Thursday, September 13, 2012
စီးပွားရေးမော်ဒယ်သစ်ပြောင်းလဲရတော့မယ့်တရုတ်ပြည်
စီးပွားရေးမော်ဒယ်သစ်ပြောင်းလဲရတော့မယ့်တရုတ်ပြည်
နဂါးနှစ်တွေဟာ အသည်း ထိတ်စရာကောင်းတယ်။ တရုတ် လူမျိုးတွေရဲ့ အစဉ်အလာအရ ဆိုရင် နဂါးနှစ်ဟာ အာဏာပါဝါနဲ့ ဂုဏ် သိက္ခာတွေကို သယ်ပိုး ယူ ဆောင်လာတတ်တယ်လို့ ဆိုကြ တယ်။
ဒါပေမယ့် ဒဏ္ဍာရီပုံပြင်ထဲက နဂါးကြီးဟာ ခန့်မှန်းရခက်တဲ့ သတ္တဝါကြီးတစ်ကောင်ဖြစ်တယ်။ သူ့ရဲ့အမြီးကို ကွေးလိမ်ရစ်ပတ်ပြီး သူ့ရဲ့ခေါင်းကို ကြိုက်တဲ့ဘက်လှည့် လို့ရတယ်။၂ဝ၁၂ ခုနှစ်ဟာ အ သည်းထိတ်စရာ နဂါးနှစ်တွေထဲက နှစ်တစ်နှစ်ပါပဲ။
ဒီနှစ် ဇန်နဝါရီလ၂၃ရက်နေ့ ဟာ တရုတ်နှစ်သစ်ကူးတဲ့နေ့ဖြစ်ပါ တယ်။ ပြည်မက တရုတ်တွေက နှစ်သစ်မှာ နဂါးကြီးကို ခမ်းခမ်း နားနား အိုးစည်ဗုံမောင်းနဲ့ ကြိုဆိုခဲ့ ကြတယ်။ တည်ငြိမ်အေးချမ်းပြီး စီးပွားတက်တဲ့နှစ်တစ်နှစ် ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်စောင့် စား ခဲ့ကြတယ်။ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်ဟာ သူတို့ မျှော်မှန်းသလို ဖြစ် မလာခဲ့ပါဘူး။
ဒီနှစ် နှောင်းပိုင်း အောက် တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလမှာ တရုတ်ပြည်မှာ ဆယ်စုနှစ်တစ်ခု အတွင်း တစ်ကြိမ်သာ လုပ်လေ့ လုပ်ထရှိတဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ဖို့ရှိတယ်။ ဒါ ကလည်း လက်ရှိသမ္မတံက Hu Jintao က လက်ရှိဒုတိယသမ္မတ Xi Jinping ကို ရာထူးလွှဲပြောင်း ပေးဖို့ ကြိုကြိုတင်တင် ပေထက် အက္ခရာတင်ပြီးဖြစ်တယ်။
ပြီးတော့ တရုတ်စီးပွားရေး ကလည်း နှစ်အစမှာ ဒေါင်ဒေါင် မြည်တဲ့ စီးပွားရေးပဲလို့ မြင်ခဲ့ကြ တယ်။ ဘဏ္ဍာရေး ပြဿနာ ကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဂယောက်ဂယက် ဖြစ်နေချိန်မှာ တရုတ်စီးပွားရေးက ဒစ်ဂျစ်နှစ် လုံးနီးပါးနဲ့တိုးတက်ခဲ့တယ်။ ကမ္ဘာ ကြီး ကတောင် မျှော်လင့်ချက် ကြီးကြီး နဲ့ တရုတ်စီးပွားရေးအ ပေါ် အားကိုးအားထားပြုခဲ့ကြ တယ်။ ဒါပေမယ့် နှစ်ဆန်းပိုင်း မှာပဲ နိုင်ငံရေး တည်ငြိမ်မှု ပျက် ပြားသွားတယ်။ အာဏာရ ကွန်မြူ နစ်ပါတီ ခေါင်းဆောင်ပိုင်းက ပေါ်လစ်ဗျူရိုဝင် တစ်ဦး ဖြစ်နိုင် ခြေ ရှိတဲ့ ချုံချိန်းက ကွန်မြူနစ်ပါတီအတွင်းရေးမှူးပိုရှီလိုင်ကို မတ်လ ၁၅ ရက်နေ့မှာ ရာထူးမှဖြုတ်ပစ်ခဲ့တယ်။ သူ့ဇနီးကိုလည်း လူသတ်မှု နဲ့ စွဲချက်တင် ဖမ်းဆီး တယ်။ အဲဒီနောက်ပိုင်း ပြဿနာ တစ်ခုပြီးတစ်ခုတက်လာခဲ့တယ်။
ပြီးတော့ လွန်ခဲ့တဲ့ ဆယ် စုနှစ် သုံးခုလောက်က အံ့ဘနန်း တိုးတက် ချဲ့ကားလာခဲ့တဲ့ တရုတ် စီးပွားရေးဟာ ခနော်နီ ခနော်နဲ့ ဖြစ်လာတယ်။ နိုင်ငံခြားပို့ကုန် တင်ပို့မှု (Exports) နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Foreign direct investment)နဲ့ ဘဏ်ချေး ငွေတွေ အားလုံး ကျဆင်းသွား တယ်။ြေ<ွကးမြီတွေတက်လာတယ်။ လယ်သမားတွေ နဲ့ စက်ရုံအလုပ် သမားတွေရဲ့ ဆန္ဒပြ တောင်းဆိုမှု အရေအတွက် မြင့်တက်လာတယ်။
အခြားတစ်ဘက်မှာ တရုတ် စားသုံးသူတွေဟာ အရင်ကထက် သုံးစွဲလာနိုင်ကြတယ်။ ဒီနှစ်မှာ တိုးတက်မှုနှုန်း ၈ရာခိုင်နှုန်းကျော် ရှိလာနိုင်တယ်လို့ ခန့်မှန်းချက်ကလည်း အခြားသော ကမ္ဘာ့နိုင်ငံတွေရဲ့တိုးတက်မှုနဲ့ နှိုင်းယှဉ်ရင်ကျေ နပ်စရာကောင်းလောက် အောင် မြင့် မားနေပါသေးတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ ထူးထူးခြားခြား ဘဏ္ဍာရေးချဲ့ကားမှုကို ဖန်တီးနိုင်ခဲ့တဲ့ နိုင်ငံတော် ချုပ်ကိုင်မှုက အခု တော့ စီးပွားရေးကို ရပ်တန့်သွားရ လောက်အောင် ခြိမ်းခြောက်လျက် ရှိတယ်။
ဒီလိုဆိုပေမယ့် တရုတ်ပြည်မ ကြီးဟာ ဒီကနေ့မနက်ဖြန်ဆိုသလို ပြိုလဲသွားမှာတော့ မဟုတ်ပါဘူး။ သို့ပေမယ့် စီးပွားရေးရဲ့ အနုတ် လက္ခဏာသင်္ကေတတွေကို အလေး မမူ ဂရုမထားရင်တော့ အန္တရာယ် များတယ်။တရုတ်ခေါင်းဆောင်တွေ ကိုယ်တိုင်က တရုတ်ပြည်စီးပွားရေး ဆက်လက် တိုးတက်ရေး အတွက် လမ်းသစ်ထွင်ရတာ ဘယ်လောက် ခက်ခဲရှုပ်ထွေးသလဲဆိုတာ သိကြ တယ်။ ခေတ်သစ်တရုတ်ပြည်ရဲ့ တည်ဆောက်ရေးပြဿနာများဖြစ်ကြ တဲ့ စာရိတ္တခြစားတဲ့ နိုင်ငံရေးစနစ်နဲ့ အရည်အသွေးညံ့ တဲ့ နိုင်ငံတော် အ ရင်းရှင်စနစ်တွေကို နဂါးရဲ့ အမြီး နဲ့ ဆတ်ခနဲရိုက်လိုက်တာနဲ့ ဖြေ ရှင်းလို့ ရနိုင်မှာမဟုတ်ပါဘူး။
တရုတ်ပြည်သူတွေရဲ့ စိတ် ဝိညာဉ်ဟာ ၂ဝ၁၂ခုနှစ်မှာ သိသိ သာသာ ပြောင်းလဲသွားခဲ့ပါပြီ။ ဒီရာစုနှစ်ရဲ့ အစောပိုင်း ကာလက ပျော်ရွှင်မှုတွေကို အနာဂတ် အ တွက် စိုးရိမ်ပူပန်မှုတွေက အစား ထိုး ဝင်ရောက်သွားခဲ့ပါပြီ။ တရုတ် ပြည်စီးပွားရေး ဟာ နှစ်ကာလကြာ ရှည်တိုးတက်ခဲ့ပေမယ့် တရုတ်ပြည် သူတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက်က ပျော်ရွှင်ခဲ့ကြသ လို အခုနေအခါ ပျော်ရွှင်ကြခြင်း မရှိကြတော့ဘူးလို့ Uriversity of Southern California လေ့လာ ဆန်းစစ်ချက်တစ်ခုက ဆိုတယ်။ တရုတ်နဂါးကြီးက လွန်ခဲ့တဲ့ ဆယ် စုနှစ်သုံးခုက နိုးထလာခဲ့တယ်။ အန္တရာယ်ပတ်ချာလည်ဝိုင်းနေတဲ့ ဒီနှစ်မှာ နဂါးကြီးရဲ့ ဦးခေါင်းက ဘယ်ဘက်ကို လှည့်ပါလိမ့်။
ဂီယာအပြောင်းအရွှေ့
အားကောင်းတဲ့ ကုန်ကျစရိတ် သက်သာမှု၊ ကြီးမားတဲ့ ရင်းနှီးမြှုပ် နှံမှုနဲ့ နိုင်ငံတော်ရဲ့ ထောက်ကူပံ့ ပိုးမှုတို့ရဲ့မောင်းနှင် တွန်းပို့မှုကြောင့် စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ တရုတ်ပြည်ကြီးဟာ နှစ်၃ဝကာလ အတွင်းမှာ ကမ္ဘာ့ဒုတိယအကြီး စီးပွားရေး အဖြစ် ပြောင်းလဲသွား ခဲ့ပြီး အမေရိကန်တို့ရဲ့ စီးပွားရေး ခြယ်လှယ်မှုကို ပြိုင်ဆိုင်ရင်ပေါင် တန်းလာနိုင်ခဲ့တယ်။
မဟာစီးပွားရေး ကျဆင်းမှုကြီး
(Great Recession) ကာလတုန်း က ကမ္ဘာဂြိုဟ်ကြီးအထောင်းအထု ခံနေချိန်မှာ တရုတ်နိုင်ငံဟာ ဘဏ္ဍာရေးပြဿနာကို အလွယ်တ ကူ ပုတ်ထုတ်ခါချ ကျော်လွှားနိုင် ခဲ့တယ်။ ဒီလိုအောင်မြင်မှုက စီး ပွားရေးလုပ်ငန်းရှင်တွေ နဲ့ ဘောဂဗေဒပညာရှင်တွေ ကို တရုတ်ပြည် ရဲ့ နိုင်ငံတော်အရင်းရှင်ဝါဒက အနောက်နိုင်ငံတွေရဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ်တွေ ထက် သာလွန် ကောင်း မွန်ပါပေတယ်လို့ သုံးသပ် ကောက်ချက်ချရ လောက်အောင် ဖြစ်စေခဲ့တယ်။ နိုင်ငံတော် အရင်း ရှင်ဝါဒဆိုတာက ဈေးကွက်ရဲ့ မမြင်ရတဲ့လက်နဲ့ နိုင်ငံတော်ရဲ့ ထင် ထင်ရှားရှားကြီးမြင်ရတဲ့ လက်တို့ကို ချိတ်ဆက် ပူးကပ်ထားတဲ့ ဝါဒ စနစ်ကြီးဖြစ်တယ်။
တရုတ်ပြည်ကြီး တိုးတက်လာ လေ ဂလိုဘယ်စီးပွားရေးအဝိုင်း အဝန်းထဲမှာ တရုတ်တို့ရဲ့ အခန်း ကဏ္ဍအရေးပါ လာလေ ဖြစ်လာခဲ့ တယ်။ တရုတ်စက်ရုံအလုပ်ရုံတွေ ဟာ ဒေသတွင်း ကုန်ထုတ်လုပ်မှု ကွန်ရက်ရဲ့ ဗဟိုချက်မဖြစ်လာခဲ့ တယ်။ အာရှတစ်နံတစ်လျားကို တိုးတက်ဖွံ့ဖြိုးစေခဲ့တယ်။ တရုတ် ပြည်ရဲ့ ကြွယ်ဝချမ်းသာလာတဲ့ စားသုံးသူတွေဟာ General Motors ? McDonald's တို့လို နိုင်ငံစု အခြေစိုက်ကုမ္ပဏီကြီးတွေအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ တယ်။
သံသတ္ထုရိုင်းတွေကနေပြီး ဂျုံ၊ ပြောင်းတွေအထိ အငမ်းမရ ဝါးမျိုလာတဲ့ တရုတ်စက်မှုကဏ္ဍရဲ့ စားသုံးမှုကြောင့် ကမ္ဘာ တစ်လွှား မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ မိုးထိအောင်မြင့်တက်ကုန်တယ်။ တရုတ်ကြောင့်သာ မဟုတ်ရင် မဟာစီးပွားရေး ကျဆင်းမှုကြီးဟာ တစ် ကမ္ဘာလုံးကို ဖြူခါပြာခါကျသွားစေ နိုင်တယ်။
ဒါပေမယ့် အခုတော့ တရုတ် ရဲ့ ကျော်ကြားထင်ရှားတဲ့ တိုးတက် မှု ယန္တရားကြီးဟာ တဖုတ်ဖုတ် တ ဖောက်ဖောက်ဖြစ်လာ တယ်။ မြင့် တက်လာတဲ့စရိတ်က ယှဉ်ပြိုင်နိုင် စွမ်းကို ဖဲ့ထုတ်သွားတယ်။ နိုင်ငံ တော်ရဲ့ အလွန်အမင်း ထိန်းချုပ်မှု က စီးပွားရေးကို ရွဲ့စောင်းပုံပျက် သွားစေတယ်။ ပရမ်းပတာ ရင်းနှီး မြှုပ်နှံမှုက ဘဏ္ဍာရေးစနစ်ရဲ့ ကျန်း မာရေးအခြေအနေကို ခြိမ်းခြောက် လာ တယ်။ နိုင်ငံတော် စီးပွားရေး လုပ်ငန်းတွေကပုဂ္ဂလိကလုပ်ငန်းရှင် တွေကို လည်ပင်း အတင်းဝင်ညှစ် သလို ဖြစ်လာတယ်။
ဒီလိုဖြစ်ရပ်တွေက တရုတ် ပြည်ဟာဆက်လက်တိုးတက်ဖို့ အ တွက် မော်ဒယ်သစ်တစ်ခု လိုအပ် လာပြီဆိုတာကို မီးမောင်း ထိုးပြ လျက်ရှိတယ်။ နိုင်ငံတော်ရဲ့ မောင်း နှင်အားထက် ဈေးကွက်တွေရဲ့ မောင်းနှင်အားကို အသုံးပြုဖို့လို လာပြီ။ ပိုပြီး ဘက်ညီတဲ့၊ ပွင့်လင်းတဲ့၊ တရားမျှတမှုရှိတဲ့စနစ်တစ်ခု ဖွေရှာ ဖန်ဆင်းဖို့ လိုအပ်လာပြီ။ ဇွန်လကုန်မှာ သက်တမ်းငါးနှစ် ပြည့်မြောက်လို့ နုတ် ထွက် သွားခဲ့တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Robert Zoellick က တရုတ်ရဲ့လက်ရှိကျင့်သုံး နေတဲ့စနစ်ဟာ ရေရှည် မတည်တံ့ နိုင်ဘူး လို့ ပြောကြားခဲ့တယ်။
ကမ္ဘာ့ဘဏ်ရဲ့ မတ်လအစီရင် ခံစာမှာ တရုတ်ပြည်ဟာ ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ နှောင့်နှေးကြန့် ကြာနေရင် အနာဂတ်မှာ စီးပွားရေးပြဿနာတက်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ သတိပေးဖော်ပြခဲ့သေးတယ်။ အပြောင်းအလဲလုပ်ဖို့ လိုအပ် တာတော့သေ ချာတယ်။ တရုတ်စီးပွားရေးဟာ နှစ်ပေါင်းများစွာအတွင်းမှာ အင်မတန်စိုးရိမ်ဖွယ်ကောင်းတဲ့စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေ ရတယ်။
IMF က တရုတ်ပြည်ရဲ့ ဂျီဒီ ပီဟာ၂ဝ၁၂ခုနှစ်မှာ၈.၂ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ခန့်မှန်းထား တယ်။ ဂလိုဘယ်စီးပွားရေး ရာသီဥတုအရ သိပ်အဆိုးရွားကြီးမဟုတ်ပေမယ့်၁၉၉၉ခုနှစ်ကစပြီးကြည့်ရင် အနှေးကွေးဆုံးတိုးတက်မှုဖြစ်တယ်။ ဒါပေမယ့် ဒီလိုနှေးကွေး ကျဆင်း သွားတာ တရုတ်တစ်နိုင်ငံတည်း တော့ မဟုတ်ဘူး။ တစ်ချိန်က ထင်သာမြင်သာတိုးတက်ခဲ့ကြတဲ့ ထွန်း သစ်စ ဈေးကွက်များအားလုံး အေး ခဲစပြုလာကြတယ်။
ဘရာဇီးစီးပွားရေးဆိုရင် ဒီနှစ် မှာ အမြင့်ဆုံးတိုးတက်ရင် သုံးရာ ခိုင်နှုန်းပဲရှိနိုင်တယ်။ နိုင်ငံရေးအရ မလှုပ်နိုင် မရှားနိုင်ဖြစ်နေတဲ့ အိန္ဒိယစီးပွားရေးကလည်း ၂ဝဝ၄ ခုနှစ်နှောင်းပိုင်း အနိမ့်ဆုံးသို့ ကျ ဆင်းသွားတယ်။ အမေရိကန် စီး ပွားရေး ပြန်လည်နိုးထ ရှင်သန် လာပြီလို့ ဆိုကြပေမယ့်လည်းထော့ကျိုးထော့ကျိုး ချိုင်းထောက်ကလေးနဲ့။ ဥရောပသမဂ္ဂရဲ့ယူရိုဇုန် ကလည်းကြွေး မြီပြဿနာပြန် လည် ဗလောင် ဆူလာတယ်။ ဂရိနိုင်ငံကတော့ ယူ ရိုဇုန်ကထွက်ဖို့ အထုပ်အပိုးပြင်နေ သလားတော့မသိ။ တကယ်တော့ ကမ္ဘာကြီး အခုလိုအိုးနင်းခွက်နင်း ဖြစ်နေချိန်မှာတရုတ်ပြည်စီးပွားရေး ဘာမှမဖြစ်စေချင်ကြပါဘူး။
တရုတ်ပြည်ဟာ သူ့ဘာသာ သူ ဖွံ့ဖြိုးဆဲနိုင်ငံကြီးလို့ ခံယူတယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးအံ့ဘနန်း တိုးတက်မှု ကို ဖြစ်ပေါ်စေခဲ့တဲ့ ရောနှောမှုဝါဒဟာ ဆင်းရဲပြီးမဖွံ့ဖြိုးသေးတဲ့အချိန်ကသင့်တော်မှန်ကန်တယ်လို့ ဆိုနိုင်ပေမယ့် အခုလို စက်မှု တိုးတက်ပြီး ချမ်းသာလာတဲ့ အခါမှာဒီဝါဒနဲ့သင့်တော်ပါ့မလား။
တရုတ်မော်ဒယ်အတွင်း ချွတ် ယွင်းချက်က တခြား မဟုတ်ပါဘူး။ ဗျူရိုကရက်တွေက ငွေကြေးစီး ကြောင်းတွေကို စိတ်ထင် သလို ခြယ်လှယ်ကစားခဲ့ကြခြင်း ဖြစ်ပါ တယ်။ စက်မှုလုပ်ငန်းတွေ အလျင် အမြန်တိုးတက်စေချင်တဲ့အတွက် အစိုးရက ငွေလဲနှုန်းတို့ အတိုးနှုန်းတို့ကို အဓိကျတဲ့ ဈေးနှုန်းတွေကို ကြီးကြပ် ကွပ်ကဲ ကစားကြတယ်။ ကုမ္ပဏီတွေက စက်ရုံအလုပ်ရုံတွေ နဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံကြ အောင်လို့ အကွက်ဆင်ကြတယ်။ ဈေးကွက်တွေက သတ်မှတ်တဲ့ ပေါက်ဈေးနဲ့ဆိုရင် ဘယ်သူမှ ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြ မှာမဟုတ်ဘူး။ နိုင်ငံပိုင်ဘဏ်တွေ ကလည်း မူဝါဒရေးဆွဲကြသူတွေ ညွှန်ကြားတဲ့ လုပ်ငန်းတွေကို သာ ငွေထုတ်ချေး ကြရတယ်။ ပြန်ပြော ခွင့်မရှိဘူး။
ဒီလို အစိုးရက ချုပ်ကိုင်မှု ကြောင့် နစ်နာဆုံးရှုံးမှုတွေရှိတယ်။ စီးပွားရေးဟာ ရင်းနှီးမြှုပ်နှံမှုအပေါ် အလွန်အမင်း အားထား မှီခိုနေရတယ်။ ဒါဟာ ဂျီဒီပီရဲ့ထက်ဝက်လောက်ရှိတယ်။ လောလောဆယ် တရုတ်စီးပွားရေးနှေးကွေးသွားတဲ့ အခါ ပြဿနာတောင် တက်လာတယ်။ ဘဏ်ကငွေထုတ်ချေးမှုတွေ အဖျားရှူးသွားတယ်။ အိမ်ဈေးနှုန်း တွေ လျှော့ကျရေးအတွက် အိမ်ရာမြေဈေးကွက် ကို ချုပ်ကိုင်မှုက အိမ် ရာဆောက်လုပ်ရေးလျှော့ကျသွား စေတယ်။ တိုးတက်မှုနှုန်းကျဆင်း သွားတယ်။ ဈေးနှုန်းတွေနဲ့ ကစား တဲ့ အကျိုးဆက်က ငွေတွေဟာ မဆိုင်တဲ့နေရာတွေဆီ ရောက်သွား တယ်။ ထုတ်လုပ်နိုင်အား အပိုဖြစ် လာတယ်။ အဓိကနိုင်ငံတော် စီးပွားရေးလုပ်ငန်းတွေ အမြတ်ရကြတယ်ဆိုတာက အစိုးရအနေနဲ့ ချေးငွေ တွေ၊ မြေရာတွေနဲ့ အခြားသွင်းအားစုတွေကို ထောက်ပံ့ မှုတွေ၊ ပံ့ပိုးကူ ညီပေးနေတဲ့အတွက်ဖြစ်တယ်။
နိုင်ငံတော်စီးပွားရေးလုပ်ငန်း တွေဟာ အတိုးနှုန်းသက်သက်သာ သာနဲ့ ချေးငွေတွေဖောဖောသီသီ ချေးငှားရရှိကြတယ်။ ဘဏ်ကြွေးတွေတစ်ပုံတစ်ခေါင်းကြီးဖြစ်လာတယ်။ ၂ဝ၁၁ခုနှစ်က ပြည်တွင်းဘဏ်ကြွေးတွေ ဂျီဒီပီရဲ့ ၁၇၅ ရာခိုင်နှုန်းလောက်မြင့် တက်ခဲ့တယ်လို့အကဲဖြတ်အေဂျင်စီ Fitch က ခန့်မှန်းတယ်။ တရုတ်ဘဏ်တွေမှာတောင်းခံမရဘဲ အချဉ် ပေါက်ချေးငွေတွေမြင့်မား လာတဲ့ အတွက် ဘဏ္ဍာရေးကဏ္ဍမှာ မတည်မငြိမ်ဖြစ်လာနိုင်တယ်။
အဲသလို မူဝါဒတွေ ကျင့်သုံးခဲ့ တဲ့ အခြားသောစီးပွားရေးတွေမှာ လည်း စီးပွားရေးပြိုလဲမှုတွေဖြစ်ခဲ့ ဖူးတယ်။ ဥပမာအားဖြင့် ၁၉၉ဝ နှစ်များရဲ့ အစောပိုင်းကာလက ဂျပန်နိုင်ငံ၊ ၁၉၉၇ အာရှ ဘဏ္ဍာ ရေး အကျပ်အတည်းတုန်းက တောင်ကိုရီးယား၊ ရင်းနှီးမြှုပ်နှံ ဦး စီးဦးဆောင်လုပ်တဲ့ အံ့ဘနန်းတိုးတက်မှုတိုင်းဟာ ကြွေးပြဿနာနဲ့ ဇာတ်သိမ်းကြရတယ်။ အကြွေးဟာ ပြဿနာပါပဲလို့ပေကျင်း တက္ကသိုလ် ဘဏ္ဍာရေး ပါမောက္ခ Michael Pettis က ထောက်ပြတယ်။
တရုတ်မော်ဒယ်
တရုတ်စီးပွားရေး မော်ဒယ် ဘယ်လိုအလုပ်လုပ်သလဲသိချင်ရင် တော့ ဝူရှီမြို့က နေရောင်ခြည်စွမ်း အင်ဖမ်းယူပြီး လျှပ်စစ် စွမ်းအား ထုတ်လုပ်ပေးနိုင်တဲ့ မှန်ပုံကွက် ကိရိယာတွေ Solar Panels တီထွင်ဖန်ဆင်းတဲ့ Sun-tech Power စက်မှု လုပ်ငန်း ကြီးကိုတစေ့တစောင်း လေ့လာရုံ နဲ့ ရိပ်မိနိုင်တယ်။ Suntech ဟာ Solar-cell တွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းကြီး ဖြစ်တဲ့အပြင် အလားတူ ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီကြီးတွေရဲ့ဦးစီး ဦးဆောင်လည်းဖြစ်တယ်။ နောက် ဆုံးပေါ်စက်ကိရိယာတွေ အသုံးပြုပြီး ထုတ်လုပ်နေကြတာဖြစ်တယ်။ တရုတ်နိုင်ငံမှာ ဒီလို Solar-cell တွေ ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီတွေရေတွက်လို့ မကုန်နိုင် လောက်အောင် များပြားတယ်။ တရုတ်မော်ဒယ်ကို အ ကောင်း မြင် ဝါဒနဲ့ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ပုံအော ရင်းနှီးမြှုပ်နှံမှု စနစ်ကဟောင်းနွမ်းစုတ်ပြတ် နေတဲ့ စက်မှုလုပ်ငန်းတွေကို တစ် ခဏချင်းခေတ်မီစက်မှုလုပ်ငန်းကြီး အဖြစ် ပြောင်းလဲ သွားအောင် ဖန်ဆုံးပုံဖော်နိုင်စွမ်းရှိတယ်။၂ဝဝ၁ ခုနှစ်က ကမ္ဘာ့ Solar-cell ထုတ် လုပ်မှုထဲမှာ တရုတ်နိုင်ငံရဲ့ထုတ် လုပ်မှုက ၁ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်မှုက ၂၇ ရာခိုင်နှုန်း။
ဒါပေမယ့် ၂ဝ၁၁ခုနှစ်ရောက် တော့ တရုတ်နိုင်ငံရဲ့Solar-cell ထုတ်လုပ်မှုဟာဂလိုဘယ်ထုတ်လုပ် မှုရဲ့ ၅၆ရာခိုင်နှုန်းဖြစ် လာတယ်။ အမေရိကန်နိုင်ငံရဲ့ ထုတ်လုပ်မှုက မဖြစ်စလောက် ၃ရာခိုင်နှုန်းပဲရှိ တယ်။ တရုတ်နိုင်ငံရဲ့ အခုလို ဧရာမငွေသား စီးဆင်း မှုကြီးရှိနေ တယ်။ တစ်နည်းပြောရရင် နိုင်ငံ တော်ရဲ့ မောင်းနှင်အားရှိနေတယ်။တရုတ်အစိုးရက လုပ်ငန်းတစ်ခုခု ကို ဦးစားပေးလုပ်ကိုင်မယ်လို့ ကြေညာလိုက်တာနဲ့ ဘဏ်တံခါးတွေ ပွင့်လာတယ်။ သက်ဆိုင်တဲ့ကုမ္ပဏီကြီးတွေ ငွေ လိုသလောက် ဘဏ်က ချေးငှားလို့ရတယ်။
တရုတ်ပြည်တွင်းမှာ ကုမ္ပဏီ ကြီးတွေ အပြိုင်အဆိုင် Solar-cell တွေ ထုတ်လုပ်နေကြပေမယ့် ကုမ္ပဏီတိုင်းလိုလို အစိုးရ ဆီက ငွေ ကြေးထောက်ပံ့ကူညီမှုတွေအပြင် မြေ၊ စွမ်းအင်နဲ့ ရေသုံးစွဲမှုတွေ အပေါ် လျှော့ဈေးနဲ့ သုံးစွဲခွင့်ရကြ တယ်။ ပြီးတော့ အခွန် ကင်းလွတ် ခွင့်တွေလည်းရကြတယ်။ ကုမ္ပဏီ တွေဟာ Solar-cell တွေ ပိုလွန်ထုတ်လုပ်မှုတွေလုပ်ကြပြီး၊ ဈေးကွက်တွေထဲ မှာကုန်ကျစရိတ်ထက် လျှော့နည်းတဲ့ ဈေးနှုန်းတွေနဲ့ 'ဈေးချသွန်ရောင်းခြင်း'တွေလုပ်ကြတယ်။ ဒါကြောင့်မေလကစပြီး အမေရိကန် နိုင်ငံက Solar သွင်းကုန်တွေ အ ပေါ် အကောက်ခွန် ၃၁ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့တယ်။
တရုတ်ကုမ္ပဏီ အများအပြား က Solar-cell တွေ အလွန်အကျွံ ထုတ်လုပ်ရောင်းချလာခဲ့ကြတဲ့ အတွက် ၂ဝ၁၁ခုနှစ်မှာ Solar ဈးနှုန်းတွေ ထက်ဝက်လောက်ကျ ဆင်းသွားတယ်။ တရုတ် Solar ကုမ္ပဏီအတော်များများ အရှုံးပေါ် ခဲ့တယ်။
မော်ဒယ်အသစ်လိုပြီ
အတိတ်ကာလက အင်မတန် အဆင်ပြေခဲ့တဲ့ နိုင်ငံတော်ချုပ်ကိုင် မှုဟာ တရုတ်ရဲ့ အနာဂတ် တိုး တက်မှုကို အကြီးအကျယ် ခြိမ်းခြောက် လျက်ရှိတယ်။ ဗျူရိုကရက်တွေက ထင်သလိုသတ်မှတ်ခဲ့ကြတဲ့ ဈေး နှုန်းတွေကို ဈေးကွက်ရဲ့ ပြဋ္ဌာန်း ချက်နဲ့ အညီ ဖြစ်စေဖို့လိုလာပြီ။ အ ရင်းအနှီးတွေကိုလည်း အမြော် အမြင်ရှိရှိနဲ့ ချင့်ချင့်ချိန်ချိန် ရင်းနှီး မြှုပ်နှံဖို့လိုလာပြီ။ ပြီးတော့ ငွေကြေး ကိုလည်း လွတ်လွတ်လပ်လပ် လှုပ် ရှားခွင့်ပေးသင့်ပြီလို့ အချို့က ဝေဖန်ထောက်ပြခဲ့ကြတယ်။
တရုတ်ဘဏ်တွေကိုလည်း အ စိုးရမူဝါဒအကောင်အထည်ဖော်ရ တဲ့ဘဝမှ လွတ်လပ်ခွင့်ပေးပြီး စီး ပွားရေးအမြင်နဲ့ လုပ်ကိုင် ခွင့်ပြုသင့်တယ်လို့ မြင်ကြတယ်။ အစစ်အမှန်ယှဉ်ပြိုင်မှုကို မြှင့်တင်ဖော်ဆောင်နိုင်ဖို့အတွက်အကာအကွယ်ပေးထားတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဌကိုလည်း ဖွင့်ပေးသင့်တယ်လို့ ဆိုကြတယ်။ နိုင်ငံပိုင်ကုမ္ပဏီတွေ ကိုလည်း ငွေကြေးထောက်ကူမှုနဲ့ အခွင့် အရေးတွေနေမှုကို ရပ်ဆိုင်း ပြီး သူတို့ဘာသာသူတို့ လွတ်လပ် စွာ လုပ်ကိုင်စေသင့်တယ်လို့ ထောက်ပြကြတယ်။
ဒါတွေကို ပြုပြင်ဖို့ခက်ခဲနိုင် ပေမယ့် မလုပ်နိုင်စရာတော့မရှိပါ ဘူး။ ဒီအတွက်သာမက တစ်ခုရှိ တယ်။ အာရှဘဏ္ဍာရေးအကျပ်အ တည်းနောက်ပိုင်းကာလမှာ တောင် ကိုရီးယားနိုင်ငံဟာ အစိုးရကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ တွေအကြား ဆက်နွယ်မှု အားလုံးကို ဖြတ်တောက်ပစ်ခဲ့ပြီး ကုမ္ပဏီတွေ ကို ဂလိုဘယ်ဈေးကွက်မှာ ယှဉ်ပြိုင် စေခဲ့တယ်။ ဒီလိုနဲ့ တောင်ကိုရီး ကုမ္ပဏီတွေ တိုးတက်ရှင်သန်လာ နိုင်ခဲ့တယ်။
တရုတ်ပြည်အတွက် ကံ ကောင်းတဲ့အချက်တစ်ချက်က တရုတ်ခေါင်းဆောင်ပိုင်းက ပြုပြင် ပြောင်းလဲရေးတွေလုပ်သင့်ပြီဆိုတာ ကို မြင်ကြတယ်။ ဝန်ကြီးချုပ် Wen Jiabao က 'တရုတ်စီးပွားရေး အဝိုင်းအဝန်းထဲမှာ အဆောက်အ အုံဆိုင်ရာ ပြဿနာတွေ ရှိတယ်။ ဒါ ကြောင့် မတည်ငြိမ်မှုတွေ၊ ဘက် မညီမှုတွေနဲ့ရေရှည်မတည်တံ့နိုင်တဲ့ တိုးတက်မှုတွေ ရှိနေခြင်းဖြစ်တယ်။ ဒါတွေ ကို ပြုပြင်ရမယ်။မပြုပြင်ရင် တော့ နောက်ထပ်တစ်ကြိမ် ယဉ် ကျေးမှုတော်လှန်ရေးဖြစ်လာနိုင် တယ်'လို့ထောက်ပြ ခဲ့ပါသေး တယ်။
ဒီနှစ်နှောင်းပိုင်း တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ၁၈ကြိမ်မြောက် ကွန်ဂရက်ကျင်းပဖို့ရှိတယ်။ ဒီကွန် ဂရက်ကနေ ပြီး ပေါ်လစ် ဗျူရိုသစ် ရွေးချယ်တင်မြောက်ကြမယ်။ ပြီး တော့မှ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီတစ်ရပ်ဖွဲ့စည်းကြမယ်။ ဒီအမြဲ တမ်းကော်မတီ ထဲက ရှီကျင့် ဖိန်း Xi-Jinping ဟာ သမ္မတ ဖြစ်လာနိုင်ပြီး၊ လီခယ်ချန်းက ဝန် ကြီးချုပ်ဖြစ်လာနိုင်တယ်။ သူတို့နှစ်ဦး စလုံး ဟာ ယဉ်ကျေးမှု တော်လှန်ရေးခေတ်ရဲ့မျိုးဆက်သစ် တွေဖြစ်ကြတယ်။
ဒါပေမယ့် i keqiang က ယဉ်ကျေးမှုတော်လှန်ရေးကို ပြန်လည်ဖော်ထုတ်လိုတဲ့ ပိုရှီလိုင် Bo Kilai ရဲ့ ချုံချိန်း စီးပွားရေးမော်ဒယ်ကိုတော့ အသုံးပြုကြမှာ မဟုတ်ပါဘူး။ ဒါကသေချာတယ်။ ဘာကြောင့်လဲဆိုတော့ Bo Kilai တစ်ယောက် ရာထူးပြုတ်သွား ခဲ့ပြီမဟုတ်ပါလား။
Ref: TIME , June 18 , 2012
မင်းရွှေမောင်
Subscribe to:
Posts (Atom)