၁၉၉၁ ခုနှစ် နောက်ပိုင်း ကျောင်းထဲမှာ ကျောင်းသား လှုပ်ရှားမှု တွေ မရှိတော့ပါ အပြင်မှာလဲ နိုင်ငံရေး အခင်းအကျင်း တွေ ပြောင်းလဲ သွားပါတယ်၊ ၁၉၉၃ခု နှစ် အစ မှာဘဲ တပ်မတော်က ဦးစီးပြီး အမျိုးသားညီလာခံခေါ်ယူပြီး အခြေခံ ဥပဒေကို ရေးဆွဲခဲ့ပါတယ်။
အဲဒီ အချိန်က NLD မှာရော ပြင်ပနိုင်ငံရေးလောကမှာပါ ၀ိဝါဒ ကွဲပြားခဲ့ကြပါတယ်၊ တချို့က ညီလာခံကို တက်သင့်တယ်၊ ဒါမှ ဥပဒေ ရေးဆွဲတဲ့အခါ ကိုယ်လိုချင်တဲ့ ပုံစံရအောင် လုပ်လို့ ရမယ်၊ တချို့က လုံးဝ သပိတ်မှောက်သင့်တယ်လို့ ယုံကြည် လက်ခံထားပါတယ်၊ လုံးဝ သပိတ်မှောက်သင့်တယ်လို့ လက်ခံတဲ့ လူတွေထဲမှာ ကျောင်းသားလူငယ် အများစု ပါဝင်ပါတယ်။ ညီလာခံနဲ့ ပတ်သက်ပြီး တယောက် ချင်းရော၊ အုပ်စုလိုက်ရော အဖမ်းခံရတဲ့လူတွေ များလာပါတယ်။
……….
ဒါပေမယ့် ၁၉၈၉ ခုနှစ်လောက်က ထောင် ၃ နှစ် သမားတွေ ပြန်လွတ်လာကြပါ တယ်၊ ၁၁/၉၂ နဲ့ လွတ်လာသူတွေလဲ ရှိပါတယ်၊ လွတ်လာတဲ့ လူတွေထဲက တချို့ က ဆူးလေမှာနေတဲ့ ရီရီ နဲ့ အေးမိုး တို့ဆီကို လာကြရင်း ရီရီ တို့ အအေး ဆိုင်နဲ့ အေးမိုး တို့ အိမ်ရှေ့ ခရေပင် (ရွှေကြည်အေး လက်ဖက်ရည်ဆိုင်) ဟာ ဆုံရပ် တွေဖြစ်လာပါတယ်။
ဒီနေရာမှာ ဆုံကြသူအများစုက နိုင်ငံရေး နိုးကြားသူတွေ ဖြစ်ကြပါတယ်၊ လှုပ်ရှားမှုတွေကိုစတင်ဘို့ ၀န်မလေးကြပါဘူး၊ ၁၉၉၃ ခု မတ်လ ၁၃ ရက်နေ့ဟာ ရုံးပိတ်ရက်နဲ့ ဆုံပါတယ်၊ ဘုန်းမော်ကျဆုံးတာ လည်း ၅နှစ်ပြည့် ပါတယ်၊ ဒါကြောင့် ကိုဘုန်းမော် တို့ အိမ်က နှစ်လည်ဆွမ်းသွတ်ကို ကျမတို့ အုပ်စု သွားကြပါတယ်၊ ကိုဘုန်းမော် တို့ အိမ်ရောက်တော့ မိုးမြတ်သူ တို့ ယောက်ကျားလေးအုပ်စုက ရောက်နေနှင့်ပါတယ်၊ ကျမတို့က ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်နဲ့ အ နက်ရောင် နှင်းဆီပွင့်တွေကို သူတို့တွေရဲ့ အကျီင်္ိမှာ တတ်ပေးခဲ့ပါတယ်။ ပြီးတော့မှ ရွှေတိဂုံဘုရားကို သွားကြမယ် ဆို ပြီး ထွက်လာကြပါတယ်၊ ဘုရားခြေရင်းရောက်တော့ အမှတ်တရလုပ်ထားတဲ့ ဒေါ်ခင်ကြည် ဂူ၊ ဦးသန့်ဂူ၊ သခင်ကိုယ်
တော်မှိုင်း ဂူတွေကို ၀င်ကြပါတယ်၊ သခင်ကိုယ်တော်မှိုင်းဂူက လက်ကမ်းကြေငြာ ဆင်တူလေးတွေကို ယူလာကြပြီး ယောက်ကျားလေးတွေက ရှပ်အကျီင်္ိအိတ်ထဲ ထည့်ထားကြပါတယ်။
ဘုရားပေါ်ရောက်တော့ ကျမတို့ အုပ်စုရဲ့ ထူးခြားတဲ့ ပုံစံကြောင့်အလည်လာတဲ့ Foreigner စိတ်ဝင်စားပြီး စပ်စုတာ ကြောင့် ကျမတို့က ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနေ့ ၅ နှစ်မြောက်တဲ့နေ့ ဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ကြပါသေး တယ်။ ပြီးတော့ ကျမတို့ လုပ်ထားတဲ့ အနက်ရောင် နှင်းဆီပွင့်တွေကို ပေးလိုက်ပါတယ်။ နောက်ထပ် မှတ်မှတ်ရရ ဖြစ်အောင် ပထမကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်မှာ ဓါတ်ပုံ ရိုက်ခဲ့ကြပါသေးတယ်။
ကျမတို့ လမ်းခွဲတော့ မိုးမြတ်သူနဲ့ ကိုမောင်မောင်ဦး တို့က ဆေးရုံမှာ လူနာသွားကြည့်မယ်ဆိုပြီး ထွက်သွားတယ်။ ၁၅ ရက်နေ့ ညဘက်ကျမှ သူတို့ ၂ ယောက် မျက်လုံးဟောက်ပက်နဲ့  ဆုံနေကျ နေရာကို ရောက်လာတယ်။ အ၀တ်အစား တွေကလဲ ဖုန်းမော်နေ့က အတိုင်း။ သူတို့  ၂ ယောက် ဆေးရုံ လူနာဆီကို မရောက်ပဲ လမ်းမှာတင် ထောက်လှမ်းရေး ဖမ်းခံရပြီး ဖုန်းမော်နေ့  အဖြူအနက်ဝတ်တာကို ခေါ်ကြပ်ခံရတာတဲ့။ လွတ်လွတ်ချင်း သူငယ်ချင်းတွေဆီကို ရောက်လာ ပြီး မနက်ဖြန် ၁၆ ရက် တံတားနီနေ့ အစီအစဉ်ကို လာမေးပါတယ်။ ကျောင်းသားလူငယ်တွေပဲလေ၊ ၂ ညလောက်နဲ့ တော့ ဘယ်မှုပါ့မလဲ။
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှာ တက်နေတဲ့ ကိုမောင်မောင်ဦး၊ အေးမိုး တို့ အုပ်စု။ ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ တက်နေတဲ့ ကျမ၊ ရီ၊ ကိုကျော်စိုး၊ ကိုနေတင်မြင့်တို့ အုပ်စု။ စက်မှုတက္ကသိုလ်မှာတက်နေတဲ့ ကိုစည်သူထွဏ်း၊ ကိုဂီး တို့ အုပ်စု။ အားလုံး ကျောင်းထဲမှာ အဖြူအနက် တွေ ၀တ်ကြမယ်။ ပြီးရင် ကိုတိတ် ကိုသားကြီးတို့ အုပ်စုနဲ့ အင်းယား ကန်ဘောင်မှာဆုံကြပြီး လူလစ်ရင် ပန်းစည်းချမယ်ဆိုပြီး ချိန်းလိုက် ကြတယ်။
၁၆ ရက်နေ့မှာ ကျမကော ရီရီကော အတန်းမတက်ကြပါဘူး၊ လှည်း တန်းဈေးကိုသွားပြီး ဖဲကြိုးအနက်နဲ့ ပင်အပ်တွေကို ၀ယ်ပြီး ရီရီက နှင်းဆီပန်းပုံ ခေါက်ပါတယ်၊ ပန်းပွင့်အနက်ကို ပင်အပ်နဲ့ထိုးပြီး ရင်ထိုး တွေ လုပ်ပါတယ်။
ကျမတို့ အဖြူနဲ့ အနက်ဝတ်ပြီး ကျောင်းရဲ့ လူစည်တဲ့နေရာတွေ ဖြစ်တဲ့ စာကြည့်တိုက်၊ကင်တင်း၊ R.C (Recreation Center)၊ တို့ကို ဖြတ် လျောက်ကြတယ်။
ကျောင်းသားတွေ စည်ကားတဲ့ သိပ္ပံခမ်းမ ဆင်ဝင်အောက်ရောက်တော့ ရီက ဘေးကလူတွေ ကြားနိုင်လောက်တဲ့ အ သံနဲ့  “ဒီနေ့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် နှင်းဆီ နက်ရင်ထိုး ရှင့်ကို ရီတပ်ပေးမယ်နော်” ပြောပြီး ဖဲပွင့်နက်လေး ရင်ဘတ်မှာ ထိုးပေးပါ တယ်။ ပြီးတော့ စိတ်ဝင်စားမယ်ထင်ရတဲ့ ကျောင်းသားတွေကို ကျမတို့ ဖဲပြားနက်လေးတွေ အရဲစွန့် ပေးကြည့်ကြတယ်။ ဒီလိုနဲ့ပဲ ကျောင်းသားတချို့ရဲ့ ကချင်လွယ်အိတ်တွေမှာ ဖဲပွင့်အနက်တွေ နေရာယူသွားပါတယ်။
နောက်တော့ ငွေစာရင်းဌာနရှေ့က လှေကားထစ် တွေမှာ ထိုင်ပါတယ်။ ကျမတို့ ထိုင်နေတာကို တချို့တွေက စိတ်တ ၀င်တစားနဲ့ ကြည့်နေကြပါတယ်၊ ခဏနေတော့ စိတ်ပါတဲ့ ကျောင်းသားကျောင်းသူတချို့ လှေကားထစ်တွေမှာ ၀င်ထိုင် ကြပါတယ်၊
ကျမတို့ ထိုင်နေတုန်း ကျူတာ ဆရာမလေးတွေ ရောက်လာပြီး ကျမတို့ ၂ ယောက်ကို ဘယ်မေဂျာ၊ ဘယ်အတန်းကလဲ လို့ လာမေးပါတယ်၊ ကျမက ဓာတု ကလို့ ပြန်ဖြေခဲ့ပေမဲ့ ရီရီက (ရူပဗေဒ တတိယနှစ်၊ ဂုဏ်ထူးတန်း) လို့ အသေအချာ ဖြေခဲ့ပါတယ်။ မေးပြီးတော့ ဆရာမတွေ ပြန်ထွက်သွားပါတယ်။ နောက်ထပ် ၁၀ မိနစ် လောက်ကြာတော့ ဆရာမတွေ ထပ်ရောက်လာပြီး ခုံနံပါတ် လာတောင်းပါတယ်၊ အဲဒီတော့မှ ကျမလည်း ခုံနံပါတ်ပေးရင်း ကျမရဲ့ အတန်းအမှန်ကို ပြောရပါတယ်။
ဆရာမတွေ ဝင်လိုက်ထွက်လိုက် ဖြစ်နေတော့ ခုနက ထိုင်နေတဲ့ ကျောင်းသားတွေ အလျှိုအလျှို ထွက်သွားကြပါတယ်၊ အဲဒီ အချိန်ကြမှ အကျီင်္ိအဖြူနဲ့ ကချင်ပုဆိုး ဝတ်ထားတဲ့ ကိုနေတင်မြင့်က ကျမတို့ဆီ လျောက်လာပါတယ်၊ ကျမတို့က ကိုနေတင်မြင့် အခြေအနေ မကောင်းဘူး၊ လစ်တော့လို့ ပြောလိုက်တော့ တခြား အခြေအနေကြည့်နေတဲ့ ကျောင်းသား တွေနဲ့ အတူတူ ငွေစာရင်းဌာန ပတ်ဝန်းကျင်မှာရှိနေတဲ့ သစ်ပင်တွေအောက်မှာ ရပ်နေပါတယ်။
လူတွေ နည်းနည်းရှင်းသွားတော့မှ ဘွဲ့နှင်းသဘင်ထဲမှာ ရုံးထိုင်တဲ့ မော်ကွန်းထိန်း အဆင့်(၁) ဦးဝင်းကို နဲ့ ဦးမြနွယ်တို့ ရောက်လာပါတယ်၊ ပြီးတော့ ကျမတို့နဲ့ စကားအခြေအတင် ပြောပါတယ်။
မော်ကွန်းထိန်း…. မင်းတို့ ဘာလို့ အဖြူနဲ့အနက် ဝတ်ပြီး ဒီမှာ ထိုင်နေကြတာလဲ၊
ရီရီ.…မောင်နှမ တွေကို လွမ်းလို့ ဝမ်းနဲတဲ့ အထိမ်းအမှတ်နဲ့ ဝတ်ထားတာပါ၊
မော်ကွန်းထိန်း…မောင်နှမတွေ ဘာဖြစ်သွားလို့လဲ၊ ပြောပါဦး။
ကျမက….အိမ်ပြန် မလာနိုင်ကြတော့လို့ပါ၊
ဦးဝင်းကိုက မဲ့ပြုံးတချက်ပြုံးပြီး “အော်..မင်းတို့က တရုတ်လူမျိုးတွေလား။” ဆိုပြီး ကျမတို့ကို ရွဲ့ပြောပြောပါတယ်။
ကျမတို့ကလဲ သေချာအောင် ထပ်ဖြေလိုက်ပါတယ်။ “မြန်မာ စစ်စစ် ကျောင်းသားတွေပါ” လို့ ။
“မင်းတို့ ကျောင်းချိန်ပြီးပြီ မဟုတ်လား၊ အိမ်ပြန်တော့။” လို့ ပြောပြီး ဦးဝင်းကို တို့ ပြန်ထွက်သွားပါတယ်။
ကျမတို့နဲ့ မလှမ်းမကမ်းမှာ အခြေအနေ စောင့်ကြည့်နေတဲ့ ကျောင်းသားတွေက ကျမတို့ ကို အားပေးနေပါတယ်။
ဦးဝင်းကို က ပြန်ခိုင်းခဲ့ပေမဲ့ ကျမတို့က မပြန်ပါဘူး၊ ကျမတို့ ထင်ထားတာက ကျမတို့ဆီကို ကျောင်းရဲတွေ လွတ်လိုက် မယ်။ ဒီတော့ ကျမတို့ ဘယ်လို ရင်ဆိုင်မလဲ၊ ရီရီ နဲ့ တိုင်ပင်ကြပါတယ်။ အဲဒီ အချိန်မှာ မထင်ထားဘဲ ရူပဗေဒ ပါမောက္ခ ဒေါက်တာမြင့်သိန်း၊ သချာင်္ပါမောက္ခနဲ့ ဆရာတွေ ရောက်လာပြီး ကျမတို့ကို သက်ဆိုင်ရာ ပါမောက္ခရုံးခန်းတွေဆီ ခေါ် သွားပါတယ်။
ဌာနရောက်တော့ ကျမကို ဒေါက်တာ တင်မောင်ဆွေ က စကားပြောပါတယ်၊ ဆရာက “မင်း ပညာသင်တဲ့ အချိန်မှာ ပညာကို ကောင်းကောင်း သင်သင့်တယ်၊ နိုင်ငံရေး ဝါသနာပါရင် ဘွဲ့ရပြီးမှ ပါတီတခုခုကိုဝင်ပြီး အမတ်တနေရာ အရွေး ခံသင့်တယ်” ၊ ကျမက ဆရာ့ ကို
“ဗိုလ်ချုပ် အောင်ဆန်း သာ ဆရာပြောသလို လုပ်ခဲ့မယ်ဆိုရင် မြန်မာပြည် လွတ်လပ်ရေး ရပါ့မလား” လို့ ပြန်မေးခဲ့ပါတယ်၊ ဆရာက ဆက်ပြီး
“မင်းက ဗိုလ်ချုပ်မှ မဟုတ်တာ၊ မင်းသမိုင်းကြောင်းကို သေချာ သိရဲ့လား” တဲ့၊ ကျမက “ကျမ သိတဲ့ သမိုင်းက အမှန် ဆိုရင် ဗိုလ်ချုပ်က တော်လှန်ရေးကို ကျောင်းသား ဘဝက စခဲ့တယ်၊ ကျမတို့ လုပ်နေတာလဲ တော်လှန်ရေးပါ ဆရာ”။
ဆရာနဲ့ ကျမ အခြေအတင် ပြောကြရပါတယ်၊ အဲဒီ ဆရာက ကျမတို့လုပ်နေတာကို အဓိပ္ပါယ် မရှိဘူးလို့ တယူသန် ပြောနေပါတယ်။ ဆရာက
“အခု အုပ်ချုပ်နေတာ ဗမာ အချင်းချင်းဆိုတော့ တော်လှန်ရေး မလိုဘူး” တဲ့။ ကျမတို့ ပြောနေတာ လိုရင်း မရောက်ပါ ဘူး။
ဒါကြောင့် ကျမတို့ကို Paper (2) သင်တဲ့ ကျမတို့ရဲ့ Guardianship ဆရာ ဦအောင်ဆန်းလွင် (၉၁ ခု ကျောင်းသား ဆန္ဒပြပွဲအပြီး ကျောင်းပြန်ဖွင့်တော့ ဆရာတဦးက ကျောင်းသား ၁၀ ဦးကို တာဝန်ယူရပါတယ်) က ဝင်ပြီး ကျမကိုဆုံးမ ပါတယ်၊ ကျမက ဆရာ ဦးအောင်ဆန်းလွင် ကို လေးစားရင်းစွဲရှိလို့ ဘာမှပြန်မပြောတော့ပါဘူး၊ ဆရာကလည်း ကျမကို ဖိပြောတာမျိုး မလုပ်ပါဘူး၊ ဆရာက “မင်းက ပညာတော်တဲ့ ကျောင်းသားဆိုတော့ အညွန့်မကျိုးစေချင်ဘူး၊ အဖမ်းခံ ရ ရင် ပညာရေးတပိုင်းတစ ဖြစ်သွားမယ်၊ ဆရာတွေက အဲဒါကိုပဲ စိတ်ပူတယ်” တဲ့။ ဆရာ့ စေတနာကို နားလည်ရင် ဒီက ဆရာမ တယောက်ယောက်ရဲ့ အဝတ်အစားကိုလဲလိုက် သင်္ချာဌာနက ကားနဲ့ အိမ်ပြန်ပို့ပေးမယ်တဲ့၊ အိမ်ပြန် ပို့တာကို ကျမ လက်မခံပါဘူး၊ ဒါကြောင့် ကျမက “အဝတ်အစားက ကျမမှာ အပိုပါ ပါတယ်၊ ကျမ ကိုယ့်ဖာသာ ပြန်လို့ရပါတယ်
ဆရာတို့ စိတ်ပူနေမှန်း ကျမ သိပါတယ်၊ ဒီနေ့ အဖို့ နောက်ထပ် ကျမ ဘာမှ ထပ်မလုပ်ပါဘူး” ဆိုတဲ့ ကတိကို ပေးပြီး ဌာနက ပြန်လာပါတယ်။
ရီရီ လည်း ကျမ လိုပဲ ပါမောက္ခရုံးခန်းမှာ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရပါတယ်၊ ကျမတို ကို အပြင်မှာစောင့်နေတဲ့ ကိုနေ တင်မြင့်က ချိန်းထားတဲ့ သူငယ်ချင်းတွေ ကန်ဘောင်မှာ ရောက်နေကြပြီလို့ သတင်းပေးတာနဲ့ ကျမတို့ ၃ ယောက် အင်း ယားကို ထွက်လာကြတယ်။ အင်းယားကန်ဘောင်ရောက်တော့ သူငယ်ချင်းတွေ အားလုံးက အားပေးပါတယ်။ “နင်တို့  ၂ ယောက် ပါမောက္ခ ရုံးခန်းရောက်သွားပြီဆိုတော့ ကျောင်းထုတ်ခံရနိုင်တယ်။” တဲ့။
နောက်တနေ့မှာ ကျမ အဖေနဲ့ အမေကို ထောက်လှမ်းရေးက အင်းလျားလိတ်ဟော်တယ်မှာ ရုံးထိုင်တဲ့ ထောက်လှမ်း ရေး စခန်းထဲကို ခေါ်သွားပါတယ်၊ အဖေတို့ကို အရှေ့၊ ဘေး တဘက်စီကနေ ဓါတ်ပုံတွေ ရိုက်ယူပါတယ်၊ ပြီးတော့ ကျမ ဖေဖေကို သူတို့က ပြောပါတယ် “ကလေး က နောက်ဆုံးနှစ်ရောက်နေပြီ၊ ကျနော်တို့က ဖမ်းပြီးထောင်ချရင် က လေး နစ်နာမယ်၊ ဒီတော့ မိဘ အနေနဲ့ ထိမ်းပေးပါ” တဲ့။
ရီရီ အမနဲ့ အကို ကိုလည်း ထောက်လှမ်းရေး ၁၄ က လာခေါ်သွားပြီး ရီရီ အမ ဆရာမကို ထောက်လှမ်းရေးက ပြောပါ တယ်၊ “ရီရီက ကျနော်တို့ ရှေ့မှာကြီးလာတဲ့ ကလေးပါ၊ သူက ပညာလဲ ထူးချွန်တော့ သူ့ကို ပညာရေး ခါးမကျိုးစေချင် ဘူး၊ ဒါကြောင့် ဆရာမ တို့ ထိန်းပေးပါ” တဲ့။
ကျမ ဖေဖေ ကတော့ ကျမကိုပြော ပါတယ်၊ “သမီး သေချာစဉ်းစား နောက်တကြိမ်ဆို အစိုးရက ခွင့်မလွတ်တော့ဘူး၊ အခုတခေါက်က ဆရာတွေ ခံနေပုံရတယ်၊ သမီးတို့ ကို အကြောင်းပြုပြီး ပြဿနာမဖြစ်အောင်လို့ မဖမ်းတာ၊ နောက် ထပ်လုပ်တာနဲ့ ဖမ်းမှာပဲ၊ ထောင်ထဲမှာနေနိုင်ရင် ဆက်လုပ်” တဲ့။ ကျမ ဖေဖေ က ကျမကို ဒီလောက်ပဲ ပြောခဲ့ပါတယ်။ ဖေဖေ ပြောတာမှန်ကြောင်း ဦးနု ဈာပနအမှုက သက်သေပါပဲ။
အဲ့ဒီအချိန်မှာရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးတပ်ဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ ထောက်လှမ်းရေး တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အချိန်ပြည့် စောင့်ကြည့်နိုင်တဲ့ ခေတ်ပါ။ ဒီအခြေအနေတွေကြားက ကျမ တို့ရဲ့ လုပ် ရပ်တွေဟာ အာဏာရှင်ကြောင့် အသက်ဆုံးရှုံး ခဲ့ရတဲ့သူရဲကောင်းတွေကို မေ့မသွားဘို့နဲ့ အာဏာရှင်တွေကို ဆန့်ကျင် ဘို့အတွက် ရည်ရွယ်ပါတယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုကို ပြင်ပနိုင်ငံရေးလောကမှာ ကျယ်ကျယ် ပြန့်ပြန့် မသိခဲ့ကြပေမဲ့ ရန်ကုန်တက္ကသိုလ် အတွင်းမှာတော့ ပြန့်နှံ ခဲ့ပါတယ်။ ကျမတို့ နိုင်တဲ့အားနဲ့ ရုန်းကန်ခဲ့တဲ့ လုပ်ရပ်လေးတွေကို အမှတ် တရ ပြန်ပြော ပြမိတာပါ။
ခင်ငြိမ်းသစ်
March 12, 2011
Friday, March 18, 2011
Wednesday, March 9, 2011
ပြည်သူ့တော်လှန်ရေး
ခင်မမမျိုး
Thursday, March 3, 2011
တော်လှန်ရေးတရပ် အောင်မြင်မှုရှိရန်အတွက် တော်လှန်ရေးအလားအလာ၊ တော်လှန်ရေး အခြေအနေ၊ ဦးဆောင်မှုနှင့် အဖွဲ့အစည်း၊ လူထုထောက်ခံအားပေးမှု စသည်တို့အပြင် စစ်မျက်နှာအားလုံးကို ပေါင်းစပ်တိုက်ပွဲဝင်မှုမှာလည်း အလွန်အရေးကြီးလှသည်။ ပြည်သူ့တော်လှန်ရေး ဆင်နွှဲရာတွင် စစ်မျက်နှာ တခုတည်းကိုသာ အာရုံစိုက်၍ မရပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် နိုင်ငံတကာရေးရာ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါသည်။
တော်လှန်ရေး အလားအလာ
လူ့အဖွဲ့အစည်း၏ စီးပွားရေးအခြေအနေ ယိုယွင်းလာသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအုပ်ချုပ်ရေး ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအပြောင်းအလဲများ ဖြစ်ပွားနေသည့် အချိန်အခါများတွင် တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခွင့်အခါကောင်းနှင့် အလားအလာများ ရှိလာတတ်သည်။
မြန်မာနိုင်ငံတွင် အဆိုပါ တော်လှန်ရေးအလားအလာများ တည်ရှိနေပါသည်။ စီးပွားရေးအခြေအနေ ပျက်စီးမှု၊ ငွေကြေးဖောင်းပွမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လူလတ်တန်းစား အရေအတွက် လျော့နည်းမှု၊ ရာဇ၀တ်မှုများ ထူပြောမှု၊ တိုင်းရင်းသား ပြည်သူများအား နှိပ်စက်ညှဉ်းပမ်းမှု စသည်တို့အပြင် အာဏာရှင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အတုအယောင်လွှတ်တော်ဖြင့် ရွှေရည်စိမ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြုလုပ်နေချိန် ဖြစ်ရာ အာဏာရှင်အစိုးရအတွင်း အာဏာလုပွဲ အခင်းအကျင်းများဖြင့် ဒေါက်တိုင်ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ ဖြစ်ပါသည်။
ယင်းသို့ တော်လှန်ရေး အလားအလာများ တည်ရှိပါက တော်လှန်ရေးအခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။
တော်လှန်ရေး အခြေအနေ
တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခြေအနေများမှာ
လူမှုအသင်းအပင်း အဖွဲ့အစည်းများ ပေါ်ထွက်လာခြင်း
မိမိတို့ ဘ၀ရပ်တည်ရေးနှင့် တိုးတက်ရေးကို အုပ်ချုပ်ရေးစနစ်က ဟန့်တားနေကြောင်း သိမြင်သူ များပြားလာခြင်း
စနစ်ကို ပြောင်းလဲရမည်ဟူသော အသိတရားများ ပြန့်ပွားလာခြင်း
အစိုးရအုပ်ချုပ်ရေး ယန္တရားများ ဖရိုဖရဲ ဖြစ်ခြင်း
အစိုးရဒေါက်တိုက် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုလိုလားသူနှင့် မလိုလားသူများ အုပ်စုကွဲနေခြင်း
ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေး စသည်တို့တွင် တာဝန်ထမ်းဆောင်သူများမှ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက် ပေါင်းစည်းလာခြင်း
စသည်တို့ ဖြစ်သည်။
မြန်မာပြည်သူလူထုသည် မိမိတို့၏ ဘ၀ ရပ်တည်ရေးနှင့် ဘ၀တိုးတက်ရေးကို စစ်အာဏာရှင်စနစ်က ချုပ်ချယ်ကန့်သတ်ထားကြောင်း သိမြင်ပြီး၊ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်မှသာ ပြည်သူတရပ်လုံး၏ ဘ၀တိုးတက်သာယာ အေးချမ်းလာမည် ဖြစ်ကြောင်းကိုလဲ နားလည်ယုံကြည်ထားကြပါသည်။ စစ်အုပ်စုဘက်တွက်လည်း အုပ်ချုပ်ရေးယန္တရားများ ဖရိုဖရဲဖြစ်ခြင်း၊ အာဏာရှင်အသိုင်းအ၀ိုင်းအတွင်း အုပ်စုများ ကွဲနေခြင်း၊ မကျေမနပ်ဖြစ်မှုများ တိုးပွားနေခြင်း စသည်များ ဖြစ်ပွားနေပြီး တော်လှန်ရေးတရပ် ပေါ်ထွက်လာရန် အခြေအနေများက တောင်းဆိုလျက်ရှိပါသည်။
ဦးဆောင်မှုနှင့် တော်လှန်ရေးအဖွဲ့အစည်း
တော်လှန်ရေးတရပ်ကို အခြေအနေက တောင်းဆိုလာချိန်တွင် တော်လှန်ရေးဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလာပါသည်။ တော်လှန်ရေးဦးဆောင်မှု ဆိုရာတွင် ဦးဆောင်မှု သဘောသဘာဝကို သိရှိနားလည်ရန် လိုအပ်ပါသည်။ တော်လှန်ရေးတိုင်းတွင် တိုက်ပွဲများစွာ ပါဝင်လေ့ရှိပြီး၊ တိုက်ပွဲများစွာတွင်းမှ ခေါင်းဆောင်များစွာ ပေါ်ထွက်လာလေ့ ရှိပါသည်။ ယင်းသို့ ခေါင်းဆောင်များ အမြောက်အမြား ပေါ်ထွက်လာခြင်းမှာ ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း ရှေ့ပိုင်းတိုက်ပွဲ ခေါင်းဆောင်များကို နောက်ပိုင်းမျိုးဆက်များက အလွန်အကျွံ မှီခိုအားထားခြင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ၊ ခေါင်းဆောင်များ ကွဲပြားမှုပေါ်မူတည်၍ ဂိုဏ်းဂဏ ကွဲပြားခြင်း စသည့် ဆိုးကျိုးများလည်း ဖြစ်ပွားစေတတ်ပါသည်။ ပို၍ ဆိုးသည်မှာ ရှေ့ပိုင်းတွင် ပေါ်ထွက်ခဲ့သော တိုက်ပွဲအစဉ်အဆက်မှ ခေါင်းဆောင်များကသာ တိုက်ပွဲများကို ဆက်လက်ဦးဆောင်ဖော်ထုတ်ရန် နောက်ပိုင်းမျိုးဆက်များမှ အားကိုးတကြီး မျှော်လင့်ချက် ထားရှိခြင်း ဖြစ်ပြီး၊ တိုက်ပွဲများ ဆက်လက် ပေါ်ထွက်ရေးသည် လက်ရှိတိုက်ပွဲ ခေါင်းဆောင်များ၏ တာဝန်ဟုသာ မှတ်ယူသွားခြင်း ဖြစ်လေသည်။ အဆိုပါအခြေအနေတွင် တော်လှန်ရေး မျိုးဆက်ပေါင်းကူးတံတား ကျိုးပျက်သွားသည်ဖြစ်ရာ အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထောက်ကူပေး လိုက်သကဲ့သို့ ဖြစ်သွားတတ်ပါသည်။
သို့ဖြစ်ရာ တိုက်ပွဲများကသာ ခေါင်းဆောင်များကို မွေးဖွားလေ့ရှိသည် ဟူသော တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ နှင့်အညီ တိုက်ပွဲများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးကိုသာ ဦးတည်ကြိုးပမ်းကြရန် လိုအပ်ပါသည်။ အဆိုပါ သဘောသဘာဝကို လက်တွေ့မကျင့်သုံးနိုင်ပါက ရှိပြီးသား ခေါင်းဆောင်များအပေါ်တွင် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း၊ ဂိုဏ်းဂဏ ခွဲခြားခြင်း၊ ခေါင်းဆောင်ရှာခြင်း၊ ခေါင်းဆောင်မျှော်ခြင်း၊ မျှော်လင့်ထားသလို ခေါင်းဆောင်က မပြုလုပ်နိုင်သည့်အခါ အပြစ်ဖို့ ဝေဖန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှေ့ပိုင်းမျိုးဆက် ခေါင်းဆောင်များကလဲ မိမိတို့က တိုက်ပွဲများကို ဦးဆောင်ဖန်တီးရမည်ဟု ထင်မြင်နေခြင်း စသည့် စိတ်ကြွ၊ စိတ်ကျ သံသရာတွင် လည်နေပြီး၊ တော်လှန်ရေးမှာလဲ ကျည်ဆန်ရှိလျက်နှင့် ပစ်၍မရသော သေနတ်စုတ်ကြီးကဲ့သို့ ဖြစ်နေတတ်ပါသည်။ သို့ဖြစ်ရာ တိုက်ပွဲများစဉ်ဆက်မပြတ်ပေါ်ထွက်ရေးသည်သာ တော်လှန်ရေး၏ ပကတိလိုအပ်ချက်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်ပါသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လဲ ဤအချက်မှာ ထင်ရှားနေပါသည်။ တောင်သူလယ်သမား အရေးတော်ပုံကို ဆရာစံက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအချိန်က နိုင်ငံရေးခေါင်းဆောင်များမှာ ခွဲရေး၊ တွဲရေး အငြင်းပွား၍ တကွဲတပြား ဖြစ်နေကြပါသည်။ ဆရာစံကလဲ အဆိုပါ နိုင်ငံရေးခေါင်းဆောင်များ၏ တိုက်ပွဲခေါ်သံကို မစောင့်ခဲ့ပါ။ ဒုတိယကျောင်းသား သပိတ်ကိုလဲ ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အခြားနိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း ကျောင်းသားခေါင်းဆောင်များကသာ တိုက်ပွဲခေါ်ခဲ့ခြင်း ဖြစ်ပါသည်။
ထောင့်သုံးရာပြည့် အရေးတော်ပုံကိုလဲ အလုပ်သမားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ နယ်ချဲ့တော်လှန်ရေးတွင် ခေါင်းဆောင်များမရှိ၍၊ ခေါင်းဆောင်များ ကွဲပြားနေ၍၊ ခေါင်းဆောင်များက တိုက်ပွဲခေါ်သံ မပေး၍ စသော အကြောင်းပြချက်များဖြင့် သခင်အောင်ဆန်းတို့ လက်မှိုင်ချ ထိုင်နေခဲ့ခြင်း မရှိပါ။ ရှေ့မှ နိုင်ငံရေးခေါင်းဆောင်ကြီးများက တမတ်သားအာဏာရရ၊ တပဲသားအာဏာရရ၊ ရရင်ပြီးရော သဘောဖြင့် လက်ဝါးလေးတွေ ကိုယ်စီဖြန့်ကာ နယ်ချဲ့တို့ထံ တောင်းရမ်းနေကြချိန်တွင် လွတ်လပ်ရေးကို တောင်းယူ၍ မရ၊ တိုက်ယူမှ ရမည်ကို သိနားလည်သော မျိုးဆက်သစ်များက နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်သွားခဲ့ကြပါသည်။
တော်လှန်ရေးအဖွဲ့အစည်း၏ သဘောသဘာဝမှာလည်း တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ ကဲ့သို့ပင် ဖြစ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော အဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေးအရှိန် မြင့်မားလာမည် ဖြစ်ပါသည်။ နိုင်ငံရေးလုပ်ရာတွင် နည်းပရိယာယ်မျိုးစုံ အသုံးပြုရန် လိုအပ်ကြောင်း အချို့က ဆိုတတ်ကြပါသည်။ သို့ရာတွင် ပြတ်သားသော လမ်းစဉ်တခုတည်းကိုသာ တောင်းဆိုလာသည့် အခြေအနေ၊ အချိန်အခါများလဲ ရှိနေတတ်ပါသည်။
မိမိဝယ်ယူလိုက်သော ခြံထဲတွင် ယိုယွင်းနေသော အိမ်တလုံး ရှိနေပါက ယင်းအိမ်ကို ဖြိုချပြီးအသစ်ဆောက်မည် (သို့မဟုတ်) ပြုပြင်မွမ်းမံမည် ဆိုသည့် ဆုံးဖြတ်ချက်တခုတည်းကိုသာ မဖြစ်မနေ ချမှတ်ရပါသည်။ ဖြိုချရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများနှင့် ပြုပြင်မွမ်းမံရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများ တူညီခြင်း မရှိပါ။ နံရံဖြိုလိုက်၊ ပြတင်းပေါက် ဆေးသုတ်လိုက် လုပ်နေလို့ မရပါ။ ယင်းသို့ လုပ်နေပါက အချိန်၊ လုပ်အား နှင့် ပေးဆပ်ရင်းနှီးမှုများ အလဟဿ ဖြစ်ရုံသာ ရှိပါလိမ့်မည်။ အိမ်အသစ်လဲ မရ၊ အိမ်အဟောင်းလဲ မပြိုပဲ အိမ်ရာစီမံကိန်းများမှာလဲ နှစ်ပေါင်းများစွာ ကြာနေပေလိမ့်မည်။ နိုင်ငံတခုတွင် တည်ရှိနေသော နိုင်ငံရေးအဆောက်အအုံသည် ဖြိုချပြီးမှ အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်ပါက တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲပြီး တော်လှန်ရေးတရပ် မလွဲမသွေ ဆင်နွှဲကြရမည်ပင်ဖြစ်သည်။
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သော နိုင်ငံရေးအဆောက်အအုံမှာ စစ်အာဏာရှင်စနစ်ကို ဘီလူးအသွင်ဖန်တီးလိုက်၊ မင်းသားအသွင်ဖန်ဆင်းလိုက်ဖြင့် ဆေးရောင်မျိုးစုံခြယ်သကာ အသက်သွင်းထားသော နိုင်ငံရေး အဆောက်အအုံဖြစ်ပါသည်။ ဤအဆောက်အအုံ၏ အခြေခံအုတ်မြစ်တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးရေး အုတ်မြစ်မရှိ၊ ဗိုလ်ကျအနိုင်ယူရေးသာရှိပါသည်။ တောင်းဆိုမှုများကို လိုက်လျောပေးရေး ဟူသော အုတ်မြစ်မရှိ၊ အာဏာတည်မြဲရေး အုတ်မြစ် သာရှိပါသည်။ သင့်မြတ်ရေးဟူသော အုတ်မြစ်မရှိ၊ ဖယ်ရှားရေး ဟူသော အုတ်မြစ် သာရှိပါသည်။ ညီညွတ်ရေး ဟူသော အုတ်မြစ်မရှိ၊ အဆုံးသတ်ချေမှုန်းရေး ဟူသော အုတ်မြစ်သာ ရှိပါသည်။
ယင်းသို့ စေ့စပ်ဆွေးနွေးရေး၊ သင့်မြတ်ရေး၊ ညီညွတ်ရေးတို့အပေါ်တွင် အခြေခံထားခြင်းမရှိသော နိုင်ငံရေးအဆောက်အအုံကို ဆေးသုတ်ပြီး မွမ်းမံပြင်ဆင်၍ မရပါ။ ဖြိုချပြီး အုတ်မြစ်အသစ် ပြန်ချမှသာ ရနိုင်ပါသည်။ သို့ဖြစ်ရာ စေ့စပ်ဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဟူသော အုတ်မြစ်များ ချနိုင်ရန် အာဏာရှင်နိုင်ငံရေးအဆောက်အအုံကို ကနဦးဖြိုချကြရမည် ဖြစ်ပါသည်။ တနည်းဆိုသော အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကို ဦးတည်သော တော်လှန်ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသား ကိုင်စွဲရန် တော်လှန်ရေးအလားအလာနှင့် အခြေအနေက ပြဌာန်းတောင်းဆိုထားပြီး ဖြစ်ပါသည်။
ယင်းတော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေး အောင်မြင်နိုင်သည့် ရာခိုင်နှုန်း များပြားသည် ဖြစ်ရာ အဆိုပါ တော်လှန်ရေးအဖွဲ့အစည်းများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ပေါ်ထွက်လာရန် လိုအပ်လှပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် လူထု၊ လူတန်းစား အလွှာအသီးသီးအကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass – root infrastructure လိုအပ်ပါသည်။ တော်လှန်ရေးဟူသည် ပိုစတာကပ်ခြင်း၊ စာရွက်စာတမ်း ဖြန့်ဝေခြင်း၊ အခမ်းအနားများ ကျင်းပခြင်း စသည်တို့ကိုပင် ဆိုလိုခြင်း မဟုတ်ပါ။ ဤသည်တို့မှာ တော်လှန်ရေးတရပ် စတင်ရန် စည်းရုံးလှုံ့ဆော်မှု၏ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါသည်။
လူထုလူတန်းစား အလွှာအသီးသီးကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass- root infrastructure မရှိပါက အာဏာရှင်တို့ဘက်က တော်လှန်ရေးတိုက်ပွဲများကို အချိန်အနည်းငယ်အတွင်း ထိန်းချုပ်သွားနိုင်သည်ဖြစ်ရာ လှုပ်ရှားမှုတခုကိုပင် ဦးစားပေးဖော်ဆောင်၍ မရ၊ ရေရှည်မြှုပ်နှံ- ပြင်ဆင်တည်ဆောက်မှုကို မလွဲမသွေ ပြုလုပ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း၏ အလွှာစုံ၊ ကဏ္ဍစုံတွင် တော်လှန်ရေး၏ ခြေတံ၊ လက်တံများ စိမ့်ဝင် ပျံ့နှံ့နေစေရန် လှုပ်ရှားအဖွဲ့ငယ်များအား မြေအောက်ယူဂျီ သဏ္ဍာန်၊ နိုင်ငံရေးဦးဆောင်မှု ကော်မတီများအား ဒေါင်လိုက်သဏ္ဍာန်၊ မဟာမိတ်ဆက်ဆံရေးနှင့် ပူးတွဲလှုပ်ရှားမှုများတွင် အလျားလိုက် ကွန်ယက် ချိတ်ဆက်မှုသဏ္ဍာန်များနှင့် သတင်းအချက်များ ရှာဖွေစုဆောင်းရေးအတွက် circuit သဏ္ဍာန်တို့ကို အသုံးပြုရန် လိုအပ်သည်။
တော်လှန်ရေးအဖွဲ့အစည်းများ ချိတ်ဆက်တည်ဆောက်မှုတွင် centralization စနစ်ကို အသုံးပြုခြင်းမှာ ကွဲပြားခြားနားမှုနည်းသော နိုင်ငံရေးအခြေအနေများအတွက် သင့်လျော်သော်လည်း၊ နိုင်ငံရေးအဖွဲ့အစည်းများ အများအပြားရှိနေသော နိုင်ငံရေးအခြေအနေများတွင်မူ အခက်အခဲများစွာ ပေါ်လာတတ်ပါသည်။ လေး-ငါးဖွဲ့ပေါင်းလိုက်၊ တဖွဲ့တည်ထောင်လိုက်၊ ဆယ်ဖွဲ့ကွဲလိုက်၊ ပြန်စုစည်းလိုက် သံသရာတွင် ညီညွတ်ရေး တည်ဆောက်မှုဟူသော ခေါင်းစဉ်ဖြင့် တလည်လည် ဖြစ်နေတတ်ပါသည်။ ယင်းသို့ မဖြစ်စေရန် Decentralization စနစ်ကို တိုက်ပွဲကြားတွင် အသုံးပြု၍ ညီညွတ်ရေးတည်ဆောက်ရမည်ဖြစ်သည်။
ရည်မှန်းချက်နှင့် လမ်းစဉ်တူညီသော အဖွဲ့အစည်းများအကြားတွင် ညီညွတ်ရေးတည်ဆောက်ပြီးမှ တော်လှန်ရေး ဆင်နွှဲရန် ကြိုးပမ်းခြင်းထက် ဘုံရန်သူကို ၀ိုင်းဝန်းချေမှုန်းသည့် တိုက်ပွဲကြားတွင် ညီညွတ်ရေး တည်ဆောက်ရန် ကြိုးပမ်းခြင်းက ပိုမိုထိရောက်မည်ဖြစ်သည်။ မိတ်ဆွေစစ်ကို အခက်အခဲကြားတွင်သာ တွေ့နိုင်ပါသည်။ တိုက်ပွဲမရှိပဲ တည်ဆောက်ထားသော ညီညွတ်ရေးသည် တိုက်ပွဲကြားတွင် ခိုင်ခံ့နေမည်ဟု မည်သူတပ်အပ် ပြောနိုင်ပါအံ့နည်း။
တော်လှန်ရေးအဖွဲ့အစည်းများအတွက် အခြားလိုအပ်ချက်တရပ်မှာ တော်လှန်ရေးမီဒီယာ ဖြစ်သည်။ အဆိုပါ တော်လှန်ရေးမီဒီယာသည် ရှင်းလင်းပြတ်သားသော တော်လှန်ရေးအမြင်နှင့် သဘောတရားများကို လူထုအကြားသို့ ပို့ဆောင်ပေးနိုင်မည့် မီဒီယာဖြစ်ရမည်။ လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းကူးပေးနိုင်မည့် မီဒီယာ ဖြစ်ရန် လိုအပ်သည်။ အချို့က မီဒီယာသည် ဘက်မလိုက်ရ ဟု ဆိုကြသည်။ တော်လှန်ရေးအလားအလာ၊ အခြေအနေများ မရှိပဲ လူထုနှင့် အစိုးရ တသားတည်းကျနေသော နိုင်ငံများအတွက်တော့ ဤအဆိုမှာ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်၊ သဘောတရားအရ မှန်ကန်လှပါသည်။ သို့ရာတွင် လူထုက အဖိနှိပ်ခံ၊ အစိုးရက ဖိနှိပ်သူ ဖြစ်နေရသည့် နိုင်ငံများအတွက်တော့ ဤအဆိုမှာ ရေနစ်သူ၊ ၀ါးကူထိုးသကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်၏ မီဒီယာကို ဖိနှိပ်သူ အစိုးရက ထိန်းချုပ်ထားချိန်တွင် အဖိနှိပ်ခံပြည်သူတို့ဘက်မှ ဘက်လိုက်ရပ်တည်သော၊ တော်လှန်ရေးအင်အားစုများဘက်မှ ဘက်လိုက် ရပ်တည်သော တော်လှန်ရေးမီဒီယာများ မရှိပါက ပြည်သူ့အသံကို မည်သူက ကိုယ်စားပြုမည်နည်း။
အထက်ပါလိုအပ်ချက်များအပြင် အရေးကြီးသော လိုအပ်ချက်တရပ်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ပါသည်။ လူထုလှုပ်ရှားမှုများ အရှိန်မြင့်နေချိန်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်တိုက်ပွဲဝင်ခြင်း မရှိပါက လူထုလှုပ်ရှားမှုများသည် အာဏာရှင်တို့၏ ပစ်မှတ်အလယ်ဗဟို တည့်တည့်သို့ ရောက်သွားတတ်သည်။ ထိုပစ်မှတ်များ ပျံ့ကျဲလာစေရန် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်ဖြည့်ဆည်း ပေးရမည်ဖြစ်သည်။ အာဏာရှင်တို့က လာတိုက်မှသာ ခုခံကာကွယ်ရေးကို ဆိုလိုခြင်းမဟုတ်။ လူထုတိုက်ပွဲ အရှိန်တက်နေချိန်တွင် ထိုးစစ်များဆင်နွှဲ၍ အားဖြည့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဓိကရည်မှန်းချက်မှာ စစ်ရေးအရ အောင်ပွဲမဟုတ်။ တော်လှန်ရေးအရှိန်မြှင့်တင်ရေးဖြစ်သည်။
လူထုထောက်ခံအားပေးမှု
တော်လှန်ရေးတရပ်တွင် လိုအပ်ချက် အများအပြားရှိသည် မှန်သော်လည်း၊ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးသည်မှာ လူထုပင် ဖြစ်သည်။ လူထုထောက်ခံအားပေးမှု မရှိသော၊ လူထုနှင့် ကွင်းဆက်ပြတ်နေသော မည်သည့်တော်လှန်ရေးမဆို ကျဆုံးရေးသို့ ဦးတည်ပေလိမ့်မည်။ ခေါင်းဆောင်များနှင့် စည်းရုံး လှုံ့ဆော်သူ များသည် လူထု၏ ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးရာ၊ စီးပွားရေးရာ လိုအပ်ချက်များကို အာရုံစိုက်ရန် လိုအပ်သည်။ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများနှင့် လူထုက တသားတည်း ဟန်ချက်ညီမှသာ တော်လှန်ရေး အောင်မြင်ပေလိမ့်မည်။
တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု တရပ်လုံးတွင် clear vision of revolution မရှိလာသည့် ကာလတလျှောက်လုံး မည်သို့သော တော်လှန်ရေးမှ အောင်မြင်မည်မဟုတ်။ ဤ အချက်ကို အင်အားစုများ သတိပြုရန်လိုသည်။ တော်လှန်ရမည်ပြောလိုက်၊ တောင်းဆိုရမည်ပြောလိုက်၊ တိုက်ရမည် ပြောလိုက်၊ ခေါင်းငုံ့ခံ၍ အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ပြောလိုက်နှင့် အတွေးအခေါ်များ ရှုပ်ထွေးနေသော တော်လှန်ရေးတရပ်တွင် မည်သို့သော လူထုက အပြည့်အ၀ ထောက်ခံအားပေးမှုနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု (Full support and collaboration) ကို ပေးမည်နည်း။
တော်လှန်ရေးစစ်မျက်နှာများ
ဆဲလ်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် central core မှာ nucleus ဖြစ်ပြီး၊ cytoplasm region တွင် nucleus ကို ၀န်းရံထားသော segments များ ရှိပါသည်။ တော်လှန်ရေး စစ်မျက်နှာများတွင် nucleus မှာ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ဖြစ်ပြီး၊ ပြင်ပ segments များတွင် အတွေးအခေါ်စစ်မျက်နှာ၊ လူမှု-စီးပွား စစ်မျက်နှာ၊ စစ်ရေး စစ်မျက်နှာနှင့် နိုင်ငံတကာ စစ်မျက်နှာများ ပါဝင်ပါသည်။ အဆိုပါ စစ်မျက်နှာများတွင် လူ၏ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများ၊ ယုံကြည်ချက်များ၊ ခံယူချက်များနှင့် သက်ဆိုင်သော အတွေးအခေါ် စစ်မျက်နှာသည် တော်လှန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။
လူမှု-စီးပွား စစ်မျက်နှာမှာ လူ၏ နှလုံးသားနှင့် သက်ဆိုင်သည်ဖြစ်ရာ နိုင်ငံရေးစစ်မျက်နှာမှတဆင့် အတွေးအခေါ်စစ်မျက်နှာနှင့် လူမှု-စီးပွားစစ်မျက်နှာများကို အသုံးပြု၍ တော်လှန်ရေးလှုပ်ရှားမှုများသို့ ဦးတည်ရမည် ဖြစ်သည်။ စစ်ရေး စစ်မျက်နှာမှာ အဆုံးသတ်စစ်ရေးအောင်ပွဲကို ဦးတည်နိုင်ခြင်း မရှိစေကာမူ အခြားသော စစ်မျက်နှာများကို ပံ့ပိုးရန်အတွက် မဖြစ်မနေ ရှိသင့်သည့် စစ်မျက်နှာဖြစ်သည်။ နိုင်ငံတကာ စစ်မျက်နှာမှာ အာဏာရှင်အစိုးရနှင့် အာဏာရှင်ရုတ်သေးအစိုးရများကို ပြင်ပမှ ဖိအားပေးရန် ဖြစ်သည်။ အဆိုပါ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါမည်။
နိဂုံး
တော်လှန်ရေးအလားအလာများ တည်ရှိပါက တော်လှန်ရေးအခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးအခြေအနေများက တောင်းဆိုနေချိန်တွင်လည်း တော်လှန်ရေး ဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။ တော်လှန်ရေးနှင့် လူထုတသားတည်း ဖြစ်စေရန်လည်း လိုအပ်သကဲ့သို့ စစ်မျက်နှာ အားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက်တိုက်ပွဲဝင်နိုင်မှုမှာလဲ ပြည်သူ့တော်လှန်ရေးအတွက် အရေးပါလှပါကြောင်း တင်ပြအပ် ပါသည်။
ခင်မမမျိုး (၃၊ ၃၊ ၂၀၁၁)
www.khinmamamyo.blogspot.com မှ

Subscribe to:
Posts (Atom)