သည်။ မြန်မာပြည်သူလူထုအများစုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင် မည်ဆိုလျင်၊ ပညာရေးအပိုင်းတွင် လည်း၊ အဆင့်အတန်းရှိသော အခြေခံပညာရေးကို အခမဲ့ပေးနိုင်သည့်အပြင်၊ ကျောင်းသားအရွယ်များ ကျောင်းနေနိုင်အောင် လိုအပ်သည့် ပံ့ပိုးမှုများပြုလုပ်ပေးနိုင်မည်ဆိုလျင် သမ္မတအိုဘားမားနှင့် အတူအမေရိကန်ပြည်သူတို့သည် အောက်ခြေမြန်မာပြည်သူလူထုကြီး၏ နှလုံးသားထဲကို စွဲမြဲဝင်ရောက်သွားပြီဟု ကောက်ချက်ပြုနိုင်မည်ဖြစ်သည်။
   အချုပ်အားဖြင့်ဆိုရသော်၊ နိုဝင်ဘာလ ၁၉ ရက်၊ ညနေခင်းတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်ဟူစိန်အိုဘားမားသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားပြီးနောက်၊ ရက်ပိုင်း၊ လပိုင်းများအတွင်း ပြောင်းလဲတိုးတက်ဖြစ်ပေါ်လာမည့်အခြေအနေများကို အားလုံးက စောင့်ကြည့် နေကြမည်မှာ အသေ အချာဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွတ်ငြိမ်းခွင့်ပေး၍ ပြန်လွှတ် ပေးခြင်းသည် အစောဆုံး မြင်ရနိုင်ဖွယ်ရှိသည့်တိုးတက်မှု ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုလာနိုင်ခြင်းသည် ဒုတိယမြောက် သိသာမြင် သာ သော ခြေလှမ်းဖြစ်လာနိုင်ဖွယ်ရှိနေသည်။ နိုင်ငံရေးအရလည်း လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများမှသည် မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ရပ် ပေါ်ထွက် ရေးအတွက် ကနဦး ခြေလှမ်းများကို မြင်တွေ့လာရမည်ဆိုလျင် ပိုမိုအားရဖွယ် ဖြစ်လာမည်ဖြစ်သည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ပိုမိုလက်တွေ့ကျသော ရေရှည်ဖြေရှင်းမှုများဆီဦးတည်သော တိုးတက်မှုများကို မြင်တွေ့လာရမည်ဆိုပါက အိုဘားမား၏ခရီးစဉ်သည် အလုပ်ဖြစ်နေသည်ဟု ယေဘုယျ သုံးသပ်ရမည်ဖြစ်သည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများသည် လေးလံထိုင်းမှိုင်းနေပြီး၊ အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွှန်းသော စီးပွားရေးလုပ်ငန်းများသည် အလွန်အမင်း သွက်လက်အောင်မြင်နေလျင် တစ်ခုခု မှားနေပြီဟု ကောက်ချက်ပြုရမည် ဖြစ်သည်။ သမ္မတအိုဘားမား၏ ခရီးစဉ်သည် အလုပ်သဘောခရီးစဉ် ဖြစ်သည့်အားလျော်စွာ ခရီးစဉ်ကို အကြောင်းပြုလျက် မည်မျှအလုပ်ဖြစ်ခဲ့သည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးသည် အိုဘားမားပြန်လျင် ဘာကျန်ခဲ့မည်ကိုလည်းကောင်း၊ အမေရိကန်သွားလျှင် လမ်းမည်မျှဖြစ်မည်ကိုလည်းကောင်း ဆက်လက်စောင့်ကြည့် လေ့လာရဦး မည်ဖြစ်ပါသည်။


ဒေါက်တာ ရန်မျိုးသိမ်း  

Thursday, September 13, 2012

စီးပွားရေးမော်ဒယ်သစ်ပြောင်းလဲရတော့မယ့်တရုတ်ပြည်

စီးပွားရေးမော်ဒယ်သစ်ပြောင်းလဲရတော့မယ့်တရုတ်ပြည် နဂါးနှစ်တွေဟာ အသည်း ထိတ်စရာကောင်းတယ်။ တရုတ် လူမျိုးတွေရဲ့ အစဉ်အလာအရ ဆိုရင် နဂါးနှစ်ဟာ အာဏာပါဝါနဲ့ ဂုဏ် သိက္ခာတွေကို သယ်ပိုး ယူ ဆောင်လာတတ်တယ်လို့ ဆိုကြ တယ်။ ဒါပေမယ့် ဒဏ္ဍာရီပုံပြင်ထဲက နဂါးကြီးဟာ ခန့်မှန်းရခက်တဲ့ သတ္တဝါကြီးတစ်ကောင်ဖြစ်တယ်။ သူ့ရဲ့အမြီးကို ကွေးလိမ်ရစ်ပတ်ပြီး သူ့ရဲ့ခေါင်းကို ကြိုက်တဲ့ဘက်လှည့် လို့ရတယ်။၂ဝ၁၂ ခုနှစ်ဟာ အ သည်းထိတ်စရာ နဂါးနှစ်တွေထဲက နှစ်တစ်နှစ်ပါပဲ။ ဒီနှစ် ဇန်နဝါရီလ၂၃ရက်နေ့ ဟာ တရုတ်နှစ်သစ်ကူးတဲ့နေ့ဖြစ်ပါ တယ်။ ပြည်မက တရုတ်တွေက နှစ်သစ်မှာ နဂါးကြီးကို ခမ်းခမ်း နားနား အိုးစည်ဗုံမောင်းနဲ့ ကြိုဆိုခဲ့ ကြတယ်။ တည်ငြိမ်အေးချမ်းပြီး စီးပွားတက်တဲ့နှစ်တစ်နှစ် ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်စောင့် စား ခဲ့ကြတယ်။ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်ဟာ သူတို့ မျှော်မှန်းသလို ဖြစ် မလာခဲ့ပါဘူး။ ဒီနှစ် နှောင်းပိုင်း အောက် တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလမှာ တရုတ်ပြည်မှာ ဆယ်စုနှစ်တစ်ခု အတွင်း တစ်ကြိမ်သာ လုပ်လေ့ လုပ်ထရှိတဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ဖို့ရှိတယ်။ ဒါ ကလည်း လက်ရှိသမ္မတံက Hu Jintao က လက်ရှိဒုတိယသမ္မတ Xi Jinping ကို ရာထူးလွှဲပြောင်း ပေးဖို့ ကြိုကြိုတင်တင် ပေထက် အက္ခရာတင်ပြီးဖြစ်တယ်။ ပြီးတော့ တရုတ်စီးပွားရေး ကလည်း နှစ်အစမှာ ဒေါင်ဒေါင် မြည်တဲ့ စီးပွားရေးပဲလို့ မြင်ခဲ့ကြ တယ်။ ဘဏ္ဍာရေး ပြဿနာ ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဂယောက်ဂယက် ဖြစ်နေချိန်မှာ တရုတ်စီးပွားရေးက ဒစ်ဂျစ်နှစ် လုံးနီးပါးနဲ့တိုးတက်ခဲ့တယ်။ ကမ္ဘာ ကြီး ကတောင် မျှော်လင့်ချက် ကြီးကြီး နဲ့ တရုတ်စီးပွားရေးအ ပေါ် အားကိုးအားထားပြုခဲ့ကြ တယ်။ ဒါပေမယ့် နှစ်ဆန်းပိုင်း မှာပဲ နိုင်ငံရေး တည်ငြိမ်မှု ပျက် ပြားသွားတယ်။ အာဏာရ ကွန်မြူ နစ်ပါတီ ခေါင်းဆောင်ပိုင်းက ပေါ်လစ်ဗျူရိုဝင် တစ်ဦး ဖြစ်နိုင် ခြေ ရှိတဲ့ ချုံချိန်းက ကွန်မြူနစ်ပါတီအတွင်းရေးမှူးပိုရှီလိုင်ကို မတ်လ ၁၅ ရက်နေ့မှာ ရာထူးမှဖြုတ်ပစ်ခဲ့တယ်။ သူ့ဇနီးကိုလည်း လူသတ်မှု နဲ့ စွဲချက်တင် ဖမ်းဆီး တယ်။ အဲဒီနောက်ပိုင်း ပြဿနာ တစ်ခုပြီးတစ်ခုတက်လာခဲ့တယ်။ ပြီးတော့ လွန်ခဲ့တဲ့ ဆယ် စုနှစ် သုံးခုလောက်က အံ့ဘနန်း တိုးတက် ချဲ့ကားလာခဲ့တဲ့ တရုတ် စီးပွားရေးဟာ ခနော်နီ ခနော်နဲ့ ဖြစ်လာတယ်။ နိုင်ငံခြားပို့ကုန် တင်ပို့မှု (Exports) နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Foreign direct investment)နဲ့ ဘဏ်ချေး ငွေတွေ အားလုံး ကျဆင်းသွား တယ်။ြေ<ွကးမြီတွေတက်လာတယ်။ လယ်သမားတွေ နဲ့ စက်ရုံအလုပ် သမားတွေရဲ့ ဆန္ဒပြ တောင်းဆိုမှု အရေအတွက် မြင့်တက်လာတယ်။ အခြားတစ်ဘက်မှာ တရုတ် စားသုံးသူတွေဟာ အရင်ကထက် သုံးစွဲလာနိုင်ကြတယ်။ ဒီနှစ်မှာ တိုးတက်မှုနှုန်း ၈ရာခိုင်နှုန်းကျော် ရှိလာနိုင်တယ်လို့ ခန့်မှန်းချက်ကလည်း အခြားသော ကမ္ဘာ့နိုင်ငံတွေရဲ့တိုးတက်မှုနဲ့ နှိုင်းယှဉ်ရင်ကျေ နပ်စရာကောင်းလောက် အောင် မြင့် မားနေပါသေးတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ ထူးထူးခြားခြား ဘဏ္ဍာရေးချဲ့ကားမှုကို ဖန်တီးနိုင်ခဲ့တဲ့ နိုင်ငံတော် ချုပ်ကိုင်မှုက အခု တော့ စီးပွားရေးကို ရပ်တန့်သွားရ လောက်အောင် ခြိမ်းခြောက်လျက် ရှိတယ်။ ဒီလိုဆိုပေမယ့် တရုတ်ပြည်မ ကြီးဟာ ဒီကနေ့မနက်ဖြန်ဆိုသလို ပြိုလဲသွားမှာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် စီးပွားရေးရဲ့ အနုတ် လက္ခဏာသင်္ကေတတွေကို အလေး မမူ ဂရုမထားရင်တော့ အန္တရာယ် များတယ်။တရုတ်ခေါင်းဆောင်တွေ ကိုယ်တိုင်က တရုတ်ပြည်စီးပွားရေး ဆက်လက် တိုးတက်ရေး အတွက် လမ်းသစ်ထွင်ရတာ ဘယ်လောက် ခက်ခဲရှုပ်ထွေးသလဲဆိုတာ သိကြ တယ်။ ခေတ်သစ်တရုတ်ပြည်ရဲ့ တည်ဆောက်ရေးပြဿနာများဖြစ်ကြ တဲ့ စာရိတ္တခြစားတဲ့ နိုင်ငံရေးစနစ်နဲ့ အရည်အသွေးညံ့ တဲ့ နိုင်ငံတော် အ ရင်းရှင်စနစ်တွေကို နဂါးရဲ့ အမြီး နဲ့ ဆတ်ခနဲရိုက်လိုက်တာနဲ့ ဖြေ ရှင်းလို့ ရနိုင်မှာမဟုတ်ပါဘူး။ တရုတ်ပြည်သူတွေရဲ့ စိတ် ဝိညာဉ်ဟာ ၂ဝ၁၂ခုနှစ်မှာ သိသိ သာသာ ပြောင်းလဲသွားခဲ့ပါပြီ။ ဒီရာစုနှစ်ရဲ့ အစောပိုင်း ကာလက ပျော်ရွှင်မှုတွေကို အနာဂတ် အ တွက် စိုးရိမ်ပူပန်မှုတွေက အစား ထိုး ဝင်ရောက်သွားခဲ့ပါပြီ။ တရုတ် ပြည်စီးပွားရေး ဟာ နှစ်ကာလကြာ ရှည်တိုးတက်ခဲ့ပေမယ့် တရုတ်ပြည် သူတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက်က ပျော်ရွှင်ခဲ့ကြသ လို အခုနေအခါ ပျော်ရွှင်ကြခြင်း မရှိကြတော့ဘူးလို့ Uriversity of Southern California လေ့လာ ဆန်းစစ်ချက်တစ်ခုက ဆိုတယ်။ တရုတ်နဂါးကြီးက လွန်ခဲ့တဲ့ ဆယ် စုနှစ်သုံးခုက နိုးထလာခဲ့တယ်။ အန္တရာယ်ပတ်ချာလည်ဝိုင်းနေတဲ့ ဒီနှစ်မှာ နဂါးကြီးရဲ့ ဦးခေါင်းက ဘယ်ဘက်ကို လှည့်ပါလိမ့်။ ဂီယာအပြောင်းအရွှေ့ အားကောင်းတဲ့ ကုန်ကျစရိတ် သက်သာမှု၊ ကြီးမားတဲ့ ရင်းနှီးမြှုပ် နှံမှုနဲ့ နိုင်ငံတော်ရဲ့ ထောက်ကူပံ့ ပိုးမှုတို့ရဲ့မောင်းနှင် တွန်းပို့မှုကြောင့် စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ တရုတ်ပြည်ကြီးဟာ နှစ်၃ဝကာလ အတွင်းမှာ ကမ္ဘာ့ဒုတိယအကြီး စီးပွားရေး အဖြစ် ပြောင်းလဲသွား ခဲ့ပြီး အမေရိကန်တို့ရဲ့ စီးပွားရေး ခြယ်လှယ်မှုကို ပြိုင်ဆိုင်ရင်ပေါင် တန်းလာနိုင်ခဲ့တယ်။ မဟာစီးပွားရေး ကျဆင်းမှုကြီး (Great Recession) ကာလတုန်း က ကမ္ဘာဂြိုဟ်ကြီးအထောင်းအထု ခံနေချိန်မှာ တရုတ်နိုင်ငံဟာ ဘဏ္ဍာရေးပြဿနာကို အလွယ်တ ကူ ပုတ်ထုတ်ခါချ ကျော်လွှားနိုင် ခဲ့တယ်။ ဒီလိုအောင်မြင်မှုက စီး ပွားရေးလုပ်ငန်းရှင်တွေ နဲ့ ဘောဂဗေဒပညာရှင်တွေ ကို တရုတ်ပြည် ရဲ့ နိုင်ငံတော်အရင်းရှင်ဝါဒက အနောက်နိုင်ငံတွေရဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ်တွေ ထက် သာလွန် ကောင်း မွန်ပါပေတယ်လို့ သုံးသပ် ကောက်ချက်ချရ လောက်အောင် ဖြစ်စေခဲ့တယ်။ နိုင်ငံတော် အရင်း ရှင်ဝါဒဆိုတာက ဈေးကွက်ရဲ့ မမြင်ရတဲ့လက်နဲ့ နိုင်ငံတော်ရဲ့ ထင် ထင်ရှားရှားကြီးမြင်ရတဲ့ လက်တို့ကို ချိတ်ဆက် ပူးကပ်ထားတဲ့ ဝါဒ စနစ်ကြီးဖြစ်တယ်။ တရုတ်ပြည်ကြီး တိုးတက်လာ လေ ဂလိုဘယ်စီးပွားရေးအဝိုင်း အဝန်းထဲမှာ တရုတ်တို့ရဲ့ အခန်း ကဏ္ဍအရေးပါ လာလေ ဖြစ်လာခဲ့ တယ်။ တရုတ်စက်ရုံအလုပ်ရုံတွေ ဟာ ဒေသတွင်း ကုန်ထုတ်လုပ်မှု ကွန်ရက်ရဲ့ ဗဟိုချက်မဖြစ်လာခဲ့ တယ်။ အာရှတစ်နံတစ်လျားကို တိုးတက်ဖွံ့ဖြိုးစေခဲ့တယ်။ တရုတ် ပြည်ရဲ့ ကြွယ်ဝချမ်းသာလာတဲ့ စားသုံးသူတွေဟာ General Motors ? McDonald's တို့လို နိုင်ငံစု အခြေစိုက်ကုမ္ပဏီကြီးတွေအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ တယ်။ သံသတ္ထုရိုင်းတွေကနေပြီး ဂျုံ၊ ပြောင်းတွေအထိ အငမ်းမရ ဝါးမျိုလာတဲ့ တရုတ်စက်မှုကဏ္ဍရဲ့ စားသုံးမှုကြောင့် ကမ္ဘာ တစ်လွှား မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ မိုးထိအောင်မြင့်တက်ကုန်တယ်။ တရုတ်ကြောင့်သာ မဟုတ်ရင် မဟာစီးပွားရေး ကျဆင်းမှုကြီးဟာ တစ် ကမ္ဘာလုံးကို ဖြူခါပြာခါကျသွားစေ နိုင်တယ်။ ဒါပေမယ့် အခုတော့ တရုတ် ရဲ့ ကျော်ကြားထင်ရှားတဲ့ တိုးတက် မှု ယန္တရားကြီးဟာ တဖုတ်ဖုတ် တ ဖောက်ဖောက်ဖြစ်လာ တယ်။ မြင့် တက်လာတဲ့စရိတ်က ယှဉ်ပြိုင်နိုင် စွမ်းကို ဖဲ့ထုတ်သွားတယ်။ နိုင်ငံ တော်ရဲ့ အလွန်အမင်း ထိန်းချုပ်မှု က စီးပွားရေးကို ရွဲ့စောင်းပုံပျက် သွားစေတယ်။ ပရမ်းပတာ ရင်းနှီး မြှုပ်နှံမှုက ဘဏ္ဍာရေးစနစ်ရဲ့ ကျန်း မာရေးအခြေအနေကို ခြိမ်းခြောက် လာ တယ်။ နိုင်ငံတော် စီးပွားရေး လုပ်ငန်းတွေကပုဂ္ဂလိကလုပ်ငန်းရှင် တွေကို လည်ပင်း အတင်းဝင်ညှစ် သလို ဖြစ်လာတယ်။ ဒီလိုဖြစ်ရပ်တွေက တရုတ် ပြည်ဟာဆက်လက်တိုးတက်ဖို့ အ တွက် မော်ဒယ်သစ်တစ်ခု လိုအပ် လာပြီဆိုတာကို မီးမောင်း ထိုးပြ လျက်ရှိတယ်။ နိုင်ငံတော်ရဲ့ မောင်း နှင်အားထက် ဈေးကွက်တွေရဲ့ မောင်းနှင်အားကို အသုံးပြုဖို့လို လာပြီ။ ပိုပြီး ဘက်ညီတဲ့၊ ပွင့်လင်းတဲ့၊ တရားမျှတမှုရှိတဲ့စနစ်တစ်ခု ဖွေရှာ ဖန်ဆင်းဖို့ လိုအပ်လာပြီ။ ဇွန်လကုန်မှာ သက်တမ်းငါးနှစ် ပြည့်မြောက်လို့ နုတ် ထွက် သွားခဲ့တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Robert Zoellick က တရုတ်ရဲ့လက်ရှိကျင့်သုံး နေတဲ့စနစ်ဟာ ရေရှည် မတည်တံ့ နိုင်ဘူး လို့ ပြောကြားခဲ့တယ်။ ကမ္ဘာ့ဘဏ်ရဲ့ မတ်လအစီရင် ခံစာမှာ တရုတ်ပြည်ဟာ ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ နှောင့်နှေးကြန့် ကြာနေရင် အနာဂတ်မှာ စီးပွားရေးပြဿနာတက်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ သတိပေးဖော်ပြခဲ့သေးတယ်။ အပြောင်းအလဲလုပ်ဖို့ လိုအပ် တာတော့သေ ချာတယ်။ တရုတ်စီးပွားရေးဟာ နှစ်ပေါင်းများစွာအတွင်းမှာ အင်မတန်စိုးရိမ်ဖွယ်ကောင်းတဲ့စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေ ရတယ်။ IMF က တရုတ်ပြည်ရဲ့ ဂျီဒီ ပီဟာ၂ဝ၁၂ခုနှစ်မှာ၈.၂ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ခန့်မှန်းထား တယ်။ ဂလိုဘယ်စီးပွားရေး ရာသီဥတုအရ သိပ်အဆိုးရွားကြီးမဟုတ်ပေမယ့်၁၉၉၉ခုနှစ်ကစပြီးကြည့်ရင် အနှေးကွေးဆုံးတိုးတက်မှုဖြစ်တယ်။ ဒါပေမယ့် ဒီလိုနှေးကွေး ကျဆင်း သွားတာ တရုတ်တစ်နိုင်ငံတည်း တော့ မဟုတ်ဘူး။ တစ်ချိန်က ထင်သာမြင်သာတိုးတက်ခဲ့ကြတဲ့ ထွန်း သစ်စ ဈေးကွက်များအားလုံး အေး ခဲစပြုလာကြတယ်။ ဘရာဇီးစီးပွားရေးဆိုရင် ဒီနှစ် မှာ အမြင့်ဆုံးတိုးတက်ရင် သုံးရာ ခိုင်နှုန်းပဲရှိနိုင်တယ်။ နိုင်ငံရေးအရ မလှုပ်နိုင် မရှားနိုင်ဖြစ်နေတဲ့ အိန္ဒိယစီးပွားရေးကလည်း ၂ဝဝ၄ ခုနှစ်နှောင်းပိုင်း အနိမ့်ဆုံးသို့ ကျ ဆင်းသွားတယ်။ အမေရိကန် စီး ပွားရေး ပြန်လည်နိုးထ ရှင်သန် လာပြီလို့ ဆိုကြပေမယ့်လည်းထော့ကျိုးထော့ကျိုး ချိုင်းထောက်ကလေးနဲ့။ ဥရောပသမဂ္ဂရဲ့ယူရိုဇုန် ကလည်းကြွေး မြီပြဿနာပြန် လည် ဗလောင် ဆူလာတယ်။ ဂရိနိုင်ငံကတော့ ယူ ရိုဇုန်ကထွက်ဖို့ အထုပ်အပိုးပြင်နေ သလားတော့မသိ။ တကယ်တော့ ကမ္ဘာကြီး အခုလိုအိုးနင်းခွက်နင်း ဖြစ်နေချိန်မှာတရုတ်ပြည်စီးပွားရေး ဘာမှမဖြစ်စေချင်ကြပါဘူး။ တရုတ်ပြည်ဟာ သူ့ဘာသာ သူ ဖွံ့ဖြိုးဆဲနိုင်ငံကြီးလို့ ခံယူတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးအံ့ဘနန်း တိုးတက်မှု ကို ဖြစ်ပေါ်စေခဲ့တဲ့ ရောနှောမှုဝါဒဟာ ဆင်းရဲပြီးမဖွံ့ဖြိုးသေးတဲ့အချိန်ကသင့်တော်မှန်ကန်တယ်လို့ ဆိုနိုင်ပေမယ့် အခုလို စက်မှု တိုးတက်ပြီး ချမ်းသာလာတဲ့ အခါမှာဒီဝါဒနဲ့သင့်တော်ပါ့မလား။ တရုတ်မော်ဒယ်အတွင်း ချွတ် ယွင်းချက်က တခြား မဟုတ်ပါဘူး။ ဗျူရိုကရက်တွေက ငွေကြေးစီး ကြောင်းတွေကို စိတ်ထင် သလို ခြယ်လှယ်ကစားခဲ့ကြခြင်း ဖြစ်ပါ တယ်။ စက်မှုလုပ်ငန်းတွေ အလျင် အမြန်တိုးတက်စေချင်တဲ့အတွက် အစိုးရက ငွေလဲနှုန်းတို့ အတိုးနှုန်းတို့ကို အဓိကျတဲ့ ဈေးနှုန်းတွေကို ကြီးကြပ် ကွပ်ကဲ ကစားကြတယ်။ ကုမ္ပဏီတွေက စက်ရုံအလုပ်ရုံတွေ နဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံကြ အောင်လို့ အကွက်ဆင်ကြတယ်။ ဈေးကွက်တွေက သတ်မှတ်တဲ့ ပေါက်ဈေးနဲ့ဆိုရင် ဘယ်သူမှ ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြ မှာမဟုတ်ဘူး။ နိုင်ငံပိုင်ဘဏ်တွေ ကလည်း မူဝါဒရေးဆွဲကြသူတွေ ညွှန်ကြားတဲ့ လုပ်ငန်းတွေကို သာ ငွေထုတ်ချေး ကြရတယ်။ ပြန်ပြော ခွင့်မရှိဘူး။ ဒီလို အစိုးရက ချုပ်ကိုင်မှု ကြောင့် နစ်နာဆုံးရှုံးမှုတွေရှိတယ်။ စီးပွားရေးဟာ ရင်းနှီးမြှုပ်နှံမှုအပေါ် အလွန်အမင်း အားထား မှီခိုနေရတယ်။ ဒါဟာ ဂျီဒီပီရဲ့ထက်ဝက်လောက်ရှိတယ်။ လောလောဆယ် တရုတ်စီးပွားရေးနှေးကွေးသွားတဲ့ အခါ ပြဿနာတောင် တက်လာတယ်။ ဘဏ်ကငွေထုတ်ချေးမှုတွေ အဖျားရှူးသွားတယ်။ အိမ်ဈေးနှုန်း တွေ လျှော့ကျရေးအတွက် အိမ်ရာမြေဈေးကွက် ကို ချုပ်ကိုင်မှုက အိမ် ရာဆောက်လုပ်ရေးလျှော့ကျသွား စေတယ်။ တိုးတက်မှုနှုန်းကျဆင်း သွားတယ်။ ဈေးနှုန်းတွေနဲ့ ကစား တဲ့ အကျိုးဆက်က ငွေတွေဟာ မဆိုင်တဲ့နေရာတွေဆီ ရောက်သွား တယ်။ ထုတ်လုပ်နိုင်အား အပိုဖြစ် လာတယ်။ အဓိကနိုင်ငံတော် စီးပွားရေးလုပ်ငန်းတွေ အမြတ်ရကြတယ်ဆိုတာက အစိုးရအနေနဲ့ ချေးငွေ တွေ၊ မြေရာတွေနဲ့ အခြားသွင်းအားစုတွေကို ထောက်ပံ့ မှုတွေ၊ ပံ့ပိုးကူ ညီပေးနေတဲ့အတွက်ဖြစ်တယ်။ နိုင်ငံတော်စီးပွားရေးလုပ်ငန်း တွေဟာ အတိုးနှုန်းသက်သက်သာ သာနဲ့ ချေးငွေတွေဖောဖောသီသီ ချေးငှားရရှိကြတယ်။ ဘဏ်ကြွေးတွေတစ်ပုံတစ်ခေါင်းကြီးဖြစ်လာတယ်။ ၂ဝ၁၁ခုနှစ်က ပြည်တွင်းဘဏ်ကြွေးတွေ ဂျီဒီပီရဲ့ ၁၇၅ ရာခိုင်နှုန်းလောက်မြင့် တက်ခဲ့တယ်လို့အကဲဖြတ်အေဂျင်စီ Fitch က ခန့်မှန်းတယ်။ တရုတ်ဘဏ်တွေမှာတောင်းခံမရဘဲ အချဉ် ပေါက်ချေးငွေတွေမြင့်မား လာတဲ့ အတွက် ဘဏ္ဍာရေးကဏ္ဍမှာ မတည်မငြိမ်ဖြစ်လာနိုင်တယ်။ အဲသလို မူဝါဒတွေ ကျင့်သုံးခဲ့ တဲ့ အခြားသောစီးပွားရေးတွေမှာ လည်း စီးပွားရေးပြိုလဲမှုတွေဖြစ်ခဲ့ ဖူးတယ်။ ဥပမာအားဖြင့် ၁၉၉ဝ နှစ်များရဲ့ အစောပိုင်းကာလက ဂျပန်နိုင်ငံ၊ ၁၉၉၇ အာရှ ဘဏ္ဍာ ရေး အကျပ်အတည်းတုန်းက တောင်ကိုရီးယား၊ ရင်းနှီးမြှုပ်နှံ ဦး စီးဦးဆောင်လုပ်တဲ့ အံ့ဘနန်းတိုးတက်မှုတိုင်းဟာ ကြွေးပြဿနာနဲ့ ဇာတ်သိမ်းကြရတယ်။ အကြွေးဟာ ပြဿနာပါပဲလို့ပေကျင်း တက္ကသိုလ် ဘဏ္ဍာရေး ပါမောက္ခ Michael Pettis က ထောက်ပြတယ်။ တရုတ်မော်ဒယ် တရုတ်စီးပွားရေး မော်ဒယ် ဘယ်လိုအလုပ်လုပ်သလဲသိချင်ရင် တော့ ဝူရှီမြို့က နေရောင်ခြည်စွမ်း အင်ဖမ်းယူပြီး လျှပ်စစ် စွမ်းအား ထုတ်လုပ်ပေးနိုင်တဲ့ မှန်ပုံကွက် ကိရိယာတွေ Solar Panels တီထွင်ဖန်ဆင်းတဲ့ Sun-tech Power စက်မှု လုပ်ငန်း ကြီးကိုတစေ့တစောင်း လေ့လာရုံ နဲ့ ရိပ်မိနိုင်တယ်။ Suntech ဟာ Solar-cell တွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းကြီး ဖြစ်တဲ့အပြင် အလားတူ ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီကြီးတွေရဲ့ဦးစီး ဦးဆောင်လည်းဖြစ်တယ်။ နောက် ဆုံးပေါ်စက်ကိရိယာတွေ အသုံးပြုပြီး ထုတ်လုပ်နေကြတာဖြစ်တယ်။ တရုတ်နိုင်ငံမှာ ဒီလို Solar-cell တွေ ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီတွေရေတွက်လို့ မကုန်နိုင် လောက်အောင် များပြားတယ်။ တရုတ်မော်ဒယ်ကို အ ကောင်း မြင် ဝါဒနဲ့ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ပုံအော ရင်းနှီးမြှုပ်နှံမှု စနစ်ကဟောင်းနွမ်းစုတ်ပြတ် နေတဲ့ စက်မှုလုပ်ငန်းတွေကို တစ် ခဏချင်းခေတ်မီစက်မှုလုပ်ငန်းကြီး အဖြစ် ပြောင်းလဲ သွားအောင် ဖန်ဆုံးပုံဖော်နိုင်စွမ်းရှိတယ်။၂ဝဝ၁ ခုနှစ်က ကမ္ဘာ့ Solar-cell ထုတ် လုပ်မှုထဲမှာ တရုတ်နိုင်ငံရဲ့ထုတ် လုပ်မှုက ၁ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်မှုက ၂၇ ရာခိုင်နှုန်း။ ဒါပေမယ့် ၂ဝ၁၁ခုနှစ်ရောက် တော့ တရုတ်နိုင်ငံရဲ့Solar-cell ထုတ်လုပ်မှုဟာဂလိုဘယ်ထုတ်လုပ် မှုရဲ့ ၅၆ရာခိုင်နှုန်းဖြစ် လာတယ်။ အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်မှုက မဖြစ်စလောက် ၃ရာခိုင်နှုန်းပဲရှိ တယ်။ တရုတ်နိုင်ငံရဲ့ အခုလို ဧရာမငွေသား စီးဆင်း မှုကြီးရှိနေ တယ်။ တစ်နည်းပြောရရင် နိုင်ငံ တော်ရဲ့ မောင်းနှင်အားရှိနေတယ်။တရုတ်အစိုးရက လုပ်ငန်းတစ်ခုခု ကို ဦးစားပေးလုပ်ကိုင်မယ်လို့ ကြေညာလိုက်တာနဲ့ ဘဏ်တံခါးတွေ ပွင့်လာတယ်။ သက်ဆိုင်တဲ့ကုမ္ပဏီကြီးတွေ ငွေ လိုသလောက် ဘဏ်က ချေးငှားလို့ရတယ်။ တရုတ်ပြည်တွင်းမှာ ကုမ္ပဏီ ကြီးတွေ အပြိုင်အဆိုင် Solar-cell တွေ ထုတ်လုပ်နေကြပေမယ့် ကုမ္ပဏီတိုင်းလိုလို အစိုးရ ဆီက ငွေ ကြေးထောက်ပံ့ကူညီမှုတွေအပြင် မြေ၊ စွမ်းအင်နဲ့ ရေသုံးစွဲမှုတွေ အပေါ် လျှော့ဈေးနဲ့ သုံးစွဲခွင့်ရကြ တယ်။ ပြီးတော့ အခွန် ကင်းလွတ် ခွင့်တွေလည်းရကြတယ်။ ကုမ္ပဏီ တွေဟာ Solar-cell တွေ ပိုလွန်ထုတ်လုပ်မှုတွေလုပ်ကြပြီး၊ ဈေးကွက်တွေထဲ မှာကုန်ကျစရိတ်ထက် လျှော့နည်းတဲ့ ဈေးနှုန်းတွေနဲ့ 'ဈေးချသွန်ရောင်းခြင်း'တွေလုပ်ကြတယ်။ ဒါကြောင့်မေလကစပြီး အမေရိကန် နိုင်ငံက Solar သွင်းကုန်တွေ အ ပေါ် အကောက်ခွန် ၃၁ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့တယ်။ တရုတ်ကုမ္ပဏီ အများအပြား က Solar-cell တွေ အလွန်အကျွံ ထုတ်လုပ်ရောင်းချလာခဲ့ကြတဲ့ အတွက် ၂ဝ၁၁ခုနှစ်မှာ Solar ဈးနှုန်းတွေ ထက်ဝက်လောက်ကျ ဆင်းသွားတယ်။ တရုတ် Solar ကုမ္ပဏီအတော်များများ အရှုံးပေါ် ခဲ့တယ်။ မော်ဒယ်အသစ်လိုပြီ အတိတ်ကာလက အင်မတန် အဆင်ပြေခဲ့တဲ့ နိုင်ငံတော်ချုပ်ကိုင် မှုဟာ တရုတ်ရဲ့ အနာဂတ် တိုး တက်မှုကို အကြီးအကျယ် ခြိမ်းခြောက် လျက်ရှိတယ်။ ဗျူရိုကရက်တွေက ထင်သလိုသတ်မှတ်ခဲ့ကြတဲ့ ဈေး နှုန်းတွေကို ဈေးကွက်ရဲ့ ပြဋ္ဌာန်း ချက်နဲ့ အညီ ဖြစ်စေဖို့လိုလာပြီ။ အ ရင်းအနှီးတွေကိုလည်း အမြော် အမြင်ရှိရှိနဲ့ ချင့်ချင့်ချိန်ချိန် ရင်းနှီး မြှုပ်နှံဖို့လိုလာပြီ။ ပြီးတော့ ငွေကြေး ကိုလည်း လွတ်လွတ်လပ်လပ် လှုပ် ရှားခွင့်ပေးသင့်ပြီလို့ အချို့က ဝေဖန်ထောက်ပြခဲ့ကြတယ်။ တရုတ်ဘဏ်တွေကိုလည်း အ စိုးရမူဝါဒအကောင်အထည်ဖော်ရ တဲ့ဘဝမှ လွတ်လပ်ခွင့်ပေးပြီး စီး ပွားရေးအမြင်နဲ့ လုပ်ကိုင် ခွင့်ပြုသင့်တယ်လို့ မြင်ကြတယ်။ အစစ်အမှန်ယှဉ်ပြိုင်မှုကို မြှင့်တင်ဖော်ဆောင်နိုင်ဖို့အတွက်အကာအကွယ်ပေးထားတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဌကိုလည်း ဖွင့်ပေးသင့်တယ်လို့ ဆိုကြတယ်။ နိုင်ငံပိုင်ကုမ္ပဏီတွေ ကိုလည်း ငွေကြေးထောက်ကူမှုနဲ့ အခွင့် အရေးတွေနေမှုကို ရပ်ဆိုင်း ပြီး သူတို့ဘာသာသူတို့ လွတ်လပ် စွာ လုပ်ကိုင်စေသင့်တယ်လို့ ထောက်ပြကြတယ်။ ဒါတွေကို ပြုပြင်ဖို့ခက်ခဲနိုင် ပေမယ့် မလုပ်နိုင်စရာတော့မရှိပါ ဘူး။ ဒီအတွက်သာမက တစ်ခုရှိ တယ်။ အာရှဘဏ္ဍာရေးအကျပ်အ တည်းနောက်ပိုင်းကာလမှာ တောင် ကိုရီးယားနိုင်ငံဟာ အစိုးရကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ တွေအကြား ဆက်နွယ်မှု အားလုံးကို ဖြတ်တောက်ပစ်ခဲ့ပြီး ကုမ္ပဏီတွေ ကို ဂလိုဘယ်ဈေးကွက်မှာ ယှဉ်ပြိုင် စေခဲ့တယ်။ ဒီလိုနဲ့ တောင်ကိုရီး ကုမ္ပဏီတွေ တိုးတက်ရှင်သန်လာ နိုင်ခဲ့တယ်။ တရုတ်ပြည်အတွက် ကံ ကောင်းတဲ့အချက်တစ်ချက်က တရုတ်ခေါင်းဆောင်ပိုင်းက ပြုပြင် ပြောင်းလဲရေးတွေလုပ်သင့်ပြီဆိုတာ ကို မြင်ကြတယ်။ ဝန်ကြီးချုပ် Wen Jiabao က 'တရုတ်စီးပွားရေး အဝိုင်းအဝန်းထဲမှာ အဆောက်အ အုံဆိုင်ရာ ပြဿနာတွေ ရှိတယ်။ ဒါ ကြောင့် မတည်ငြိမ်မှုတွေ၊ ဘက် မညီမှုတွေနဲ့ရေရှည်မတည်တံ့နိုင်တဲ့ တိုးတက်မှုတွေ ရှိနေခြင်းဖြစ်တယ်။ ဒါတွေ ကို ပြုပြင်ရမယ်။မပြုပြင်ရင် တော့ နောက်ထပ်တစ်ကြိမ် ယဉ် ကျေးမှုတော်လှန်ရေးဖြစ်လာနိုင် တယ်'လို့ထောက်ပြ ခဲ့ပါသေး တယ်။ ဒီနှစ်နှောင်းပိုင်း တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ၁၈ကြိမ်မြောက် ကွန်ဂရက်ကျင်းပဖို့ရှိတယ်။ ဒီကွန် ဂရက်ကနေ ပြီး ပေါ်လစ် ဗျူရိုသစ် ရွေးချယ်တင်မြောက်ကြမယ်။ ပြီး တော့မှ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီတစ်ရပ်ဖွဲ့စည်းကြမယ်။ ဒီအမြဲ တမ်းကော်မတီ ထဲက ရှီကျင့် ဖိန်း Xi-Jinping ဟာ သမ္မတ ဖြစ်လာနိုင်ပြီး၊ လီခယ်ချန်းက ဝန် ကြီးချုပ်ဖြစ်လာနိုင်တယ်။ သူတို့နှစ်ဦး စလုံး ဟာ ယဉ်ကျေးမှု တော်လှန်ရေးခေတ်ရဲ့မျိုးဆက်သစ် တွေဖြစ်ကြတယ်။ ဒါပေမယ့် i keqiang က ယဉ်ကျေးမှုတော်လှန်ရေးကို ပြန်လည်ဖော်ထုတ်လိုတဲ့ ပိုရှီလိုင် Bo Kilai ရဲ့ ချုံချိန်း စီးပွားရေးမော်ဒယ်ကိုတော့ အသုံးပြုကြမှာ မဟုတ်ပါဘူး။ ဒါကသေချာတယ်။ ဘာကြောင့်လဲဆိုတော့ Bo Kilai တစ်ယောက် ရာထူးပြုတ်သွား ခဲ့ပြီမဟုတ်ပါလား။ Ref: TIME , June 18 , 2012 မင်းရွှေမောင်

Wednesday, June 20, 2012

ကဗျာဆရာ၊ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့်တွေ့ဆုံခြင်း(၆)

 

      မြစ်ဆုံဆည်တည်ဆောက်ရေး ကိစ္စကို ပြန်စဖို့ တရုတ်ဘက်က တိုက်တွန်းနေတာတွေ့ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ များ မြစ်ဆုံ ဆည်ပြန်ပြီး တည်ဆောက်ဖြစခဲ့ရင် ဆရာတို့ကရော ဘယ်လိုဆောင် ရွက် မှာပါလဲ ဆရာ။
    ဒီကိစ္စကတော့ ရှင်းပါတယ်။ ဘယ်စနစ် ဘယ်ခေတ်၊ ဘယ်အစိုးရ လက်ထက်မှာပဲ ဖြစ်ဖြစ် မြစ်ဆုံဆည် တည်ဆောက် မယ့်ကိစ္စကို ပြန်စမယ် ဆိုရင် ကျွန်တော်တို့လဲ ကန့်ကွက် ခြင်းလုပ်ငန်းတွေ ကို ပြန်စရမှာ ပါပဲ။ မြစ်ဆုံ ဆည်ကို ပြန် လည် တည် ဆောက်ဖို့ နိုင်ငံတကာဆည် တည် ဆောက်ရေးအဖွဲ့ကြီးတွေ ဆီက ထောက်ခံ ချက်ယူဖို့ တရုတ်ဘက်က ကြိုးစားနေ တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အကျိုးအမြတ် ဘယ်လောက်ပဲရှိနေပါစေ မြစ်ဆုံဆည် တည်ဆောက်တဲ့လုပ်ငန်းက မလုပ် သင့်၊ မလုပ်ထိုက်တဲ့ကိစ္စတစ်ရပ်ဖြစ် လို့ အကျိုးအမြတ်ဆိုတာကို လုံးဝ ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ပါဘူး။ ကျွန်တော် မကြာခဏ ပြောဖူးသလို အကျိုးအမြတ် ဘယ်လောက်ပဲ ရရ ကိုယ့်အမေအရင်းကိုတော့ ဘယ်သူမှ ရောင်းမစားပါဘူး။ ဧရာဝတီ ဆိုတာ ကျွန်တော်တို့ မြန်မာတွေအားလုံးရဲ့ မိခင်ပါပဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဘယ်လိုပဲအထောက် အကူဖြစ်နေ ပါစေ၊ အကျိုးအမြတ်တွေ ဘယ်လောက်ပဲရနေပါစေ။ ဧရာဝတီ ကို လုံးဝ၊ လုံးဝအထိမခံနိုင်ပါဘူး။ ဒါဟာ ဧရာဝတီကို ချစ်တဲ့ မြန် မာပြည် သားတစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ စကားပါ။ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။
    ဒါဆိုရင် မြစ်ဆုံစီမံကိန်းပြန်ပြီး တည်ဆောက်ခွင့်ရဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံက တာဝန်ရှိ သူတွေကို ရော ဘာများပြောချင် ပါသလဲဆရာ။
    ပိုက်ဆံတွေအများကြီးရမယ်၊ အကျိုးအမြတ်တွေလဲ အများကြီးရှိ မယ်ဆိုရင် သူတို့ရဲ့ အမေ အရင်းကို ရောင်းမလား။ နောက်ပြီး သူတို့ဆီက မြစ်ဝါမြစ်တို့ ယန်စီမြစ်တို့မှာ ရေကာ တာ လာဆောက် မယ် ဆိုရင် လက်ခံ နိုင်မှာလား။ အဲဒီလိုပဲ ပြန်မေးချင် ပါတယ်။
    ပြည်ပအသံလွှင့်ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကိုရော နားထောင် ဖြစ်ပါသလားဆရာ။
    နားထောင်ပါတယ်။ နေ့တိုင်းကို နားထောင်ပါတယ်။ BBC, VOA, RFA, DVB စတဲ့ ပြည်ပ အသံလွှင့်ဌာန တွေရဲ့ ထုတ်လွှင့်ချက်တွေကို အလေး အနက်ထားပြီး နားထောင်ဖြစ်ပါ တယ်။
    လက်ရှိဖြစ်ပေါ်နေတဲ့ ၂၄ နာရီ လျှပ်စစ်မီးရရှိဖို့ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နေကြတဲ့ ကိစ္စကို ဘယ်လိုမြင် ပါသလဲ။
    တကယ်ကိုလုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတစ်ခုပါပဲ။ ဒီကိစ္စကို ကိုယ် တိုင်ပါဝင်ဆောင် ရွက်ခြင်းမရှိနိုင်ရင် တောင် လူတိုင်း လူတိုင်း နီးပါးက ဒီကိစ္စကို ထောက်ခံကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လဲ ဒီကိစ္စကို လှိုက်လှိုက်လှဲလှဲထောက်ခံပါတယ်။ မြန်မာပြည်က တကယ်ပဲချို့တဲ့နွမ်းပါး လို့ လျှပ်စစ်မီးအလုံ အလောက် မပေး နိုင်ဘူးဆိုရင်တော့ မြန်မာပြည်သူတွေ အားလုံးက မီးပျက်တာကို လက်ခံ နီုင်ကြမှာပါ။ အခုဟာက ကိုယ့်မှာရှိတဲ့ ဂတ်စ်တွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်း ချနေပြီး ပြည် သူတွေ ကတော့ အမှောင် ထဲမှာ နေနေရတာကတော့ တကယ့်ကို မဖြစ်သင့်တဲ့ကိစ္စလို့ မြင်ပါတယ်။ ဂတ်စ်တွေရောင်းလို့ ရတဲ့ငွေတွေ ကို ဆေးတွေ ဝယ်ပြီး ပြည်သူလူထု ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းမှာ ဆေးတွေဖြည့် ဆည်းပေးထားမယ်၊ ဒါမှမဟုတ် လွတ်လပ်စွာ ပညာသင်ကြားခွင့်ရဖို့ စာသင်ကျောင်းတွေ တည်ဆောက် ပေးမယ် စသည်ဖြင့်လေ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို ဂတ်စ် ရောင်း လို့ရတဲ့ ဝင်ငွေ နဲ့ ဖြည့် ဆည်း ဆောင် ရွက်ပေး မယ်ဆိုရင်တော့ လျှပ်စစ်မီးအပြည့်အဝ မရတာကို နားလည် လက်ခံနိုင် စွမ်းရှိကြမှာပါ။ သို့သော် အခုဟာက မြန်မာပြည်သူ တွေက အမှောင်ထဲမှာပဲနေနေရပြီး တခြားတစ်ဘက်မှာ ဘယ်လိုအကျိုး ကျေးဇူးမှမရပါဘူး။ ဆိုတော့ ဒီ လျှပ်စစ်မီးကိစ္စမှာ ပြည်သူတွေ ရဲ့ ပေါက်ကွဲခံစားမှုက သည့်ထက်မက တောင် ဖြစ်သင့်တယ်လို့ ထင်မြင်ယူ ဆမိပါတယ်။
    ၂ဝ၁၂ ခုနှစ် မတ်လတုန်းက လှည်းတန်းမှာလုပ်တဲ့ စာပေဟောပြော ပွဲတစ်ခုမှာ ၈၈ အရေးအခင်းကာလမှာ စင်ပေါ်ကိုတက်ပြီး ရွတ်ခဲ့တဲ့ အာဂုဏ် ကြို သူရဲကောင်းဆိုတဲ့ ကဗျာပြန်ရွတ် ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကဗျာ ကို ဘာကြောင့် အပြည့်အစုံ မရွတ်ခဲ့ တာပါလဲ ဆရာ။
    အဲဒီအာဂုဏ်ကြိုသူရဲကောင်း ဆိုတဲ့ ကဗျာထဲမှာ ၈၈ အရေးအခင်း တုန်းက ပြည်သူလူထုကို သေနတ်နဲ့ ပစ်တာကိုရေးဖွဲ့ထားတဲ့ အပိုဒ်တွေပါ တယ်။ အဲဒီအပိုဒ်တွေကို ကျော်ပြီး တော့ရွတ်ခဲ့တာပါ။ ဘာဖြစ်လို့ ကျော် ပြီးရွတ်ခဲ့တာလဲဆိုတော့ အခုချိန်မှာ တပ်မတော်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ တစ်ဘက်နဲ့တစ်ဘက် နားလည်မှုရှိရှိနဲ့ အပေးအယူလုပ်နေတဲ့ အချိန်မှာ တပ်မတော်ကို သိက္ခာချ သလိုဖြစ်သွားမှာစိုးလို့ ကဗျာကို အပြည့်အစုံမရွတ်ခဲ့တာ။ အထင်ရှား ဆုံး ဥပမာကိုပေးရမယ်ဆိုရင် ၈၈ တုန်းက တံတားဖြူအရေးအခင်းမှာ ကျောင်းသားတွေနဲ့ လုံထိန်းတွေ ပြဿနာဖြစ်ပွားတဲ့အကြောင်း ကဗျာထဲမှာပါပေမယ့် မရွတ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တံတားဖြူ အရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခံစား ခဲ့ရတဲ့ သူတွေရဲ့ စိတ်ကိုဆွပေးလိုက် သလို ဖြစ်မှာစိုးလို့ ကဗျာထဲမှာပါတဲ့ တချို့အ ပိုဒ်တွေ ကို ကျော်ပြီးရွတ်ခဲ့တာ ပါ။ သို့သော် အဲဒီလို ကျော်ရွတ်လိုက် ရုံနဲ့ တကယ်ဖြစ်ပျက်ခဲ့ တာတွေ က တော့ ပျောက်ပျက်သွားမှာ မဟုတ်ပါ ဘူး။ သမိုင်းထဲမှာရှိနေမှာပါပဲ။ အခု ချိန်မှာ မရွတ်သင့်ဘူးလို့ထင် တဲ့ ကဗျာ စာပိုဒ် တချို့ကို လဲ တစ်ချိန်ချိန် တစ်နေ ရာရာမှာ ဖြတ်ပြီးရွတ်ဖြစ်မှာပါ။ ရွတ် သင့်တယ် ထင်တဲ့ အချိန်၊ ရွတ်သင့် တယ်ထင်တဲ့ နေရာဒေသမှာ မရွတ်ဘဲ ထားခဲ့တဲ့ ကဗျာစာပိုဒ်တွေကို ပြန်ပြီး ရွတ်ဖြစ်မှာသေချာပါတယ်။
    ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ သိရ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်စွာကျင်းပပေးနိုင်ရုံနဲ့ လက်ရှိ အစိုးရဟာ ဒီမိုကရေစီ အစိုးရစစ်စစ် ဖြစ်ပြီလို့ ပြောနိုင်ပါသလား ဆရာ။
    ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲတစ်ခုပါ။ သို့သော် ဒီကြား ဖြတ်ရွေးကောက်ပွဲလေးတစ်ခုကို လွတ်လပ်စွာ ကျင်းပပေးနိုင်ရုံနဲ့တော့ လက်ရှိအစိုးရက ဒီမိုကရေစီ အစိုးရ စစ်စစ်ဖြစ်ပြီ လို့ ပြောလို့မရသေးပါဘူး။
    သတင်းစာ ဆရာကြီး လူထု ဦးစိန်ဝင်းကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုရော၊ ၂ဝ၁ဝ ကြားဖြတ်ရွေး ကောက်ပွဲကိုရော၊ လက်ရှိအစိုးရကို ရော မထောက်ခံသေးဘူလို့ ပြောဖူး ပါတယ်။ ဆရာရော လက်ရှိအစိုးရ အပေါ် ဘယ်လိုမြင်ပါသလဲ။
    ဆရာလူထုဦးစိန်ဝင်းလိုပါပဲ။ ကျွန်တော်လဲ ထောက်ခံလို့မရသေး ပါဘူး။
    ဆရာကပြည်ပနိုင်ငံတွေကိုလဲ မကြာခဏရောက်တာဆိုတော့ ကျွန်တော်တို့တိုင်းပြည်က နိုင်ငံခြား တိုင်းပြည်တွေရဲ့ (အထူးသဖြင့် Asean နိုင်ငံအချို့ရဲ့) ဖွံ့ဖြိုးတိုးတက်မှု ကိုရော လိုက်မီနိုင်ပါ့မလားဆရာ။
    လောလောဆယ် အနေအထား မှာတော့ တကယ့်ကိုအဝေးကြီး။ နောက်တော့ မပြောတတ်ဘူး။ အစိုးရ နဲ့ ပြည်သူ ဘယ်လောက်ထိ ညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်နိုင်မလဲဆို တာကို စောင့်ကြည့်ရမှာပဲ။ သူများ တိုင်းပြည်တွေကို အမီလိုက်ချင်ရင် အစိုးရနဲ့ ပြည်သူ ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။
    အင်္ဂလိပ်စာရေးဆရာ ရပ်စကင်း က လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေ ရင်၊ ငွေနောက်ပဲငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုး ရေရှည်တည်တံ့ဖို့ မလွယ်ဘူးလို့ ပြောဖူးတာရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကရော ရပ်စကင်းပြောတဲ့ အနေအထားကို ရောက်နေပြီလား ဆရာ။
    အဲဒီထက်ကိုဆိုးတဲ့ အနေ အထားကို ရောက်ခဲ့ပြီးပြီလေ။ အားလုံးသိတဲ့အတိုင်း ငွေနောက်၊ အာဏာနောက်ကို ငမ်းငမ်းတက် လိုက်ခဲ့ကြလို့ တိုင်းပြည်လဲ ချွတ်ခြုံ ကျခဲ့ပြီးပြီ။ ဒါကြောင့် နောက်လူတွေ၊ နောက်အစိုးရတွေက အတိတ်ကလို မဖြစ်အောင် သင်ခန်းစာယူတတ်ဖို့ပဲ လိုတယ်။
    ''ဒေါင်းကတဲ့နေ့''ဆိုတဲ့ ကဗျာရေးဖြစ်ပုံလေး ပြောပြပေးပါဦး ဆရာ။
    လူတိုင်း လူတိုင်းမှာ ဒေါင်းတွေ က နိုင်တယ်ဆိုတဲ့အတွေးမျိုး ရှိကြမှာ ပါ။ ကျွန်တော်က ကဗျာဆရာဖြစ် လို့ ဒီဒေါင်းကတဲ့နေ့ဆိုတဲ့ နာမည်နဲ့ ကဗျာလေးတစ်ပုဒ် ဖန်တီးဖြစ်ခဲ့တာ ပါ။ မြန်မာပြည် မှာတော့ လူအများစု က ခွပ်ဒေါင်းလို့ ပြောလိုက်ရင် ကျောင်း သားတွေပဲလို့ ယူဆကြပါ တယ်။ ကျွန်တော် ကတော့ ကျောင်းသားတွေ တင်မကပါ ဘူး။ မြန်မာပြည်မှာ ရှိတဲ့ မြန်မာပြည်သားအားလုံးက ခွပ်ဒေါင်း တွေ လို့ ယူဆပါတယ်။ ခွပ်ဒေါင်းဆိုတဲ့ အတိုင်း တစ်ချိန်လုံး ခွပ်နေကြ ရတာ ပဲ။ ဥပမာ ပြောရရင် လွတ်လပ်ရေး မရခင်ကလဲ ခွပ်ရတယ်။ လွတ်လပ် ရေး ရပြီးတော့လဲ ခွပ်ရတယ်။ နောက် ပိုင်းကာလတွေ မှာလဲ ဆက် တိုက် ဆို သလို ခွပ်နေရတာပါပဲ။ နားချိန်ကို မရှိဘူး။ ဒါပေမယ့် ခွပ်ဒေါင်းဆိုတာ ကလဲ ကတတ် တဲ့ဒေါင်း ပဲလေ။ ဒါကြောင့် တစ်ချိန်လုံး ခွပ်နေရတဲ့ ခွပ်ဒေါင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကခွင့်ရစေ ချင်တယ်။ ပြောရရင် ဒီမို ကရေစီအပြည့်အဝရပြီး လွတ်လွတ် လပ်လပ် လှလှပပကနေ တဲ့ ဒေါင်း လေးတွေ လို မြင်ချင်တယ်။ အဲဒီလို အတွေးမျိုးနဲ့ ဒေါင်းကတဲ့နေ့ဆိုတဲ့ ကဗျာ ကို ရေးဖြစ်တာပါပဲ။
    ဒေါင်းကတဲ့နေ့ အမှန်တကယ် ရောက်လာမယ်လို့ ယုံကြည်ပါသလား ဆရာ။
    အခုတော့ ဒေါင်းကတဲ့နေ့ ရောက်ဖို့ ဦးတည်သွားနေတယ်လို့ ယူဆရပါတယ်။ ဘာမှအနှောင့် အယှက် အဟန့်အတား အဖျက် အဆီးမရှိဘူးဆိုရင်တော့ ဒေါင်းကတဲ့ နေ့ကို ရောက်လာမှာပါ။ ခွပ်ဒေါင်း ဆိုပေမယ့်လဲ တစ်ချိန်လုံး ခွပ်မနေ နိုင်ဘူးလေ။ သူလဲ အိုးဝေ အိုးဝေ မြည်ပြီးတော့ ကချင်မှာပေါ့။ အခု လမ်းကြောင်းအတိုင်းသာဆက်သွား မယ်ဆိုရင်တော့ ဒေါင်းက တဲ့နေ့ ရောက် လာနိုင်မှာပါ။
    ဒေါင်းကတဲ့နေ့ရောက်ရင်ရော အဲဒီဒေါင်းတွေက ရေရှည်ကနိုင်ပါ့ မလားဆရာ။
    ဒါကတော့ အခြေအနေပေါ်မှာ မူတည်တယ်လေ။ လိုအပ်လို့ရှိရင် တော့ သူ့နိုင်ငံအတွက်၊ သူ့လူမျိုးအ တွက်ကဒေါင်းတွေက ခွပ်ဒေါင်းတွေ အဖြစ် အချိန်မရွေး ပြန်ပြီး ပြောင်းလဲ သွားကြမှာပါပဲလေ။
    ပြည်ပတက္ကသိုလ်တွေက ဖိတ်တဲ့ ခရီးစဉ်တွေမှာ ဆရာ့ကို မတွေ့ရဘူး။ ဘာကြောင့်ပါလဲ ဆရာ။
    တချို့ကိစ္စတွေကို ကျွန်တော် သိတောင်မသိဘူး။ အမေရိကန်ပြည် ထောင်စု၊ အိုင်အိုဝါတက္ကသိုလ်က ဖိတ်တာမျိုးတော့သိတယ်။ ဖိတ်လဲ ဖိတ်ဖူးပါတယ်။ ဖိတ်တယ်ဆိုတဲ့ နေရာမှာလဲ သက်ဆိုင်ရာအမေရိကန် သံရုံးက စာရေးဆရာ လေး၊ ငါး ယောက် ကို လျှောက်လွှာတင်ခိုင်း တယ်။ လျှောက်လွှာတင်ပြီး အင်တာဗျူး မယ်။ အင်တာဗျူးဖြေလို့ အောင်တဲ့ ထဲကမှ တစ်ယောက်ယောက်ကို ရွေးပြီး အိုင်အိုဝါကို ပို့မှာ။ ကျွန်တော် တစ်ဦးတည်း အမြင်အရ ဒီအစီအစဉ် ကို မကြိုက်ဘူး။ စာရေးဆရာက အလုပ်လျှောက်တာမဟုတ်ဘူး။ ဒါကြောင့် အင်တာဗျူးမဖြေနိုင်ဘူး။ ဒါကြောင့် အဲဒီ့အစီအစဉ်အတွက် လျှောက်လွှာ တင်တာလဲ မလုပ်ဘူး။ ဒါကြောင့် အဲဒီပြည်ပနိုင်ငံတွေကို ကျွန်တော်မရောက်ဘူး။
    စာရေးဆရာအသင်းတို့၊ ကဗျာ ဆရာသမဂ္ဂတို့ စသည်ဖြင့် ဖွဲ့ကြတာ တွေရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေ မှ ပါဝင်ဖို့ရှိပါသလား။ အဲဒီအဖွဲ့ အစည်းတွေကိုရော ဘယ်လို မြင်ပါ သလဲဆရာ။
    စာရေးဆရာအသင်းတို့၊ ကဗျာ ဆရာသမဂ္ဂတို့ ပေါ်လာတာကောင်း ပါတယ်။ ဒါပေမယ့် ကျွန်တော်က တော့ အဲဒီ့အဖွဲ့အစည်းတွေမှာ ပါဝင်ဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအဖွဲ့အစည်းတွေနဲ့ နီးစပ်မှု မရှိလို့ပါ။ နီးစပ်မှု ရှိခဲ့ရင်တော့ အဖွဲ့ဝင်အဖြစ် ပါဝင်ကောင်း ပါဝင်ဖြစ် မှာပါ။ အသင်းအဖွဲ့တွေပေါ်လာတာ ကို ကြိုဆိုပါတယ်။ ဘယ်အသင်း အဖွဲ့မဆို အဲဒီလောကသားတွေရဲ့ အကျိုးကို အမှန်တကယ်ဆောင်ရွက် ပေးမယ်ဆိုရင် ကျွန်တော်တို့ကလဲ ထောက်ခံမှာပါပဲ။
    လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ တခြားပြောချင်တာများ ရှိရင်ပြောပေးပါဦး ဆရာ။
    တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်လဲ မြန်မာနိုင်ငံ သားတစ်ယောက်သာဖြစ်လို့ အားလုံး ခံစားရသလို ခံစားရပါ တယ်။ အားလုံး ဖြစ်စေချင်သလို ကျွန်တော်လဲ ဖြစ်စေ ချင်ပါတယ်။
    နောက်ဆုံးအနေနဲ့ပေါ့ဆရာ။ မြန်မာလူငယ်တွေအတွက် ကဗျာတစ် ပုဒ်နဲ့ ဧရာဝတီအတွက် ကဗျာတစ်ပုဒ် စီ လက်ဆောင်ပေး ပါလို့ တောင်းဆိုရင် ဘယ်ကဗျာတွေကို ပေးဖြစ်မှာပါလဲ ဆရာ။
    မြန်မာလူငယ်တွေအတွက် ''ဒေါင်းကတဲ့နေ့'' ကဗျာကိုပေးဖြစ် မှာပါ။

                             ဒေါင်းကတဲ့နေ့

    ဘယ်တောမှာနေနေ
    ဘယ်ရေကိုပြောင်းပြောင်း
    အရေးအကြောင်းဆို
    သွေးမပြောင်းပါဘူး
    ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ်။
    တိုင်းပြည်နဲ့ လူမျိုး
    ပြည်သူ့အကျိုးဆို
    အကြောင်းမရွေး
    ဒေါင်းသွေးနီရဲရဲခွပ်
    ညီညွတ်ခဲ့ ရာဇဝင်။
    ပြည်သူတွေနဲ့ ထာဝရမခွဲ
    ပြည်သူထဲ အတူနေ
    အပူဝေ အတူမျှ
    ဒုက္ခအထွေထွေက လွတ်ကြောင်း
    ခွပ်ဒေါင်းဟေ့ မာန်ဝင်
    ရန်မြင်သမျှ ရင်ဆိုင်တွေ့။
    စမ်းကလေးတွေ အေး
    ပန်းကလေးတွေ မွှေး
    ငှက်ကလေးတွေ တေးဆို
    ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
    မြိုင်ယံညို...ဟိုး...ရိုးအခြေ က
    အိုးဝေ...အိုးဝေ...
    မင်္ဂလာသံအပေါင်း...ခ... ရအောင်
    ဒေါင်းကတဲ့နေ့။   ။
    ဧရာဝတီအတွက်ဆိုရင်တော့
    မြစ်ကောဆိုတဲ့ကဗျာလေးကို ပေးဖြစ်မှာ
မြစ်ကော
    မြစ်မကောအောင်လို့
    သစ်တောတို့ စိမ်းရပေမည်။
    ရေဝေတောတွေ ဆိုင်းစို့စို့
    မှိုင်းညို့ညို့မှုန်ရီ...
    ချင်းတွင်းနဲ့ ဧရာဝတီ
    ရေပြာကြည်သမျှ
    ''မြန်မာ့ သွေး''...ဟေ့...။
    တစ်တောလုံးပြောင်
    တစ်တောင်လုံးလင်း
    မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
    နောင်အရှည်မမျှော်
    ''မြန်မာ'' ပျောက်အောင်
    ကိုယ့်သွေးကို
    ကိုယ်ပြန်သောက်ပြီလား
    စိုးကြောက်ဖွယ်အဖြစ်သဘော
    မြစ်ကောတဲ့နေ့...။   ။
မြန်မာလူငယ်တစ်ဦး

Sunday, May 13, 2012

အိန္ဒိယမျိုးဆက်သစ်တို့အတွက် ရွှေအိပ်မက်


    ဘယ်လောက်မှ မကြာသေးပါဘူး။ အိန္ဒိယနိုင်ငံမှာ Vivek Expressလို့ခေါ်တဲ့ အမြန်ရထား လမ်း သစ် တစ်ခုတိုးချဲ့ဖွင့်လှစ် ပြေးဆွဲခဲ့တယ်။ တောင်ကုန်းတွေပေါ်မှာ လက်ဖက်စိုက်ခင်းတွေနဲ့ စိမ်းစိုနေတဲ့ အိန္ဒိ ယအရှေ့ မြောက်ဘက်စွန်း အာသံပြည်နယ်ကနေပြီး အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားတဲ့ တောင် ဘက် စွန်းအထိ မိုင်ပေါင်း ၂၇ဝဝ ရှည်လျားတဲ့ ရထား လမ်းပါ။ အစ၊ အဆုံး အဲဒီရထားကို စီးမယ် ဆိုရင် ခါးရိုးကျိုး မတတ်  နာရီပေါင်း ၈ဝ ကြာအောင် စီးကြရတယ်။
          ဒါပေမယ့်ရထားနဲ့ ခရီးသွားကြတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဝေဆာ ဆာနဲ့။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးက ဆက်လက်တိုးတက်နေဦးမှာပဲဆိုတဲ့  အကောင်းမြင်ဝါဒ အသိ တရား က သူတို့ရဲ့အမြင်ကို လွှမ်းခြုံထားတယ်။
          ရထားစီးခရီးသည်တွေဟာ လေယာဉ်စီးပြီး ခရီးသွားလောက်အောင် မချမ်းသာကြပေမယ့် အဝေး ပြေး အမြန်ရထားလက်မှတ်ဝယ်နိုင် လောက်အောင်တော့ ငွေကြေးပြည့်စုံကြတယ်။ ရထားပေါ်က နေပြီး တရိပ်ရိပ် ပြေးလွှားနေတဲ့ မြင်ကွင်းတွေကို လှမ်းကြည့်လိုက်ရုံမျှနဲ့ အိန္ဒိယနိုင်ငံကြီး ရှေးတုန်းက ထက် အဆ ပေါင်းများစွာ တိုးတက်လာခဲ့ပြီဆိုတာ ကို သက်သေထူလျက်ရှိတယ်။
          အနောက်ဘင်ဂေါ West Bengal ပြည်နယ်ရဲ့ အစွန်အဖျားတော ရွာကလေးတွေမှာတောင် သွပ်မိုး တိုက်သစ်ကလေး တွေကို ရထားပေါ်က လှမ်းမြင်နေကြရတယ်။ သွယ်တန်းထားတဲ့ လျှပ်မီးကြိုးတွေကလဲ ရှုပ်ရှုပ်ထွေးထွေး။ ရထားလမ်းဘေး တစ်လျှောက်မှာလဲ မိုဘိုင်း ဖုန်းမျှော်စင်ကြီးတွေက မိုးမိုးမတ်မတ်နဲ့ အစီအရီ တွေ့မြင်နေကြရ တယ်။ ဒါကြောင့်ထင်ပါရဲ့။ အိန္ဒိယ နိုင်ငံမှာ ဘယ်နေရာကမဆို  မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်စကားပြောလို့ရတယ်။ ပြီးတော့ ရထားလမ်းနဲ့ နီးတဲ့အိမ်တွေရဲ့ မျက်နှာစာမှာ ကြော်ငြာ ဆိုင်း ဘုတ်ကြီးတွေကို ပြူးကလူးပြာကလာ တွေ့မြင်နေကြရတယ်။ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာ သင် တန်းတွေ အတွက် ကြော် ငြာတွေ။
          ရထားပေါ်မှာ ခရီးသည်တွေကို ကြည့်လိုက်ပြန်ရင်လဲ သားသားနားနား ဝတ်စားဆင်ယင် ထားကြတဲ့ လူလတ်တန်းစားတွေ။ ကောလိပ် ကျောင်းသားတွေက လူတို့ရဲ့ Laptops တွေပေါ်မှာ ဘော လီးဝုဒ်က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ကားတွေကို စိတ်ပါလက်ပါ ရှုစားနေကြတယ်။ အိန္ဒိယ အရှေ့မြောက် ဘက်စွန်း အာသံပြည်နယ်က နာမကျန်းဖြစ်သူတစ်ဦးဟာ တောင်ပိုင်း တမီးလ်နာ ဒူးပြည်နယ်မှာ ဆေးရုံတက်ဖို့ လိုက်ပါလာတယ်။ ခွင့်နဲ့ပြန်လာတဲ့ စစ်သားတစ်ယောက်က ကီရာလာပြည် နယ်က သူ့မိသားစုဆီအသစ်စက်စက် မိုဘိုင်းဖုန်းနဲ့စကားပြောလျက်ရှိတယ်။ ရထားပေါ်မှာ စား သောက်ဆိုင်ဖွင့်ထားတဲ့မဏိပူရက စီးပွားရေးသမားတစ်ဦးကတော့ စီးပွားရေးကောင်းလို့ အရမ်း အရမ်း ဝမ်းသာနေလေရဲ့။
          သူတို့တစ်တွေရဲ့ မျှော်လင့်ချက် အားလုံးကိုတော့ အိန္ဒိယနိုင်ငံက စုံစုံစေ့စေ့ ဖြည့်ဆည်းပေး နိုင် ဖို့ လွယ်မယ်မထင်ဘူး။ ဒါပေမယ့် ဆယ်စုနှစ် တစ်ခုလောက် စီးပွားရေး တိုးတက်ခဲ့မှုကြောင့် အကျိုးရလဒ် ဖြစ် ပေါ်မှုတွေ ရှိခဲ့တယ်။ သာဓက တစ်ခု က မနှစ်က National Medical Journal of India စာစောင်မှာ ချမ်းသာတဲ့ အိန္ဒိယပြည်သူတွေရဲ့ သားသမီးတွေထဲက ၁၈နှစ်အရွယ် သားယောက်ျားကလေးတွေဟာ ၁၉၉၂ ခုနှစ်ကထက် အရပ်အမောင်း ၄.၅ စင်တီမီတာ ပိုရှည်လာခဲ့ပြီး ကိုယ်အလေးချိန်က လေးကီလို ဂရမ် ပို တက်လာခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ ဒီလိုဖြစ်လာတာဟာ ကောင်းမွန်တဲ့ အစားအစာတွေကို  စားလာနိုင်ကြပြီး ရောဂါနည်းပါးသွားခဲ့တဲ့အတွက် ဖြစ် ကြောင်းဖော်ညွှန်းတယ်။
          အခြားတစ်ဘက်မှာလဲ အိန္ဒိယ  ဆင်းရဲသားကျောမွဲလူတန်းစားရဲ့ အခြေအနေ အတော်အသင့်တိုးတက် လာတယ်။ သူတို့အကြောင်းကို မတ် လ ၁၉ ရက်နေ့က အစိုးရ လေ့လာ ချက်တစ်ခုမှာဖော်ပြခဲ့တယ်။  အိန္ဒိယ အစိုးရက တစ်နေ့ဝင်ငွေ  ၂၂ ရူးပီး ဒါမှမဟုတ် ဒီထက်လျော့နည်းတဲ့ ဝင်ငွေ ရရှိသူတွေကို ဆင်းရဲသားလို့ သတ်မှတ်တယ်။ အများအားဖြင့် ဒီဆင်းရဲသားပြည်သူတွေဟာ ကျေး လက် တောရွာတွေမှာ နေထိုင်ကြ သည်။ ၂ဝဝ၄ ခုနှစ်က ဒီလို ဆင်း ရဲသား ၄ဝ၇ သန်းရှိခဲ့ရာက ၂ဝဝ၉ ခုနှစ် မှာ ၃၅၅ သန်းသို့ လျော့နည်း  ကျဆင်းသွားခဲ့တယ်။ တစ်နည်း ပြော ရရင် ငါးနှစ်ကျော် ကာလအတွင်း ဆင်းရဲသား ၅၂ သန်းလောက် ကျ ဆင်းသွားခဲ့ခြင်းဖြစ်တယ်။ ဒီအရေ အတွက်ဟာ တောင်အာဖရိက နိုင်ငံ  တစ်ခုလုံးရဲ့လူဦးရေလောက်ရှိတယ်။ ဒါပေမယ့် ဝေဖန်သူတွေ ထောက်ပြ သလို အိန္ဒိယလူဦးရေရဲ့ သုံးပုံ တစ် ပုံလောက်ကတော့ ဆင်းရဲတွင်းနက် နေကြတုန်းပါပဲ။
          သို့ပေမယ့် အိန္ဒိယနိုင်ငံအတွက်  အားရကျေနပ်ဖွယ်ကောင်းတဲ့ အလားအလာတွေရှိပါသေးတယ်။  မနှစ်က သန်းခေါင်စာရင်းအရဆိုရင် အိန္ဒိယ အိမ်ထောင်စု ၂၄၇ သန်းအတွင်း ပညာတတ် မြောက်မှု နှုန်းဟာ ၂ဝဝ၁ ခုနှစ်မှာ ၆၅ ရာခိုင်နှုန်းသာ ရှိနေခဲ့ ရာမှ ၇၄ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့တယ်။ အဲသ လိုပဲ ဖုန်းသုံးစွဲမှုဟာ ကိုးရာခိုင်နှုန်းလောက်သာ ရှိခဲ့ရာက အခုအခါ ၆၃ ရာခိုင်နှုန်း အထိ တိုးတက်လာ တယ်။ ၆ဝ ရာ ခိုင်နှုန်းဟာ ဘဏ်စာရင်းဖွင့် ထား ကြတယ်။ ၉၃ ရာခိုင်နှုန်းဟာ လျှပ် စစ်မီး ရရှိကြတယ်။
          အိန္ဒိယနိုင်ငံအနေနဲ့ ဆက် လက်တိုးတက်ဖို့အတွက် လုပ် ဆောင်ရမယ့် အချက်နှစ်ချက်ရှိ တယ်လို့ ဝေဖန်သူတွေက ထောက်ပြ ခဲ့ကြတယ်။
       ၁။ အစိုးရဟာ ဘဏ္ဍာ ရေးကို စနစ်တကျ ဖြစ်အောင်ပြု ပြင်ရမယ်။
    ၂။ စီးပွားရေးကို အပြောင်းအလဲမရှိ တသမတ်တည်း  မြန်မြန်ဆန်ဆန် တိုးတက်ဖွံ့ဖြိုးအောင်  လုပ်ဖို့လိုတယ်လို့ ဖော်ညွှန်းခဲ့တယ်။

                                      စီးပွားရေးကဏ္ဍ

          အိန္ဒိယ စီးပွားရေးဟာ ၂ဝဝ၃ ခုနှစ်ကစပြီး ၂ဝဝ၈ ခုနှစ်အထိ ငါး နှစ်ကာလအတွင်းမှာ မြင်းတစ်ကောင် ဒုန်းစိုင်းပြေးသလို တစ်နှစ်ပျမ်းမျှ ကိုး ရာခိုင်နှုန်းနဲ့ အပြေးအလွှား တိုးတက် ခဲ့တယ်။ ဒါနဲ့ နှိုင်းစာရင် မနှစ်က တိုးတက်မှုဟာ ခြောက်ရာခိုင်နှုန်းနဲ့ ခုနစ်ရာခိုင်နှုန်းအကြားလောက်မှာသာ တိုးတက်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီနှစ်ကျပြန်တော့လဲ မနှစ်က အတိုင်းလောက်ပဲ ရှိနိုင်တယ်လို့ဆို ကြတယ်။
          ဒီလိုဖြစ်ရတာဟာ ကမ္ဘာနဲ့ အဝန်း ရေနံဈေးနှုန်းတွေ မြင့်တက် လာခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆို ကြတယ်။ ဒါပေမယ့် အဓိက ပြဿနာက စိတ်ပျက်စရာကောင်း လောက်အောင် စက်မှုလုပ်ငန်းတွေ  မှာ ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာမှု၊ ငွေဖောင်းပွမှုမြင့်မားလာမှု၊ အတိုး နှုန်းမြင့်တက်လာမှု၊ ပြီးတော့ အစိုးရ အနေနဲ့ ပုဂ္ဂလိကကဏ္ဍမှ အလွန် အကျွံ ငွေချေးယူမှုတို့ကြောင့် ဖြစ် တယ်လို့ အချို့က ထောက်ပြကြ တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူ တွေက နိုင်ငံရေးသမားတွေဟာ အိန္ဒိယစီးပွားရေးကို ပြုပြင်ပြောင်း လဲမှုတွေ ဆက်လက် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်လာခဲ့ကြ တယ်။ အဆိုးရွားဆုံးကတော့ ရင်း နှီးမြှုပ်နှံမှု အကြီးအကျယ် ကျဆင်း လာခြင်းဖြစ်တယ်။
          ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန် အရေးကြီးတယ်။ ဘာကြောင့်လဲဆို တော့ အခုအနေအခါ ရင်းနှီးမြှုပ်နှံမှု မလုပ်ရင် အနာဂတ်ကာလမှာ အသီး အပွင့်တွေ ဖြစ်ထွန်းပေါ်ထွက်လာမှာ မဟုတ်ဘူး။ အနာဂတ်မျှော်မှန်းချက် တွေ အကောင်အထည်ပေါ်လာဖို့ အတွက် ဒီကနေ့မှာ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ဖို့လိုတယ်။
          လောလောဆယ် အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုနှုန်းဟာ ခြောက်ရာခိုင်နှုန်းပဲ ရှိတယ်ဆိုဦးတော့။ ဒါဟာ တကယ်တော့ သိပ်ပြီးဆိုးလှတာ မဟုတ်ဘူး။ ဒီကနေ့ကမ္ဘာမှာ ခြောက်ရာခိုင်နှုန်းလောက်တောင်  တိုးတက်မှု မရှိကြတဲ့နိုင်ငံတွေက တစ်ပုံတစ်ခေါင်း။ ဒါပေမယ့် အရေးကြီးတဲ့ အချက်က အိန္ဒိယအနေနဲ့ တိုးတက်မှု အရှိန်အဟုန် နှေးကွေးကျဆင်းသွား လို့ မဖြစ်ဘူး။ ဘာကြောင့်လဲ။ အိန္ဒိယနိုင်ငံဟာ ဆင်းရဲမွဲ တေသူ အများ အပြားရှိတဲ့ဧရာမ နိုင်ငံကြီးဖြစ်တယ်။  တိုးတက်မှုနှုန်း အရှိန်သေသွားလို့ မဖြစ်ဘူး။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ  ပုံမှန်အခြေအနေကလေးကို ထိန်း သိမ်းထားနိုင်ဖို့အတွက်တောင် ရင်းနှီးမြှုပ်နှံ မှုကို စဉ်ဆက်မပြတ် လုပ်နေဖို့ လိုတယ်။ လျော့နည်း ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ် တိုးတက်နိုင်စွမ်းကို  လျော့ပါးသွားစေတယ်။  လျော့နည်း  တိုးတက်မှုဟာ ဆင်းရဲတွင်းနက်မှု သံသရာကို ရှည်လျားသွားအောင်  ဆွဲ ဆန့်တယ်။ အိန္ဒိယ သန်းခေါင်စာ ရင်းရဲ့ ကိန်းဂဏန်းတွေက အိန္ဒိယ နိုင်ငံရဲ့ တိုးတက်မှုကို လှစ်ဟပြသ  ခဲ့သလို အခြားတစ်ဘက်မှာလဲ အိန္ဒိယအနေနဲ့ ရှေ့ဆက်လက်ပြီး  ဘယ်လောက် တိုးတက်ဖို့ လိုနေသေး လဲဆိုတာ ဖော်ပြတယ်။ အိန္ဒိယ လူဦး ရေ ထက်ဝက်လောက်ဟာ အိမ်အပြင် ဘက်မှာ အိမ်သာ သွားနေကြတုန်းပဲ ရှိတယ်။ လူဦးရေရဲ့ သုံးပုံနှစ်ပုံက အိမ်ပြင်မှာ ထမင်းချက်နေကြရတုန်း။
          အိန္ဒိယ စီးပွားရေးဟာ အလုပ် သစ်၊ အကိုင်သစ်တွေ ဖန်ဆင်းပုံဖော် နိုင်ဖို့ ရုန်းကန်လှုပ်ရှားနေရတယ်။  အနိမ့်ဆုံးလစာရတဲ့ အလုပ်အကိုင် တွေဟာ မြို့ပြနေလုပ်သား ငါးပုံ လေးပုံအတွက် အများဆုံး ရနိုင်တဲ့  အလုပ်အကိုင်တွေဖြစ်တယ်။ ဒီကိန်း ဂဏန်းတွေဟာ နှစ်အတော်ကြာ ညောင်းခဲ့ပြီဖြစ်သော်လဲ  အပြောင်း အလဲ မရှိခဲ့ဘူး။ ဒါကြောင့် စီးပွား ရေး တိုးတက်မှု နှေးကွေး သွားခဲ့ရင်  ရရှိခဲ့တဲ့ အကျိုးရလဒ်တွေ ကပြောင်း ကပြန် ဖြစ်သွားနိုင်တယ်။
          စီးပွားရေးနှေးကွေးမှုဟာ အိန္ဒိယ နိုင်ငံအတွက် ရေတိုကာလမှာလဲ  စိတ်မချရဘူး။ ဆိုကြပါစို့။ အိန္ဒိယ လယ်သမားတွေအဖို့ ဒီနှစ် မုတ်သုံ ရာသီမှာ မိုးမကောင်းခဲ့ရင် တိုးတက် မှုနှုန်းဟာ ခြောက်ရာခိုင် နှုန်းအောက် ရောက်သွားနိုင်တယ်။ ဒီလိုအဆင့်မှာ အကြီးအကျယ် အြေ<ွကးတင်နေတဲ့ အိန္ဒိယ အစိုး ရအနေနဲ့ ရှေ့လျှောက်လှမ်းဖို့ အခက်အခဲတွေ့နိုင်တယ်။  ပြည်ပငွေပေးငွေယူ ရှင်းတမ်း လက်ကျန်ရဲ့ သာမန်စာရင်း - Current Account မှာ ၃.၆ ရာခိုင်နှုန်း လိုငွေ ပြ -Deficit နေမှုကို ဖြည့်တင်းနိုင်ဖို့ အတွက် နိုင်ငံခြားဖန်တွေဆီက ငွေ ချေးငှားရခက်ခဲသွားနိုင်တယ်။
          အိန္ဒိယအစိုးရကတော့ လာမယ့် နှစ်မှာ တိုးတက်မှုနှုန်း ၇.၅ ရာခိုင်နှုန်း အထိ တိုးတက်လာ နိုင် တယ်လို့ ထောက်ပြတယ်။ ဒီအတိုင်းပဲ ဖြစ် လာနိုင်တယ်လို့ ဆိုပါတော့။ ဒါပေ မယ့် အိန္ဒိယ စီးပွားရေး ပရဝဏ်ထဲမှာ အန္တရာယ်တွေက ပတ်ခြာလည် ဝိုင်း နေတယ်။ တစ်လောက  ဘဏ္ဍာရေး ဝန်ကြီး- Pranab Mukherjee က လောင်စာဆီနဲ့ ဓာတ်မြေသြဇာ အတွက် အစိုးရက စိုက်ထုတ်ကုန် ကျခံနေရပြီး တစ်နေ့ တစ်နေ့ မြင့်သထက် မြင့်တက်လာနေတဲ့ ထောက်ပံ့ကြေးတွေ-Subsidies ကို တွေးမိရင် သူ ညညမှာ အိပ်တောင် မပျော်ဘူးလို့ ပြောကြားခဲ့သေးတယ်။
          ဟုတ်ပါလိမ့်မယ်။ လောင်စာဆီ  ကိစ္စဟာ အင်မတန် စိုးရိမ်စရာ ကောင်းတယ်။ တိုင်းပြည်တိုးတက် ရေးမှာ လောင်စာဆီက အခရာ ကျတယ်။ အိန္ဒိယနိုင်ငံဟာ လိုအပ်တဲ့ ရေနံ အတော်များများကို နိုင်ငံ ခြားမှ မှာယူ တင်သွင်းရတယ်။ အထူးသဖြင့် လိုအပ်တဲ့ရေနံရဲ့ ၈ဝ ရာခိုင်နှုန်းကို အီရန်နိုင်ငံက မှာယူ တင်သွင်းတယ်။ လောလောဆယ် အမေရိကန်နိုင်ငံက ဦးဆောင်ပြီး အီရန်ရေနံရောင်းချမှုကို ပိတ်ပင် တားဆီးဖို့ ကြိုးပမ်းလျက်ရှိတယ်။
          အမေရိကန်နိုင်ငံက အိန္ဒိယကို
အီရန်နိုင်ငံမှ ရေနံ မဝယ်ဖို့ ဖိအား ပေးလျက်ရှိတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံအနေနဲ့ အီရန်ဆီက ရေနံ  မဝယ်လို့မဖြစ်ဘူး။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး လောက် အီရန်ဆီက ရေနံဝယ်ယူ ရ တယ်။ ပြီးတော့ အပြန်အလှန်  သဘောနဲ့  အီရန်နိုင်ငံကလဲ သူတို့ရဲ့ ဆန်စပါးလိုအပ်ချက်ရဲ့ လေးပုံသုံးပုံ ကို အိန္ဒိယမှ ဝယ်ယူတင်သွင်း တယ်။ မကြာသေးမီက အမေရိကန် နိုင်ငံက အီရန်ရဲ့ ဗဟိုဘဏ်ကို အ ဆက်အသွယ်ဖြတ်လိုက်တော့ အိန္ဒိယနဲ့ အီရန်အကြား ငွေပေးချေရာမှာ အခက်အခဲ တွေ တွေ့လာ တယ်။
          နောက်ပြီး အစ္စရေးနိုင်ငံကလဲ အိန္ဒိယကို အီရန်နဲ့ အဆက်ဖြတ်ဖို့ တိုက်တွန်းအားပေး လျက်ရှိ တယ်။ အိန္ဒိယဟာ အစ္စရေးနိုင်ငံဆီက လက်နက်တွေ အဓိကဝယ်ယူတယ်။ ဒီတော့ အီရန်-အစ္စရေး အကြား မပြေလည်ဖြစ်မှုဟာ အိန္ဒိယနိုင်ငံကိုပါ  ဂယက်ရိုက်တယ်။ ဒီနှစ်မှာ အိန္ဒိယ အနေနဲ့ စစ်လက်နက် ၁၇ ရာခိုင်နှုန်း တိုးမြှင့်ဝယ်ယူဖို့ ဆုံးဖြတ်ထားချိန်နဲ့တိုက်ဆိုင်နေတယ်။ ဒါဟာ ငွေပမာဏအားဖြင့် အမေရိ ကန် ဒေါ်လာ ဘီလီယံ ၄ဝ ဖိုးလောက်  ရှိတယ်။
          ဘဏ္ဍာရေးဝန်ကြီး မူခါဂျီက မကြာသေးမီက သူ့ရဲ့ ဘတ်ဂျက်  အခြေအနေကို တင်ပြခဲ့တယ်။ အစိုးရ ရဲ့ အသုံးစရိတ်တွေ ဒါမှမဟုတ် ဖြုန်း တီးစရိတ်တွေ သိပ်များနေတဲ့ အကြောင်း ထောက်ပြခဲ့တယ်။ ဒီနှစ် တွေမှာ စက်မှုလုပ်ငန်းတွေအားပျော့ လာပြီး ပုဂ္ဂလိကနဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ မရှိသလောက် ဖြစ်နေ တဲ့အပေါ်မှာလဲ စိတ်ပျက်မိတဲ့အ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ တယ်။ ဒါပေမယ့် ပြည်တွင်းစား သုံးမှုက အားကောင်းနေဆဲဖြစ်တယ် လို့ သူကဆိုတယ်။
          လောလောဆယ် အစိုးရရဲ့  ဘတ်ဂျက် လိုငွေပြမှုဟာ ဂျီဒီပီရဲ့  ၅.၉ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါ ကို ၅.၁ ရာခိုင်နှုန်းထိ လျှော့ချ သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့တယ်။ ဒါပေမယ့် တချို့  ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ အဆိုအရ စာရင်းမှာထည့်သွင်းဖော်ပြခြင်းမရှိတဲ့ ကိန်းဂဏန်းတွေကိုပါ ထည့်သွင်း တွက်ချက်ရင် အမှန်တကယ်  ဘတ်ဂျက်လိုငွေ ပြမှုဟာ ၈.၅ ရာ ခိုင်နှုန်း ဝန်းကျင် ရှိနိုင် တယ် လို့  ခန့် မှန်းကြတယ်။
          ဘတ်ဂျက်လိုငွေပြမှုကို ဖြတ်တောက်လျှော့ချ မယ်ဆိုရင် အဓိက လုပ်ဆောင်ရမယ့် အချက်က အစိုးရက စိုက်ထုတ်အကုန်အကျခံပေးနေတဲ့ ထောက်ပံ့ကြေးတွေကို ပယ်ဖျက်ပစ်ဖို့လိုတယ်။ တကယ် တော့ ဒါတွေကို လုပ်ဆောင်ဖို့ နိုင်ငံရေးအရ မလွယ်ဘူး။ စားနပ်ရိက္ခာအပေါ် ပေးနေတဲ့ ထောက်ပံ့ကြေး ကို ဖြတ် တောက်ဖို့ မဖြစ်နိုင်ဘူး။ ဖြတ် တောက်ရင် မရှိဆင်းရဲသားတွေ  ငတ်ပြတ်ကုန်မယ်။ ရေနံအ ပေါ် စိုက်ထုတ်ပေးကမ်းထားတဲ့ ထောက်ပံ့ကြေးကို ဖြတ်တောက်ရင် ကုန်ဈေး နှုန်းတွေ မြင့်တက်လာမယ်။ အစိုးရ အနေနဲ့ ပေးနေရတဲ့ ထောက်ပံ့ကြေး စုစုပေါင်းဟာ ဂျီဒီပီရဲ့ ၂.၄ ရာခိုင် နှုန်းရှိတယ်။
          ဒီနှစ်ထဲမှာ အသက် ၈ဝ ပြည့် တော့မယ့် အိန္ဒိယဝန်ကြီးချုပ် Manmohan  Singh က သူ့အနေနဲ့  အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုနှုန်းကို လူတိုင်းပျော်ရွှင်နိုင်ကြတဲ့ ကိုးရာခိုင် နှုန်းအထိ တိုးတက်အောင် လုပ်ပေး နိုင်ပါတယ်တဲ့။ ဒါပေမယ့် ကျွန်ုပ်တို့အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အချို့ကို ချမှတ်ဖို့လို တယ်''လို့ သူကထောက်ပြတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဆိုတာကတော့ ထောက်ပံ့ကြေးတွေ ဖြတ်တောက် လျှော့ချရမယ်။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအခွန်တွေ တိုးကောက်ရမယ်။ ရင်းနှီးမြှုပ်နှံသူတွေ လာ ရောက် နိုင်အောင် အခြေအနေတွေ ဖန်တီးပေးရမယ်။
          ဒီတော့ နိုင်ငံရေးသမားကြီးတွေက ဒီလိုဆုံးဖြတ်ချက်တွေကို ချရဲကြပါ့မလား။ နိုင်ငံရေးသမားကြီး တွေဟာ အများပြည်သူ မကြိုက်မယ့် အလုပ်တွေ မလုပ်ရဲကြဘူး။ ပြီးတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားရွေး ကောက် ပွဲကြီးက ၂ဝ၁၄ ခုနှစ်မှာ။ သိပ်မဝေး တော့ဘူး။

                                  နိုင်ငံရေးမိုးလေဝသ

          အိန္ဒိယနိုင်ငံရေးနယ်ပယ်မှာ အာဏာရကွန်ဂရက်ပါတီ-Congress Party ဟာ အခြေအနေ သိပ် မကောင်းဖြစ်နေတယ်။ ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲတွေမှာ အရေးနိမ့်လျက်ရှိတယ်။ မတ်လဆန်း ကကျင်းပခဲ့တဲ့ ပြည်နယ်ရွေးကောက် ပွဲတွေမှာဆိုရင် ကွန်ဂရက်ပါတီ အနေနဲ့ မဏိပူရနဲ့ ဥတ္တရာခန်းပြည် နယ်တွေမှာ အနိုင်ရပေမယ့် ဂိုအာ နဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ ရှုံးနိမ့်ခဲ့ တယ်။
          အရေးကြီးဆုံးကတော့ ဥတ္တာရ်  ပရာဒေ့ရှ် - Uttar Pradesh UP ပြည် နယ်မှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်တယ်။ UP ပြည်နယ်မှာ လူဦးရေ သန်း ၂ဝဝ လောက်ရှိတယ်။ ဘရာဇီး  တစ်နိုင်ငံလုံးရဲ့ လူဦးရေလောက် ရှိ တယ်။ UP ဟာ ပြည်နယ်မဟုတ်ဘဲ  နိုင်ငံတစ်နိုင်ငံသာ ဖြစ်ခဲ့မယ်ဆိုရင် ပဉ္စမလူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာ နိုင်တယ်။ ရွေးကောက်ပွဲမှာ နေရာ ၄ဝ၃ နေရာရှိတဲ့အနက် ကွန်ဂရက် ပါတီက ၂၈ နေရာပဲ ရရှိခဲ့တယ်။ ပိုပြီးဆိုးတာက သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပေမယ့် ကွန်ဂရက် ပါတီအ တွက် အဓိက စည်းရုံးရေး ဆင်းခဲ့သူက Rahul Gandhi ဖြစ်နေ တယ်။ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ အီတလီဇာ တိ- Sonia Gandhi ရဲ့ သားကြီး သြရသဖြစ်ပြီး နောင်တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာ မယ် လို့ တစ်ပြေးခံရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။
          ၂ဝ၁၄ အမျိုးသားရွေးကောက်ပွဲကြီးမှာ အနိုင်ရဖို့အတွက်ဆိုရင်  ကွန်ဂရက်ပါတီဟာ တော်တော် ကြိုးစား ဖို့လိုတယ်။ အိန္ဒိယနိုင်ငံမှာက နိုင်ငံ ရေးသမားကြီးတွေဟာ အသက် အရွယ်ကြီးသူတွေဖြစ်တယ်။ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက အသက် ၈ဝ။ ဘဏ္ဍာရေးဝန်ကြီး မူခါဂျီက ၇၆ နှစ်။ အစိုးရအဖွဲ့မှာ ကာကွယ် ရေးဝန်ကြီး တာဝန်ယူထားတဲ့ A.K Antony က ၇၁ နှစ်။
          ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ အနာ ဂတ်အတွက် မျှော်လင့်ချက်ရှိပါတယ်။ ကမ္ဘာပေါ်မှာ အသက် ၂ဝ အောက် လူဦးရေ အများဆုံးရှိတဲ့ နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပါတယ်။  အရေအတွက်အားဖြင့် ဘီလီယံ ထက် ဝက်လောက်ရှိတယ်။ ဥတ္တာရ်  ပရာဒေ့ရှ် ပြည်နယ်မှာ အနိုင်ရတဲ့ Samajuladi Party အတွက် အဓိက  စည်းရုံးရေးဆင်းပေးခဲ့တဲ့ ပုဂ္ဂိုလ်က အသက် ၃၉ နှစ်သာ ရှိသေးတဲ့ Akhilesh Yadav ဖြစ်တယ်။ သူက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သူ့ ဖခင် Mulayam Singh Yada ကိုယ်စား စည်းရုံးရေးဆင်းပေးခဲ့တယ်။ အခုတော့ သူ့ဖခင်ဟာ သားဖြစ်သူရဲ့ကြိုးပမ်းမှုကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နေပါပြီ။ ကွန်ဂရက်ပါတီ  အတွက် ကြိုးကြိုးစားစား စည်းရုံး ရေးဆင်းခဲ့ပေမယ့် အရေးမလှခဲ့တဲ့ Rahul Gandhiကလဲ အသက် ၄ဝ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။
          အိန္ဒိယ မျိုးဆက်သစ် လူငယ်တွေဟာ လူကြီးတွေလောက် အယူမသီးကြဘူး။ ဇာတ်အမျိုးအနွယ်လဲ မခွဲကြဘူး။ ဘာသာရေးကို ဗန်းပြပြီး မစည်းရုံးတတ်ကြဘူး။ ရှေးလူကြီးတွေထက် ခေတ်ပညာတတ်ကြ တယ်။ နိုင်ငံရေးကိုလဲ စိတ်ဝင်စား ကြတယ်။ မျိုးဆက်သစ် လူငယ် တွေခေတ်ရောက်တော့မှ အိန္ဒိယနိုင်ငံ ရေး၊ စီးပွားရေးဟာ ပိုမိုရှင်သန် တက်ကြွလာလေမလား။

Market journal
မင်းရွှေမောင်