Thursday, December 30, 2010
မလွတ်မလပ် လွတ်လပ်ရေး
ထိန်လင်း
 မကြာခင် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တစ်ခု ကြုံရပြန်ဦးမည်။
 ကျနော်တို့တိုင်းပြည်မှာ လွတ်လပ်ရေးနေ့ ဆိုတာတွေကို ကြုံခဲ့ရတဲ့နှစ်ပေါင်းက ၆ဝ ကျော်ရှိပေမယ့် တကယ်လွတ်လပ်ရေးရတယ်ဆိုတာက ၁၉၄၈ ခုနှစ် ပထမဆုံးနှစ်လောက်ပဲ ရှိတယ်လို့ တွေးမိပါတယ်။ ဘာကြောင့် ဒီလိုပြောရတယ်ဆိုတာ ကျနော့်မှာ သက်သေပြစရာ ရှိပါတယ်။
 ကြည့်လိုက်ပါ။ မြန်မာပြည် လွတ်လပ်ရေးရတာ ၆၃ နှစ် ပြည့်တဲ့အချိန်မှာ တိုင်းပြည်က ဖွံ့ဖြိုးမှုအနည်းဆုံး၊ ကျန်းမာရေးစောင့်ရှောက်မှု အညံ့ဆုံး၊ အကျင့်ပျက်ခြစားမှု အကြီးမားဆုံး စတဲ့ ကမBာ့အဆိုးဝါးဆုံး စံနှုန်းသတ်မှတ်ချက်တွေထဲမှာ ရောက်ရှိနေပါပြီ။ ကမBာ့အဆိုးဆုံး အာဏာရှင်တိုင်းပြည်တွေထဲမှာ မြန်မာပြည် ထိပ်ဆုံးက ပါနေတာ၊ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်က အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတာ၊ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ မြန်မာပြည်က ထွက်ပြေးနေရတာ၊ သိန်းနဲ့ချီတဲ့ ပြည်သူတွေက အတိတ်မှာ ကိုယ့်တိုင်းပြည်ထက်နိမ့်ကျဆင်းရဲတဲ့ နိုင်ငံတွေဆီထွက်ပြီး အလုပ် လုပ်ကိုင်နေရတာ၊ ကျောင်းနေရမယ့် ကလေးသူငယ်တွေက စာသင်ခန်းပြင်ပမှာထွက်ပြီး မိသားစုအတွက် ဝမ်းကျောင်းနေရတာ စတဲ့အချက်တွေက ပိုပြီး ထင်သာမြင်သာဖြစ်တဲ့အရာတွေ ဖြစ်နေပါတယ်။
 အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သား စုဆောင်းခြင်း၊ မြေမြ‡ုပ်မိုင်းပြဿနာ ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတာ စတဲ့ လက်ရှိမှာရော အနာဂတ်မှာပါ တိုင်းပြည်ကိုထိခိုက်စေမယ့် ကိစ္စရပ်တွေကလည်း အများကြီး။
 နှစ်စဉ်နှစ်တိုင်း အင်္ဂလိပ်နှစ်သစ် ကူးပြီဆိုတာနဲ့ ‘ဟက်ပီးနယူးယီးယား’ လို့ အော်ဖို့သူတွေရော၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ကို စောင့်စားနေသူတွေပါ မြန်မာပြည်အနှံ့မှာ ရှိနေပါတယ်။ အနောက်တိုင်းပြက္ခဒိန်ရဲ့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အစဉ်အလာ တဖြည်းဖြည်းကျယ်ပြန့်လာတာ ဘာကြောင့်လဲလို့ စိတ်ဝင်စားသူတွေလည်း ရှိနေပါတယ်။ ဖြတ်ကျော်ခဲ့ရတဲ့ နှစ်ဟောင်းတွေက စိတ်ချမ်းသာစရာ၊ ကျေနပ်စရာ နည်းပါးနေလို့ လာမယ့်နှစ်သစ်မှာ ကောင်းမွန်ပါစေကြောင်း မျှော်လင့်ကြိုဆိုကြတာပဲဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
 တကယ်တမ်း တိုင်းပြည်ရဲ့ ခေတ်အခြေအနေ ကောင်းမွန်ငြိမ်းချမ်းမယ်ဆိုရင် နှစ်သစ်ကူးအခါသမယက ကျနော်တို့တိုင်းပြည်အတွက် အင်မတန် မင်္ဂလာ ကြက်သရေရှိမှာ ဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့နဲ့ လွတ်လပ်ရေးနေ့က ဆက်တိုက်ဆိုသလိုဖြစ်တော့ လွတ်လပ်ခြင်းနဲ့ မျှော်လင့်ပျော်ရွှင်ခြင်းတွေက တပြိုင်တည်းခံစားရသလို ဖြစ်မှာပါ။ အခုတော့ အဲဒါတွေက စိတ်ကူးအိပ်မက်တွေထဲမှာပဲ ရှိနိုင်မယ်ထင်ပါရဲ့။
 တကယ်တော့ လွတ်လပ်ရေးနေ့ရဲ့ အနှစ်သာရဟာ သက်ဆိုင်ရာတိုင်းပြည်မှာ မှီတင်းနေထိုင်သူအပေါင်းနဲ့ သက်ဆိုင်သလို၊ ရရှိတဲ့ အကျိုးစီးပွားဆိုတာတွေကလည်း အားလုံးအတွက် ဖြစ်ရပါမယ်။ ကောင်းကျိုးကောင်းမွေ ခံစားရရင်လည်း အတူတူ၊ ဆိုးမွေကို ခံစားရမယ်ဆိုရင်လည်း အတူတူ မျှဝေခံစားရဖို့ လိုပါတယ်။ တချို့တွေ ကောင်းစားဖို့ တချို့က (ဒါမှမဟုတ်) အများက ဆိုးဝါးတဲ့အတိဒုက္ခ ခံစားနေရမယ်ဆိုရင် မတရားပါဘူး။ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ အကျိုးစီးပွား အားလုံး သာတူညီမျှဖြစ်ဖို့လိုပါတယ်။ လွတ်လပ်ရေးဆိုတာကလည်း ပြည်သူအားလုံး တကယ်တမ်း လွတ်လပ်မှ လွတ်လပ်ရေးရတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မူလ လွတ်လပ်ရေးရရှိစဉ်က အဓိပ္ပာယ်သတ်မှတ်ချက်၊ အနှစ်သာရတွေကို ပြန်လည်ရှာဖွေကြည့်မိပါတယ်။
 မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ ဘယ်သူတွေအတွက် ဖြစ်တယ်ဆိုတာကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ကြေညာခဲ့တဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ
 “ငါတို့သည် တစ်မျိုး တစ်ဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမBာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ေºကွ နေထိုင်ကြရာ မြန်မာနိုင်ငံတော် တဝှန်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး ဤကြိုးသုံးပါးဖြင့် ကမBာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။”
 လို့ အတိအလင်း ဖော်ပြထားပါတယ်။ ဒီအချက်တွေနဲ့ ဒီကနေ့မြင်တွေ့နေရတဲ့ အနေအထားကို ယှဉ်တွဲသုံးသပ်ကြည့်မယ်ဆိုရင်တော့ လွတ်လပ်ရေးရဲ့ အနှစ်သာရ ဘယ်ရွေ့ဘယ်မျှ ကျန်နေသေးတယ်ဆိုတာ မှန်းဆနိုင်မှာဖြစ်ပါတယ်။
 တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ သယံဇာတ စတဲ့ အမွေအနှစ်တွေကရော ဘယ်သူတွေအတွက် ဖြစ်ပါသလဲ။ ဒါကို လွတ်လပ်ရေးကြေညာစာတမ်းမှာ အခုလို အတိအလင်း ဖော်ပြထားပါတယ်။
 “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမBာဦးကာလ လူတို့၏ ပထမ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှန်း၏ အကျိုးကို ကောင်းစွာရွက်ဆောင်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြေ‡ာက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေသေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမBာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။”
 ဒီလိုဖော်ပြထားတဲ့အပြင် “ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမBာ့ လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့်ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်” လို့လည်း အုပ်စိုးသူတွေ အုပ်ချုပ်ရမယ့် အခြေခံကျင့်ဝတ်ကို ဖော်ပြထားပါတယ်။
 လွတ်လပ်ရေးရလို့ ၆၃ နှစ် ကြာမြင့်တဲ့ ယနေ့ကာလမှာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှု၊ တစ်ဦးချင်းရရှိတဲ့ လုပ်ပိုင်ခွင့် အခွင့်အရေး၊ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်၊ အုပ်စိုးသူတွေရဲ့ အုပ်ချုပ်ပုံ၊ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး စတဲ့ မဏ္ဍိုင်တွေမှာ လွတ်လပ်မျှတမှု အတိုင်းအတာ၊ အုပ်ချုပ်သူနဲ့ လူထုရဲ့ အပြန်အလှန်ထိန်းချုပ်နိုင်မှု စသဖြင့် အချက်ပေါင်းများစွာကို ဝေဖန်ဆန်းစစ်ရင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ရရှိခဲ့တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရ ဘယ်လောက်ကျန်သေးသလဲ၊ ဘယ်လောက် ပြည့်စုံသလဲ၊ ဘာတွေမှားယွင်းနေသလဲဆိုတာ သုံးသပ်ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးက ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်သလို မလွတ်မြောက်သေးတဲ့ တိုင်းပြည်ကို လွတ်မြောက်အောင်ကြိုးပမ်းဖို့ကလည်း ပြည်သူတရပ်လုံးရဲ့ တာဝန်ဖြစ်ပါတယ်။
 လွတ်လပ်ရေးကြေညာစာတမ်း ဆိုတာ သက်ဆိုင်ရာတိုင်းပြည်ရဲ့ မူဝါဒ နဲ့ အခြေခံပြဋ္ဌာန်းချက်များ ဖြစ်ပါတယ်။ ဒီကြေညာစာတမ်းပါ အချက်အလက်တွေနဲ့ မညီညွတ်တဲ့ ကာလပတ်လုံး တိုင်းပြည်ရဲ့လွတ်လပ်ရေးဟာ မလွတ်မလပ် လွတ်လပ်ရေးတွေသာ ဖြစ်နေမှာ မလွဲမသွေပါပဲ။ ။
ထိန်လင်း
၂၆၊ ၁၂၊ ၂ဝ၁ဝ
Wednesday, December 29, 2010
ဘိုဘိုကျော်ငြိမ်းသို့  ထပ်ဆင့်တုံ့ ပြန်ချက်
ဘိုဘိုကျော်ငြိမ်းက ဆရာကြီးလေသံနဲ့ ကျနော့်ကို စတင်ထိုးနှက်ရေးသားလာတဲ့အတွက်၊ ဘိုဘိုကျော်ငြိမ်းနဲ့ စကားမပြောချင်၊ အငြင်းအခုန် မလုပ်ချင်တဲ့ ကြားထဲကနေ၊ မလွှဲမကင်းသာ သင့်တင့်လျောက်ပတ်စွာနဲ့ပဲ ပထမဆုံး အကြိမ်အဖြစ် ‘ဘိုဘိုကျော်ငြိမ်းသို့ တုံ့ပြန်ချက်’ ကို ပြန်လည်ရေးသား ရှင်းလင်းပြခဲ့ပြီးပါပြီ၊၊ ဒါလောက်ဆိုရင် လုံလောက်ပြီလို့လဲ ဖေါ်ပြခဲ့ပါတယ်။ ဟိုလူနဲ့ ပြဿနာ ဖေါ်လိုက်၊ ဒီလူနဲ့ ပြဿနာ ဖန်တီးလိုက်- ဖြစ်နေတဲ့ ဘိုဘိုကျော်ငြိမ်းရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသား မြင်မိတွေ့မိနေလို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က ဘာလို့အောင်ပွဲခံနိုင်ခဲ့ကြသလဲ ဆိုတာကို ပြောသလိုလိုနဲ့ အဖေဖြစ်သူ ဦးကျော်ငြိမ်းကို အရောင်တင် ပေါလစ်တိုက်ပေးရင်း၊ ကျနော့်ကိုပါ လှမ်းပြီး ထိကပါး ရိကပါး ထိုးနှက်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီ သူ့ဆောင်းပါးကို ဖတ်မိလိုက်သူတွေလဲ သိလိုက်ကြမှာပါ။
ကျနော်က ယဉ်ကျေးစွာနဲ့ပဲ၊ ဦးပေါ်ဦး လျှောက်ထုံးထဲကလို - ကျွန်းကို ပါစေချင်တဲ့ ဦးပေါ်ဦးက ‘ပိတောက်လဲ ကောင်းပါတယ် - ကျွန်းလဲ ကောင်းပါတယ်’၊ ‘ပျဉ်းကတိုးလဲ ကောင်းပါတယ် - ကျွန်းလဲ ကောင်းပါတယ်’ လို့ချည်း လျှောက်တင်နေတာကို အမှတ်ရချင်စရာပဲလို့ ပြောခဲ့ပါတယ်၊၊ တကယ်က ‘ဗိုလ်ချုပ်အောင်ဆန်း တော်ပါတယ် - ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’၊ ‘ဦးနုကြီးတို့ ဦးရာရှစ်တို့လဲ တော်ပါတယ် - ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’ လို့ ပြောချင်နေတာကို အယဉ်ကျေးဆုံး ပမာခိုင်းပြီး ပြောခဲ့ပါတယ်။ ဘိုဘိုကျော်ငြိမ်း ဖေါ်ထုတ်ပြောဆိုလာတဲ့၊ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက် ၃ ချက်ကိုလဲ ကျနော့်ဘက်က ပြန်လည်ရှင်းလင်းပြခဲ့ပါတယ်။
ဟော အခုတခါ - ဘိုဘိုကျော်ငြိမ်းက ထပ်လုပ်လာပြန်ပါတယ်။ ကျနော့်ရဲ့ တုံ့ပြန်ချက်အပြီး တပတ်အကြာမှာပဲ၊ မဇ္ဈိမထဲမှာပဲ - ‘ဦးကျော်ငြိမ်းနှင့် တိုင်း ၆ ’ - တဲ့။
ရွှေမန်းတင်မောင်ရဲ့ ပြဇာတ်၊ ဓာတ်ပြားတောင် သွင်းထားပြီး ကျနော်တို့ တောသူတောင်သား ကျေးလက်နေ ပြည်သူလူထု အများစုကြီးကြားမှာ နားရည်ကို တော်တော်ဝနေရတဲ့ ဇာတ်လမ်း၊ ‘ရွဲကုန်သည် ဇာတ်’ ကို သတိရချင်စရာလို့ပဲ ပြောရဦးမှာပါပဲ။ မတော်လောဘကြီးလှတဲ့ ‘ရွဲ ကုန်သည်’ ရဲ့  “မပေး ပေးပေး - ငါ့ရွှေခွက်ပေး၊ မပေးပေးပေး - ငါ့ရွှေခွက်ပေး ” ဆိုပြီး၊ ဟစ် ဟစ် ပြီး ငိုလိုက်ဆိုလိုက် တောင်းဆိုလိုက်တဲ့ အသံကို ကြားဖူးကြမှာပါ။ အခုလဲ - ‘မပေး ပေးပေး - ငါ့ရွှေခွက်ပေး၊ မပေးပေးပေး- ငါ့ရွှေခွက်ပေး’ ဆိုသလို၊ ‘ မသွား သွားသွား - တိုင်း ၆ နိုင်ငံရေးမှူး’၊ ‘ မသွား သွားသွား - တိုင်း ၆ နိုင်ငံရေးမှူး’ လို့ချည်း အတင်းကို ပြောဆိုနေတော့တာပါပဲ။
ဘိုဘိုကျော်ငြိမ်းက ‘အချက်အလက် - အချက်အလက်’ ဆိုတာကို တွင်တွင်ပြောပြီး၊ ဖက်ဆစ်တော်လှန်ရေးမှာ ဦးကျော်ငြိမ်းက တိုင်း ၆ နိုင်ငံရေးမှူးဆိုတာကို အရှင်ရရ အသေရရ ကျားပိန်တွယ် တွယ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ပြောနေတဲ့ အချက်အလက် (facts) ဆိုတာက အစည်းအဝေးမှာ တိုင်းတာဝန်တွေ ခွဲကြစဉ်က သဘောတူစာရင်းပါ အချက်အလက်ကိုပဲ အချက်အလက်လို့ ပြောနေတာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ -ကျနော်ကလဲ အချက်အလက်နဲ့ပဲ အတိုချုပ်အဖြစ်နဲ့ ရေးပါတယ်။ ကျနော်ရေးတဲ့ အချက်အလက်က အဖြစ်မှန် အချက်အလက် (တကယ့် အမှန်တကယ် လက်တွေ့အချက်အလက်) နဲ့ပဲ သမိုင်းမှန်အဖြစ် ရေးပါတယ်။ ဦးကျော်ငြိမ်းဟာ ဘယ်တိုင်းမှကို သွားခြင်း မရှိတဲ့အတွက် ဘယ်တိုင်းရဲ့ နိုင်ငံရေးမှူးအဖြစ်နဲ့မှ မဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ တကယ့်သမိုင်းမှန် လက်တွေ့အချက်အလက် ဖြစ်ပါတယ်။
လက်တွေ့အရ - တိုင်း ၆ နိုင်ငံရေးမှူးအဖြစ်က ဦးကျော်ငြိမ်း မသွားတဲ့အတွက်၊ တိုင်း ၆ နိုင်ငံရေးမှူးအဖြစ် ဖြစ်သွားရတာက - သခင်တင်ထွန်း (ကွန်မြူနစ်) ဖြစ်သွားရပါတယ်။ ဒါဖြင့် - ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းကို ဘာလို့ ရန်ကုန်တာဝန်ခံလို့ ရေးရတာလဲ။ ဗိုလ်ချုပ်ကျော်ဇောကလဲ ပြောင်းပြီး ရေးခဲ့တာ မဟုတ်ပါ။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ရေးသားချက်တွေကို အလေးထားပြီး ကိုးကားရေးသားခဲ့တဲ့ ကျနော်(ဝင်းတင့်ထွန်း)ကလဲ မလိုတမာ ပြောင်းပြီး ရေးခဲ့တာ မဟုတ်ပါ။ ဗိုလ်ချုပ်ကျော်ဇောက သူ့ရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ စာမျက်နှာ ၈ဝ မှာ - မှတ်ချက် ၂ ဆိုတာမှာ ရေးထားတာက “တိုင်း ၆ တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ သို့ မပို့တော့ဘဲ ရန်ကုန်တွင် ကိုဗဆွေနဲ့ တွဲဖက်တာဝန်ပေးသည်” လို့ ရေးပါတယ်။
အဲဒါကို (သခင်တင်မြ၏ တိုင်းကြီး ၁ဝ တိုင်း၊ နှာ ၄၄) လို့လဲ ဖေါ်ပြပါတယ်။ အဲဒီတော့ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းကို အင်မတန်မှ ဖတ်ထားသယောင် ပြောဆိုနေတဲ့ ဘိုဘိုကျော်ငြိမ်းပဲ ပြန်ရှာ ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကျနော်ကတော့ ကျနော့်စာအုပ် ပြုစုရေးသားစဉ်က အဲဒီစာအုပ်ကို ကိုးကားခဲ့ခြင်း မရှိတော့၊ ရိုးရိုးသားသားပဲ အဲဒီသခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းကို မကိုးကားခဲ့ပါလို့ ပြောခဲ့ပါတယ်၊၊ ကျနော့်ရဲ့ ကိုးကားစာအုပ်စာရင်းမှာလဲ ထည့်ထားခြင်း မရှိခဲ့ပါ၊၊ မကိုးကားခဲ့တာကို မကိုးကားခဲ့ဘူး - ပြောတာဟာ ဘိုဘိုကျော်ငြိမ်း ဆွဲချပြော ကောက်ချက်ချသလို - ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ခဲ့တာလဲ မဟုတ်ပါ။ ကျနော် သခင်တင်မြကို နိုင်ငံရေးအရ မကြိုက်ပေမယ့်၊ သခင်တင်မြ ရေးတာတွေကိုလဲ၊ ကျနော် အဆင်ပြေသလို ဖတ်တာ ရှိပါတယ်။ ဘိုဘိုကျော်ငြိမ်းပဲ အတွင်းသိဖြစ်လို့ သခင်တင်မြရဲ့ စာအုပ်ကို ဖတ်ရမယ်လို့ ပြောနေတော့၊ ဖတ်ကြည့်လိုက်ပါဦး။
ဗိုလ်ချုပ်ကျော်ဇောရဲ့ မှတ်ချက် ၂ ဆိုတာဟာလဲ၊ အဲဒီသခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းထဲက အောက်ခြေမှတ်စု ၂ နဲ့ အတူတူပါပဲ။ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်း အောက်ခြေမှတ်စု ၂ မှာက - ‘တိုင်း ၆ တွင် တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ သို့ မပို့တော့ဘဲ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ တိုင်း ၆ နိုင်ငံရေးမှူးအဖြစ် သခင်တင်ထွန်း (ယခု တောခိုကွန်မြူနစ်) ကို တာဝန်ပေးသည်။ (စာရေးသူ) - တဲ့။ အဲဒါ - သခင်တင်မြရဲ့ “ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း” စာအုပ် စာမျက်နှာ ၆၂ မှာ ရေးထားတာ တွေ့ရပါတယ်။ ကျနော့်ဆီက စာအုပ်ကတော့ - ကျုံပျော်စာအုပ်တိုက်က ထုတ်တဲ့၊ ‘၂၃ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက်’ ဆိုပြီး ထုတ်တဲ့ ၁၉၆၈၊ ဇူလိုင် - သြဂုတ်လ ဒုတိယအကြိမ် အုပ်ရေ ၃ဝဝဝ ထုတ် စာအုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ယူတာက ဘယ်အကြိမ်ထုတ်လဲ မသိပါ။ ဒါကြောင့် - အဲဒီအချက်ပါ စာမျက်နှာနံပါတ်တော့ ကွဲနေတာ တွေ့ရပါမယ်။ အဲဒီမှာ - (ဦးဗဆွေက ရန်ကုန်တာဝန်ခံအဖြစ် ဆောင်ရွက်ရန်) လို့ ဖေါ်ပြထားလေတော့၊ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေးလိုက်တဲ့ ဦးကျော်ငြိမ်းကို - ကျနော်က ‘ရန်ကုန်တာဝန်ခံ’ လို့ ဖေါ်ပြကာ ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်’ လို့ ရေးတာဟာ ဘယ်မှာ မှားပါသလဲ၊ ဦးဗဆွေက ရန်ကုန်တာဝန်ခံ - ဦးကျော်ငြိမ်းက ရန်ကုန်တွဲဖက်တာဝန်ခံလို့ ဖေါ်ပြပေးရမှာလား။ ကျနော် မလိုတမာစိတ်နဲ့ ရေးသားခဲ့တာ မဟုတ်ဘဲ၊ သမိုင်းအမှန်အတိုင်း - သမိုင်း လက်တွေ့အချက်အလက် အစစ်အမှန်အတိုင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
သမိုင်းကို ရေးကြတဲ့အခါမှာ စာရင်းပါ အထောက်အထားထက်၊ လက်တွေ့ အစစ်အမှန် အထောက်အထားကိုပါ ကြည့်ရှုပြီး စိစစ်ဝေဖန်မှုပါပါ အမြင်နဲ့ ရေးသားနိုင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ - ဦးကျော်ငြိမ်းကိုယ်တိုင် ဝိဓူရသခင်ချစ်မောင်နဲ့ ပတ်သက်ပြီး ဟောဒီလို ရေးသားခဲ့တာတောင် ရှိတယ်မဟုတ်လား။
“(အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ) အတ္တုပ္ပတ္တိစာအုပ် စာမျက်နှာ ၃၁၄ တွင် ထိုခေတ် သာယာဝတီခရိုင် မြေအောက် တော်လှန်ရေးအဖွဲ့တွင် ခေါင်းဆောင်တဦးဖြစ်သည်ဟု ဝိဓူရသခင်ချစ်မောင်က ရေးသားထားသော်လည်း၊ ထိုတော်လှန်ရေးအချိန်၌ သူ့ကို မတွေ့ရပါ။ သူပါသည်ဟုလည်း မကြားဖူးပါ။ ဗိုလ်ချုပ်နေဝင်း အသိဖြစ်သည်။ (ဤအချက်ကို ဖေါ်ပြသည်မှာ သမိုင်းမှန်အတိုင်း ဖြစ်စေလို၍ ဖြစ်သည်။ အာဃာတ ရှိ၍ မဟုတ်ပါ။) တဲ့။ အဲဒါ ဦးကျော်ငြိမ်းက ဦးကျော်ငြိမ်းရဲ့ ‘(၁၉၃၆ - ၁၉၄၅) မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ စာမျက်နှာ ၈ မှာ ရေးသားထားချက် ဖြစ်ပါတယ်။ ဝိဓူရသခင်ချစ်မောင်ဟာ သခင်မြခေါင်းဆောင်တဲ့ ဗဟိုမြေအောက် တော်လှန်ရေးအဖွဲ့ကနေ မြေအောက် တော်လှန်ရေးအဖွဲ့ခွဲတွေအဖြစ် ခရိုင် ၂ဝ အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ရာမှာ အမှတ် ၁ဝ ဖြစ်တဲ့ သာယာဝတီခရိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်စာရင်းမှာ အဖွဲ့ဝင်အဖြစ် ပါပါတယ်။
ဒါပေမဲ့ လက်တွေ့ ပါဝင်လှုပ်ရှားခဲ့တာ မတွေ့ရတဲ့အတွက်၊ ဦးကျော်ငြိမ်းက သမိုင်းမှန် ဖြစ်စေရေးအတွက် အထက်မှာ ဖေါ်ပြထားသလို အတိအလင်း ရေးသားထားတာ ရှိပါတယ်။ ဘိုဘိုကျော်ငြိမ်း သိမှာပါ။ အဲဒီတော့ - အခုလဲ ကျနော်က ဦးကျော်ငြိမ်းက စာရင်းမှာသာ ပါပေမယ့်၊ ဘယ်တိုင်းကိုမှ နိုင်ငံရေးမှူးအဖြစ် သွားရောက်ခဲ့ဖူးတာ လက်တွေ့အားဖြင့် မရှိတဲ့အတွက်၊ သမိုင်းဖြစ်ရပ်မှန်အတိုင်း ရေးသားခဲ့တာ ဘာမှ နာလိုခံခက်ဖြစ်စရာ မလိုပါဘူး။ ဒါဟာ သမိုင်းမှန်ပဲလေ။ ဘိုဘိုကျော်ငြိမ်းအနေနဲ့ ဓမ္မဓိဌာန်ကျကျ စဉ်းစားသုံးသပ် ပြောဆိုသင့်ပါတယ်။
ဘိုဘိုကျော်ငြိမ်းက “-- ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း ၁ တာဝန်ကို ဗိုလ်မောင်မောင်ကို လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်းလဲ တာဝန်ကျရာတိုင်းကို ရောက်မလာတော့ဘူး။ ဒါဆို ကိုဗဟိန်းရော သူရဲဘောနည်းတာလား -စသည် စသည်ဖြင့် တွေးမယ်၊ မေးမယ်၊ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့။’ လို့ သရော်တော်တော် ဖေါ်ပြထားရင်း၊ ဦးကျော်ငြိမ်း - တာဝန်ကျတိုင်း ၆ ကို မသွားတာနဲ့ သခင်ဗဟိန်း - တာဝန်ကျ တိုင်း ၁ မသွားခဲ့တာကို အတူတူပါပဲ သဘောမျိုး၊ ညီမျှခြင်းထိုး ပြထားတာလဲ မှတ်မှတ်ထင်ထင် တွေ့ရပါတယ်။ မသိသား ဆိုးဝါးလှချည်လား -ဘိုဘိုကျော်ငြိမ်း။ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်း တာဝန်ကျတိုင်းကို ရောက်အောင်မသွားခဲ့တာနဲ့ သခင်ဗဟိန်း -တိုင်း ၁ ကို မသွားခဲ့တာဟာ နိုင်ငံရေးသဘောအရရော လက်တွေ့ဖြစ်စဉ်အရပါ လုံးဝ လုံးဝကို မတူညီဘူး။ အဲဒီဟာကို ညီမျှခြင်း ထိုးပြဖို့ ကြိုးစားရင်၊ အတူတူပဲလို့ ထင်ရင်၊ လူရယ်စရာ ဖြစ်သွားလိမ့်မယ်။
သခင်ဗဟိန်း တိုင်း ၁ ကို မသွားတော့တာက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောင်းလဲပေးလိုက်တာ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လဲ အခြေအနေအရ တိုင်း ၁ ကို မသွားတော့ဘဲ၊ စစ်ဦးစီးချုပ်ရုံးကို ကွပ်ကဲပြီး၊ တိုင်း ၇ နယ်မြေထဲမှာ အခြေစိုက်ရင်း တိုင်းအသီးသီးရဲ့ တိုက်ပွဲတွေကို ရှေ့ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ ဖြူးမြို့နယ်ထဲကို အစောကြီးကတည်းက ရောက်နေတဲ့ သခင်ဗဟိန်းကိုလဲ ရန်ကုန်ကို လာရန်မလိုတော့ဘဲ ဖြူးမှာပဲ ဆက်လက်နေထိုင်ပြီး၊ တောင်ငူခရိုင်ထဲက ‘ရဲခေါင်ပြောက်ကျား’ တွေကို ဦးစီးသွားစေဖို့ ပြောင်းလဲတာဝန်ပေးလိုက်တာ ဖြစ်တယ်။ အချက်အလက် အထောက်အထားတွေကို သိချင်တယ်ဆိုရင်တော့ ‘ရဲဘော်မြ’ ရဲ့ ‘ဖက်ဆစ်တော်လှန်ရေး ပြည်သူ့ရဲခေါင် ပြောက်ကျား’ ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၃၅ ထဲမှာလဲ ရှိပါတယ်။ မယုံရင် ဘိုဘိုကျော်ငြိမ်း ဘာသာ ရှာဖတ်နိုင်ပါတယ်။ စာတွေကို အပိုဒ်လိုက် ချရေးပြနေရရင် မပြီးနိုင် မစီးနိုင် ဖြစ်နေမှာ စိုးလို့။
သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေးမစခင် အစောကြီး (၁၉၄၄ သြဂုတ်) ကတည်းက၊ ပဲခူးစံပြတပ်ရင်းက ဗိုလ်ချုပ်ကျော်ဇောရဲ့ အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ၃ ဦးတည်းပဲ ဘယ်သူမှ မသိအောင် လျှို့ဝှက်တွေ့ဆုံကြပြီး နောက်ပိုင်းကတည်းက အဲဒီ ဖြူးဒေသထဲသွားပြီး ပြောက်ကျားစစ်အတွက် အစီအစဉ်ရှိရှိ တာဝန်ယူ ပြင်ဆင်နေခဲ့တာ ဖြစ်တယ်။ သွားလိုက် ပြန်လိုက်နဲ့ လျှို့ဝှက်စည်းရုံးရေးတွေလုပ်၊ သင်တန်းတွေပေး၊ ပြောက်ကျားစစ် နည်းသစ်တွေကို ရေးသားပြုစုပြင်ဆင်ပေးနဲ့ အခြေခံစခန်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်တည်ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်။ ပြောရရင် အစောကြီးကတည်းက သခင်ဗဟိန်းရဲ့ အခြေခံစခန်းဟာ ဖြူးနယ်ထဲမှာ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ တည်ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်။
ဒါကို အဓိကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့လောက်ပဲ လူအနည်းစုလောက်ပဲ သိထားကြတယ်။ တရုံး တဌာနတည်း အတူတူနေနေတဲ့ သခင်နု (ဦးနု) တောင် မသိသလို၊ ဦးကျော်ငြိမ်းလဲ မသိပါဘူး။ ဒါကြောင့်လဲ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခါနီးအချိန် နီးနေပြီဖြစ်တဲ့အခါမှာ ဖြူးမှာ ရောက်နေတဲ့ သခင်ဗဟိန်းကို ရန်ကုန်ကို တက်မလာစေတော့ဘဲ၊ ဖြူးနယ်ထဲမှာနေဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အစီအစဉ်တွေကို ပြောင်းလဲသတ်မှတ်ပေးခဲ့တာ ဖြစ်တယ်။ ဒါ့ကြောင့် မသွားတာ ဖြစ်တယ်။
တကယ် ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲကြပြီ ဆိုတော့လဲ သခင်ဗဟိန်းဟာ ကိုယ်တိုင် ကာဘိုင်လွယ်ပြီး၊ လက်တွေ့ စစ်မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်ခဲ့သူမျိုး ဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့ ဘာမှမဆိုင်ဘူး၊ မတူဘူး။ ဖက်ဆစ်တော်လှန်ရေး အတွင်းမှာ သခင်ဗဟိန်း ခေါင်းဆောင်တဲ့ တောင်ငူခရိုင်အတွင်းက ရဲခေါင် ပြောက်ကျားတွေရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပြခဲ့ကြတဲ့ တိုက်စွမ်းအားဟာလဲ ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင်၊ ကြိုက်တဲ့ စစ်တိုင်းတွေနဲ့ ယှဉ်ကြည့်လိုက် -ထိပ်တန်းက ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
သြဂုတ်လ ၁၄ ရက်နေ့အထိ တိုက်ပွဲစာရင်းချုပ်အရ - ရန်သူ ဖက်ဆစ်ဂျပန်ပေါင်း ၇၁၅၉ ယောက် ကျဆုံးစေခဲ့ပြီး၊ ရန်သူဒဏ်ရာရ ၂၇၇၃ ယောက်၊ သုံ့ပန်းအဖြစ်နဲ့က ၅၃၈ ယောက်တောင် ရှိခဲ့တယ်။ ဖက်ဆစ်ရန်သူ ၅၃၈ ယောက်အထိ သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာဟာ အင်မတန်ကို ထူးခြားတဲ့ တိုက်စွမ်းရည်ပါပဲ။ တခြားလူမျိုးတွေနဲ့ စစ်တိုက်ရတဲ့အခါ သုံ့ပန်းအဖြစ် ရဖို့ လွယ်ပေမယ့် ဂျပန်ကို သုံ့ပန်းရဖို့ဆိုတာ မလွယ်ဘူး။ ဒီအချက်ကို မဟာမိတ်တွေ ကိုယ်တိုင်ကတောင် အသိအမှတ်ပြုကြတယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖေါ်ထုတ်ပြောဆိုခဲ့ရတယ်။ ဒီအချက်တွေဟာ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းစာအုပ် စာမျက်နှာ ၂၆၈ မှာလဲ ပါသလို၊  ‘ဖက်ဆစ်တော်လှန်ရေး ရဲခေါင်ပြောက်ကျား’ ဆိုတဲ့ စာအုပ် စာမျက်နှာ ၃၃၆ မှာလဲ ပါပါတယ်။
အဲဒီ တောင်ငူ ရဲခေါင်ပြောက်ကျားတွေကို ဦးစီးပြီး ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့တာဟာ သခင်ဗဟိန်းနဲ့ သခင်သန်းဖေပါပဲ။ အဓိက နံပါတ်တစ် ခေါင်းဆောင်က သခင်ဗဟိန်းပါပဲ။ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဦးကျော်ငြိမ်း ဘာလုပ်နေခဲ့သလဲ။ လက်တွေ့အားဖြင့် ဘာလုပ်နေခဲ့သလဲ။ တိုင်း ၆ ကိုလဲ မသွားဘဲ ဘာတွေ လုပ်နေခဲ့သလဲ။ ဖက်ဆစ်တော်လှန်ရေးအတွက် မတ်လ ၂၅ ရက်နေ့လို့ ပထမ ရက်ချိန်းသတ်မှတ်ခဲ့ကြတယ်။ နောက် ဧပြီ ၂ ရက်နေ့လို့ သတ်မှတ်တယ်။ အဲဒီလို သတ်မှတ်ချက်အရ၊ မတ်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံဘုရားအနီး (ယခု - တော်လှန်ရေးပန်းခြံ) မှာ တပ်မတော်စစ်ရေးပြ အခမ်းအနားလုပ်ပြီး ‘ရန်သူကို အနိုင်တိုက်ကြ’ ဆိုတဲ့ စစ်ထွက်မိန့်ခွန်းတိုတို ပြောပြီး စစ်ထွက်အခမ်းအနားကို လုပ်လိုက်တယ်။ မတ်လ ၁၈ ရက်နေ့မှာ သခင်သန်းထွန်းက စစ်တရားဟောဖို့ဆိုတာ အကြောင်းပြပြီး သူစီစဉ်ပြင်ဆင်ထားတဲ့ လျှို့ဝှက်စခန်းရှိရာ ဖြူး-တောင်ငူဘက်ကို ထွက်သွားတယ်။ မတ်လ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးအတွက် ရန်ကုန်ကနေ ပြည်-ရွှေတောင်ဘက်ကို ထွက်သွားတယ်။ ဦးဗဆွေကတော့ ရန်ကုန်တာဝန်ခံမို့ ရန်ကုန်မှာပဲ ရှိနေတယ်။ ဦးဗဆွေ အဖမ်းမခံရသေးပါ။
အဲဒီအချိန်မှာ ကိုယ်တာဝန်ကျရာ စစ်တိုင်းစစ်နယ်မြေဒေသတွေကို နည်းလမ်းမျိုးစုံနဲ့ အသီးသီး ထွက်သွားနေကြတာကိုလဲ ဦးကျော်ငြိမ်း သိနေပါလျက် - ဦးကျော်ငြိမ်းက တာဝန်ကျ တိုင်း ၆ ရှိရာ ပျဉ်းမနားကို မသွားဘဲ ရန်ကုန်မှာပဲ ဆက်ရှိနေတယ်။ ကိုယ်သွားရမှာကို မသွားဘဲ ဦးကျော်ငြိမ်း ဘာလုပ်နေတာလဲ။ ဦးကျော်ငြိမ်း အကြောင်းပြတာကတော့ - ‘ဒေါက်တာဗမော်နဲ့ သစ္စာရှိ ဟန်ဆောင်နေရမယ့် သခင်မြကို ဂျပန်က မယုံဘဲ သတ်မှာ များတယ်။ ဒါကြောင့် သခင်နု၊ ကိုလှမောင်နဲ့ သူ (ဦးကျော်ငြိမ်း) တို့ဟာ တောမခိုသင့်တော့လို့ စဉ်းစားပြီး၊ အားလုံး ညီညီညွတ်ညွတ်နဲ့ သခင်မြနဲ့အတူ ဂျပန်အလိုတော်ရိ ဟန်ဆောင်ပြီး နေသင့်တယ်ဆိုတာကို ဦးလှမောင်နဲ့ ဦးကျော်ငြိမ်းက သခင်နုကို ဆွေးနွေးပြီး ဦးနုကလဲ သဘောတူလိုက်တဲ့အတွက် နေလိုက်တာလို့ ဆိုပါတယ်။
အဲဒီအချက်အလက်တွေဟာ ဦးကျော်ငြိမ်းရဲ့ ‘မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ မှတ်တမ်းထဲမှာ ပါပါတယ်။ အဲဒီနေ့ဟာလဲ မတ်လ ၂၃ ရက်နေ့ပါပဲ။ အဲဒီရက်ပိုင်းတွေ အတောအတွင်းမှာပဲ ‘တပြည်လုံးအတွက် တော်လှန်ရေးရက်ကို ဧပြီ ၂ ရက်နေ့ အဖြစ်ကနေ မတ်လ ၂၇ ရက်နေ့လို့ ပြောင်းလဲသတ်မှတ်လိုက်တာကိုလဲ ဦးကျော်ငြိမ်း သိပါတယ်။ ဦးဗဆွေ ဂျပန်ကင်ပေတိုင်ရဲ့ အဖမ်းကို ခံရတာက၊ ဦးကျော်ငြိမ်းရဲ့ အဲဒီမှတ်တမ်းအရ မတ်လ ၂၉ ရက်နေ့မှ ဖြစ်တဲ့အတွက်၊ ဦးကျော်ငြိမ်း အဲဒီနေ့အထိ တိုင်း ၆ ကို မသွားဘဲ နေနေတာဟာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် မဟုတ်ဘဲ၊ သခင်မြအတွက်ပဲ ဖြစ်နေတာ ထင်ရှားပါတယ်။
တကယ်က ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာ နေနေတာ- ဆိုတဲ့ ဖေါ်ပြချက်ကိုက မှားယွင်းနေပါတယ်။ ဒေါက်တာမောင်မောင်တို့၊ သခင်တင်မြတို့ရဲ့ စာအုပ်ပါ အချက်အလက်ကိုက ဦးကျော်ငြိမ်းအတွက် ဖာဖာထေးထေး ဖေါ်ပြပေးထားရဘိသကဲ့သို့ ဖြစ်နေပါတယ်။ ဂျပန်ကင်ပေတိုင်က ဦးကျော်ငြိမ်းအိမ်ကို လာမေးလို့ ဦးကျော်ငြိမ်း နောက်ဖေးပေါက်ကနေ ထွက်ပြေးရပြီး သခင်မြအိမ် သွားပုန်းနေရတဲ့ နေ့ဟာ မတ်လ ၂၇ ရက်နေ့ ဖြစ်ပါတယ်။ ဗိုလ်ကျော်ဇောတို့ တိုင်း ၄ ရှိရာ ပဲခူးဘက်နဲ့ တပြည်လုံး နေရာတော်တော်များများမှာ ဖက်ဆစ်တော်လှန်ရေးကို မတ်လ ၂၇ ရက်နေ့မှာပဲ စတင်ဆင်နွဲနေကြပြီဖြစ်ပါတယ်။ အဲဒီတော့ ဦးကျော်ငြိမ်း ဘာလုပ်ပါသလဲ။
ဦးကျော်ငြိမ်း ကိုယ်တိုင်ရေး ‘မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ မှာ - ‘မတ်လ ၂၈ ရက်   ကင်ပေတိုင်လာရာ ကိစ္စအတွက် သခင်မြကတဆင့် အဓိပတိထံ အကူအညီတောင်းသည်။ ဂျပန်ပြည်သို့ အတူအလည်သွားစဉ်က ခင်မင်ရင်းနှီးလာသော ဗိုလ်ချုပ်ကလေး အီချီဒါကိုလဲ တယ်လီဖုန်းဆက် အကူအညီတောင်းရာ၊ မကြာမီ မေဂျာဂျင်နရယ်က မစိုးရိမ်ပါနှင့်၊ သူအကာအကွယ်ပေးမည်ဟု အဓိပတိ၏ စကားပြန် ‘ဆိုင်တို’ ထံမှ စကားပြန်လာပါသည်။ မတ်လ ၂၉ ရက်   ထိုနေ့နံနက် ကိုဗဆွေနှင့် ကိုတင်ညွန့်ကို ဂျပန်က ဖမ်းသွားသည်။ တော်လှန်ရေးလုပ်ရန် အချိန်ကျပြီ၊ တော်လှန်ရေးနေ့မှာ ဧပြီ ၂ ရက်နေ့မဟုတ်၊ မတ်လ ၂၇ ရက် ဖြစ်သည်။ ပဲခူးနှင့် တပြည်လုံးတွင် ၂၇ ရက်နေ့က ထချနေကြပြီ။ ပဲခူးသခင်ချစ်ထံမှ ဆက်သားလာသည်။ ခင်ဗျား ယနေ့ ပုန်းတော့မှ ဖြစ်မည်ဟု ကိုကျော်ညွန့်က ကိုဗဆွေကိုပြောပြီး အိမ်ပေါ်မှ ဆင်းလာပြီးချိန်၌ ကိုဗဆွေကို ဂျပန်က တက်ဖမ်းသည်ဟု နောင်မှ ကိုကျော်ညွန့် ပြောပြ၍ သိရသည်။’ - တဲ့။
ဦးဗဆွေ အဖမ်းခံရပြီးနောက် ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများ ဆောင်ရွက်ခဲ့ပါသလဲ။ မတ်လ ၂၉ ရက်ကနေ - ဧပြီလ ၂၂ ရက်နေ့အထိ (ဂျပန်တွေ ရန်ကုန်က ဧပြီ ၂၃ ရက်နေ့မှာ ဆုတ်ခွါမှာ ဖြစ်တဲ့အတွက်- မဆုတ်ခွါခင် တရက်အလိုအထိအတွင်း) ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများ ဆောင်ရွက်ခဲ့ပါသလဲ။ ဘာတခုမှ မတွေ့ရပါ။ ဒါဖြင့် ဦးကျော်ငြိမ်း ရန်ကုန်မှာ ဘာတွေလုပ်နေသလဲ။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တိုင်ရေး မှတ်စုထဲက အတိုင်းပဲ ရေးထားချက်အတိုင်းပဲ ကြည့်ကြရအောင် ဂျပန်ကင်ပေတိုင်က လာရှာတဲ့ မတ်လ ၂၇ ရက်နေ့ကစပြီး ဟောဒီလို ရေးထားပါတယ်။
[ကျနော်သည် မတ်လ ၂၇ ရက်နေ့မှစ၍ မိမိအိမ်သို့ မပြန်တော့ဘဲ ဂိုးဒင်းဘီဘီလမ်း နိုင်ငံခြားရေးရုံး၌သာ နေတော့သည်။ ညအခါ စားပွဲပေါ်၌ အိပ်သည်။ အိမ်သားများကိုလည်း တိုးကြောင်ကြီးရွာသို့ ပို့ထားသည်။ ညအချိန်တွင် ရန်ကုန်တမြို့လုံးမှာ စစ်ကား ထရပ်ကားကြီးများစွာ ဥဒဟိုသွားလာနေသည်ကိုထောက်၍ မိတ္တီလာ စစ်မျက်နှာဘက်၌ အဘယ်မျှ စစ်အရေးကြီးနေသည်ကို သိသာသည်။ နိုင်ငံခြားရေးရုံးမှာရှိသော ရေဒီယိုမှာလည်း နိုင်ငံခြားသတင်းကို ခိုးနားထောင်ရာတွင် မကြားတချက်ကြားတချက် ဖြစ်နေသည်။ ညအချိန်၌ ရုံးရှေ့ ဖြတ်သွားနေသော ဂျပန်စစ်ကားကြီးများကို ကြည့်၍ ဘယ်ကားသည် ဂျပန်ကင်ပေတိုင် မောင်းလာပြီး ငါ့ကို ဖမ်းမည်နည်းဟု တထိတ်ထိတ်ဖြစ်နေရသည်။ စစ်ရှုံးခါနီးတွင် ဂျပန်စစ်တပ်က မရမ်းကားဘူးဟု မည်သူ ပြောနိုင်မည်နည်း။ ဂျပန်လက်တွင်း၌ အကျယ်ချုပ်မိနေသော ကျနော်တို့ ဖက်ဆစ်တော်လှန်ရေးသမားတို့က စိတ်သောကရောက်၍ ကြောက်နေကြသော်လည်း မြို့သူမြို့သားတို့က အသွားအလာပျက်ဟန် မတူကြချေ။ ထိုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ မဟာသင်္ကြန်ပွဲတွင် ရန်ကုန်မြို့သူမြို့သားများသည် မြန်မာအမျိုးသမီးများကို စော်ကားဖျက်ဆီးကြသည့် ဂျပန်များကို သရော်ကြသည်။
အမေနိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ
ဘီးကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ
ကြမ်းကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ
မြို့သူမြို့သားပေါင်းများစွာတို့က ဤသံချပ်ကို ထိုးကြသဖြင့် ဂျပန်ကင်ပေတိုင်တို့လည်း ဘယ်သူ့ကို ဘာမျှ အရေးယူ၍ မရတော့ချေ။ ဘယ်သူ့လက်ချက်ဟု တရားခံဖေါ်၍ မရချေ။ ဤနည်းဖြင့် ရက်တွေကုန်ခဲ့ပြီးနောက် ၁၉၄၅ ဧပြီ ၂၂ ရက်နေ့တွင် နံနက် ၉ နာရီလောက်၊ ဂျပန်တပ်များ ရန်ကုန်မြို့မှ နောက်တနေ့တွင် ထွက်ခွါရတော့မည်။ ဝန်ကြီးအဖွဲ့ကလည်း ဂျပန်နှင့် မော်လမြိုင်သို့ လိုက်ရတော့မည့် ဝန်ကြီးအဖွဲ့ ချက်ချင်းစည်းဝေးတော့မည်ဟု သခင်နုထံမှ ကျနော် သိရသည်။ သူက နိုင်ငံခြားရေးဝန်ကြီး၊ ကျနော်က နိုင်ငံခြားရေးအတွင်းဝန် ဖြစ်သည်။ ထိုနေ့ နံနက်တွင် ကိုလှမောင် (သံအမတ်ကြီးဟောင်း) နှင့် ကျနော်တို့ စိတ်အပူကြဆုံးမှာ ကိုဗဆွေကိစ္စ ဖြစ်သည်။ ဝန်ကြီးအဖွဲ့ မော်လမြိုင် မပြောင်းမီ ဂျပန်ဖမ်းထားသော ကိုဗဆွေကို လွတ်အောင် မလုပ်နိုင်လျှင် ဂျပန်အသတ်ခံရမှာ     သေချာသည်။ ကိုဗဆွေကို ဝန်ကြီးအဖွဲ့နှင့် ခေါ်သွားနိုင်ခွင့် ဂျပန်ကို တောင်းရမည်ဖြစ်သည်။ ထိုကိစ္စကို ခေါင်းဆောင်ရန် ကိုလှမောင်နှင့် ကျနော်တို့ သခင်မြကို ချဉ်းကပ်ရာ သခင်မြက ပျော့ညံ့ညံ့ဖြစ်နေသည်။ ဂျပန်ကို သူ မပြောရဲသလို ဖြစ်နေသည်။
ထို့ကြောင့် ကျနော်တို့နှစ်ယောက် သခင်နုထံ ပြေးကြရသည်။ သခင်နုက ဤကိစ္စမျိုးတွင် ရဲဘော်စိတ် အပြည့်ရှိသည်။ တက်ကြွမှုအပြည့်ဖြင့် ကျနော်တို့နှစ်ယောက်ကို ချက်ချင်း ဒေါက်တာဗမော်ထံ ခေါ်သွား၍ ကိုဗဆွေအတွက် ဂျပန်ကို ပြောပေးရန် ပူဆာသည်။ ဒေါက်တာဗမော် သဘောတူသည်။] - တဲ့။ ဦးကျော်ငြိမ်းရဲ့ မှတ်စုအရဆိုရင် - ၂၃ ရက်နေ့ ဂျပန်တွေ ရန်ကုန်က ဆုတ်ခွါအပြီး တရက်နှစ်ရက်လောက်အတွင်း ဦးဗဆွေ လွတ်လာခဲ့တဲ့အတွက် ဧပြီ ၂၄ ဝန်းကျင်ခန့်မှာ ဦးဗဆွေ လွတ်လာခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာ နေခဲ့ရတယ်ဆိုတဲ့ ဦးကျော်ငြိမ်းဟာ ဦးဗဆွေအတွက် ဘာတွေများ လုပ်ဆောင်ပေးနေခဲ့ရလို့ပါလဲ။ ဦးဗဆွေ အဖမ်းခံရတာက မတ်လ ၂၉ ရက်နေ့မှ၊ အဲဒီမတ်လ ၂၉ ရက်နေ့က ဧပြီ ၂၂ အကြား ဦးကျော်ငြိမ်း ဘာတွေလုပ်နေပါသလဲ။ တကယ်က ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးရက် သတ်မှတ်လိုက်တာက မတ်လ ၂၇ ရက်။ မတ်လ ၂၇ အကြား တာဝန်ကျ တိုင်း ၆ ကို သွားရမှာက ဦးကျော်ငြိမ်း။ မသွားဘဲ ပထမတော့ သခင်မြအတွက် ဂျပန်အလိုတော်ရိ ဟန်ဆောင်ပြီး နေခဲ့တယ်လို့ ဆိုတယ်။ ဦးဗဆွေ ၂၉ ရက်နေ့ အဖမ်းခံရပြီးတော့ နောက်ဆုံးမှာ ဦးဗဆွေ လွတ်မြောက်ရေးအတွက်လို့ ဖြစ်လာခဲ့ရတယ်။ အဲဒီမတ်လ ၂၉ နဲ့ ဧပြီလကြားမှာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် မယ်မယ်ရရ ဘာမှလဲ လုပ်ခဲ့တာ မတွေ့ရဘဲ၊ ဂျပန်ဆုတ်ခါနီး တရက်အလိုမှ သခင်နုအကူအညီ- ဒေါက်တာဗမော်အကူအညီ ယူခဲ့တာဖြစ်ကြောင်း တွေ့နေရပါတယ်။ ဒီကြားထဲကပဲ သမိုင်းကြောင်းရေးသူ သခင်တင်မြ၊ ဒေါက်တာမောင်မောင်- စတဲ့ စတဲ့ ပုဂ္ဂိုလ်တွေက ဦးကျော်ငြိမ်းဟာ ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မှာနေခဲ့ရတယ်၊ တိုင်း ၆ ကို မသွား၊ ရန်ကုန်မှာ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေး - စသဖြင့် စသဖြင့် အတိုချုပ် ရေးသားဖေါ်ပြ မှတ်တမ်းတင်ပေးထားကြတာတွေဟာ အဖြစ်မှန်နဲ့ဆိုရင် တော်တော်လေးကို မြှင့်တင်ပေးထားဘိသကဲ့သို့တောင် ဖြစ်နေပါသေးတယ်။ ထားပါတော့။ ကျနော်က အဲဒီလို အချက်အလက်တွေအရ ဦးကျော်ငြိမ်းကို ဦးဗဆွေနဲ့တွဲပြီး ရန်ကုန်တာဝန်ခံများ ဖြစ်ကြတယ်လို့ ရေးခဲ့တာဟာ ဘာများ မှားပါသလဲ။ လုံးဝ လုံးဝကို မမှားပါ။
အဲဒီလိုတွေကြားထဲကပဲ ဘိုဘိုကျော်ငြိမ်းဟာ မကျေနိုင် မချမ်းနိုင် ကပ်သပ်ပြောနေတာဟာ ဘာရည်ရွယ်ချက်ပါလဲ။ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့ - ဆိုပြီး၊ ဦးကျော်ငြိမ်း - တိုင်း ၆ မသွားတာကို၊ သခင်ဗဟိန်း - တိုင်း ၁ မသွားတာနဲ့ပါ ယှဉ်ထိုးပြီး ညီမျှခြင်းချ ပြသလို လုပ်လာတာကတော့ ကမ်းကုန်အောင် မသိသားဆိုးဝါးမှုပါပဲ။ ဦးပုညရဲ့ အဆိုမျိုးနဲ့ ပြောရရင် - ‘မိုးကြိုးနဲ့ အီးသံလို ခရီးမှန် ကွာလွန်းလှလေး - ’ လို့ပဲ ပြောရတော့မှာပါ။
ဒုတိယတချက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးတုန်းက စစ်တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန်မြူနစ်တွေချည်း ဖြစ်ကြတယ်-ဆိုတဲ့ အတိုချုပ် ရေးသားချက်အပေါ် မကျေနိုင် မနပ်နို ဖြစ်နေရတာကလဲ အနှစ်သာရအားဖြင့်တော့ - သူ့အဖေ ဦးကျော်ငြိမ်းအတွက် အသေအလဲ ကာကွယ်နေတဲ့သဘောပဲ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းက ပြည်သူ့အရေးတော်ပုံပါတီက ဖြစ်နေတော့ တန်းတူထပ်မျှ လုပ်ချင်နေတဲ့ သဘောပါပဲ။ ဘိုဘိုကျော်ငြိမ်းက - ‘ထိုကြောင့် အချက်အလက်အမှန်က ပြည်သူ့အရေးတော်ပုံပါတီက ဦးကျော်ငြိမ်းသည် တိုင်း ၆ နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံပါတီက သခင်ချစ်က တိုင်း ၄ နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံပါတီက ဦးဗဆွေကြီးက ရန်ကုန် နိုင်ငံရေးတာဝန်ခံ၊ ထို့ကြောင့် ဝင်းတင့်ထွန်းရေးတဲ့ တိုင်းနိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်ဆိုသည့်အချက် မမှန်၊ အဓိပ္ပာယ်မရှိပါ။’ လို့ တွင်တွင်အော်နေရှာခြင်း ဖြစ်ပါတယ်။ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ပြည်သူ့အရေးတော်ပုံပါတီလို့ တွင်တွင်အော်နေတဲ့အပေါ် ကျနော်က ထပ်ပြီး ပြောလိုက်ပါဦးမယ်။ ပြည်သူ့အရေးတော်ပုံပါတီက ဦးကျော်ငြိမ်းက ဖက်ဆစ်တော်လှန်ရေးမှာ ဘယ်မှမသွား၊ ဦးဗဆွေက မတ်လ ၂၉ ကတည်းက ဂျပန်အဖမ်းခံထားလိုက်ရတာကြောင့် ဂျပန် ရန်ကုန်က ဆုတ်သွားမှသာ ပြန်လွတ်လာ၊ တပြည်လုံး အကြီးအကျယ် ချနေကြစဉ်တလျှောက် မပါနိုင်။ ဒါကြောင့် သခင်ချစ်တယောက်ပဲပါ။ သခင်ချစ်တယောက်တောင် ‘ပြည်သူ့အရေးတော်ပုံပါတီ’ က ဆိုတာ ဆိုင်းဘုတ်သဘောမျှသာပါ။
အနှစ်သာရကျကျ ပြောရလျှင် - ကွန်မြူနစ် ဖြစ်နေခဲ့ပြီလို့တောင် ဆိုနိုင်၊ ဒါကြောင့် တကယ်တိုက်နေကြတဲ့ တကယ့် ဖက်ဆစ်တော်လှန်ရေးကြီးအတွင်းမှာ စစ်တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန်မြူနစ်ပါတီကချည်းလို့ အတိုချုပ်ချုပ်ပြီး ရေးလိုက်တာဟာ အမှားလို့  မဆိုနိုင်။ တကယ်လို့ နောင်မှာ ကျနော်ကိုယ်တိုင်က သည့်ထက်သည် ရှင်းရှင်းလင်းလင်း ရှိအောင် ဖြည့်စွက်ချင်တယ်ဆိုပါက ‘ကွန်မြူနစ်ပါတီကချည်းလိုလို ဖြစ်တယ်’ ဆိုပြီး ‘လိုလို’ နှစ်လုံးတည်းပဲ ထည့်ပြီး ပြင်နိုင်ပါတယ်။ ကျနော့်ရဲ့ စာအုပ်မှာ ‘ရည်စူး ပန်ကြား အမှာစကား’ မှာ နောင်မှာ ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းသွားပါ့မယ်-လို့ ကြိုတင်ဖေါ်ပြထားပြီး ဖြစ်ပါတယ်။
တကယ်က ပြည်သူ့အရေးတော်ပုံပါတီ-ဆိုကာက အခုချိန်အထိ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် - သခင်မြနဲ့ အရင်းနှီးဆုံး ရဲဘော်လဲဖြစ်၊ အာဇာနည်နေ့တိုင်း - သခင်မြအတွက် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးသမား ဟောင်းကြီးတွေကို ဖိတ်ကြားပြီး နှစ်စဉ်နှစ်တိုင်း သူ့အိမ်မှာ ဆွမ်းကျွေးလုပ်လေ့ရှိတဲ့ သခင်ခင်အောင် (သာယာဝတီ) ကိုယ်တိုင်က သခင်မြရဲ့ ရာပြည့်အထိမ်းအမှတ်အဖြစ် ၁၉၉၇ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ကျင်းပပွဲမှာ ‘ပြည်သူ့အရေးတော်ပုံပါတီကို သခင်မြက ဖွဲ့ခဲ့တာလား’ ဆိုတဲ့ တစုံတဦးရဲ့ အမေးကို ‘အဲဒီကိစ္စက ရှုပ်ထွေးနေတယ်၊ ဘာမှ အတိအကျပြောလို့ မရဘူး၊ ဂျပန်ခေတ်တုန်းက ဘယ်သူမှ ဘာမှ ထင်ထင်ရှားရှား ပြောခွင့် လုပ်ခွင့် ရတာမဟုတ်ဘူးဗျ’ လို့ ဖြေခဲ့ရဖူးတာ ရှိပါတယ်။ ၁၉၉၇၊ ဒီဇင်ဘာ၊ မိုးဂျာနယ် - တက္ကသိုလ်စိန်တင်ရဲ့ အာဇာနည် ခေါင်းဆောင်ကြီး သခင်မြ နှစ်တရာပြည့် ဆောင်းပါးမှာ ပါပါတယ်။
အဲဒီ သခင်ခင်အောင်ဟာ ဦးကျော်ငြိမ်းရဲ့ မြေအောက်သူပုန်အဖွဲ့ဆိုင်ရာ မှတ်စုထဲမှာ ပါတဲ့ - သခင်ခင်အောင်ပါပဲ။ မတ်လ ၂ဝ ရက်နေ့ခန့်မှာ သခင်မြအိမ်မှာနေတဲ့၊ သခင်မြရဲ့ အတွင်းဝန်ကလေးဖြစ်တဲ့ သခင်ခင်အောင်ဟာ သူ့အဖေ ကာလဝမ်းရောဂါဆန်ဆန် ဖြစ်နေလို့ သာယာဝတီကို ချက်ချင်းသွားရမယ်ဆိုပြီး၊ သခင်သန်းထွန်းရဲ့ လျှို့ဝှက်တာဝန်ပေးထားချက်အရ၊ သာယာဝတီဘက်ကို လေထီးဆင်းကြမယ့် သူတွေအတွက် အစီအစဉ်လုပ်ဖို့ သခင်မြဘေးကနေ သခင်မြကို ထားခဲ့ပြီး တော်လှန်ရေးတာဝန် ထမ်းဆောင်ဖို့ ပြေးသွားခဲ့တဲ့ သူဟာ ဒီသခင်ခင်အောင်ပါပဲ။ သခင်ခင်အောင်ဟာ ခေတ်တိုင်းခေတ်တိုင်း အဖမ်းမခံ ထောင်မကျခဲ့ရဖူးတာ မရှိခဲ့ပါဘူး။ ကိုကိုးကျွန်းလဲ အပို့ခံခဲ့ရဖူးပြီး၊ နဝတ-နအဖ ခေတ်မှာလဲ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ တဦးအပါအဝင် ဖြစ်ခဲ့ရင်း အသက် ၉ဝ ကျော်မှ ဆုံးသွားခဲ့သူ ဖြစ်ပါတယ်။ နဝတ ဗိုလ်ခင်ညွန့်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ထံ သခင်ဗသိန်းတင်ရဲ့ ပေးစာကို ပို့ခဲ့သူလို့လဲ အပြောခံခဲ့ရသူ ဖြစ်ပါတယ်။ သခင်မြခေါင်းဆောင်တဲ့ မြေအောက် လက်နက်ကိုင်အဖွဲ့ ခရိုင်အဖွဲ့ခွဲ ၂ဝ မှာ သာယာဝတီခရိုင်ရဲ့ နံပါတ်တစ်ခေါင်းဆောင် တာဝန်ယူခဲ့သူလဲ ဖြစ်ပါတယ်။
ဆိုလိုတာက မြေအောက်အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သခင်ခင်အောင်ကတောင် ပြည်သူ့အရေးတော်ပုံပါတီ ပေါ်ပေါက်လာမှုဟာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ ပြောခဲ့ရပါတယ်။ ကွန်မြူနစ်ပါတီဘက်က ပြောမယ်ဆိုရင် - လျှို့ဝှက်ရပ်တည်နေရတဲ့ ကွန်မြူနစ်ပါတီနဲ့ တရားဝင် ရပ်တည်နေတဲ့ တို့ဗမာအစည်းအရုံးကြားမှာ တော်လှန်တက်ကြွတဲ့ သူတွေကို စုစည်းဖို့ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ကို ဖွဲ့လိုက်တာပဲ။ ဒါကြောင့် -ကွန်မြူနစ်ပါတီမှာလဲ အထွေထွေအတွင်းရေးမှူး၊ တို့ဗမာအစည်းအရုံးမှာလဲ အထွေထွေအတွင်းရေးမှူးလုပ်နေတဲ့ သခင်အောင်ဆန်းဟာ အရေးတော်ပုံပါတီမှာလဲ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူလိုက်တာ ဖြစ်သလို၊ သခင်ဗဟိန်းတို့ အာအီးတီ ဦးကျော်ငြိမ်းတို့လို ကွန်မြူနစ်တွေလဲ စတင်ဖွဲ့စည်းစဉ်က ပါနေတာဖြစ်တယ်။ အင်္ဂလိပ်ကိုလိုနီခေတ်က အိန္ဒိယရော၊ ဗမာပြည်မှာပါ ကွန်မြူနစ်ပါတီကို ကိုယ့်ဟာကိုယ် တရားဝင် ထောင်လို့မရဘူး။ အဲဒီခေတ်က ဂရိတ်ဗြိတိန် ကွန်မြူနစ်ပါတီ (CPB) ပါတီက ကမကထပြုဖွဲ့မှ တတိယကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ စည်းမျဉ်းအရ ကွန်မြူနစ်ပါတီ ဖြစ်နိုင်တယ်။ အဲဒီတော့ CPB က တရားမဝင်ပါတီ။ ဗမာပြည်မှာ တရားဝင်ပါတီက တို့ဗမာအစည်းအရုံး၊ CPB နဲ့ တို့ဗမာအစည်းအရုံးကြားမှာ တက်ကြွတဲ့သူတွေကို စုစည်းဖို့ အရေးတော်ပုံပါတီကို ဖွဲ့လိုက်တဲ့အခါမှာ ကွန်မြူနစ်တွေရော၊ ကွန်မြူနစ်မဟုတ်သူတွေပါ ပါလာတယ်။ မာ့က်စ်ဝါဒသမားရော၊ မာ့က်စ်ဝါဒ ဆန့်ကျင်သူတွေပါ ပါလာတယ်။ ဆရာချစ်က မာ့က်စ်ဝါဒယုံကြည်သူအဖြစ် ပါလာတယ်။ ဦးကျော်ငြိမ်းက မာ့က်စ်ဝါဒ ဆန့်ကျင်သူအဖြစ်နဲ့ ပါလာတယ်။ အရေးတော်ပုံပါတီကတော့ အရေးတော်ပုံပါတီပဲ။
၁၉၄၄ အောက်တိုဘာ လဆန်းထဲမှာ သခင်ချစ်အပါ - ပြည်သူ့အရေးတော်ပုံ ခေါင်းဆောင်တချို့ဟာ ဒေးဒရဲနယ်မှာ ခိုနေတဲ့ ကွန်မြူနစ်သခင်စိုးဆီ သွားတွေ့ကြပြီး၊ ၁၉၄၄ ခု အောက်တိုဘာ ၃ ရက်နေ့ နေ့စွဲနဲ့ ‘တော်လှန်ရေးတပ်ဦး’ ဆိုတာ ဖွဲ့စည်းလိုက်ကြတဲ့အခါ၊ ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့ နာမည်ကိုတောင် ဖျက်လိုက်ပြီး တပါတီတည်းအဖြစ်၊ ‘ကွန်မြူနစ်ပါတီ (ဗမာပြည်)’ ဆိုတဲ့ နာမည်ကို ခံယူလိုက်ကြကြောင်း ကျေညာချက်တောင် ထုတ်ခဲ့ကြဖူးပါတယ်။ အဲဒီအခေါက်မှာ ခေါင်းဆောင်သွားခဲ့သူဟာ ဆရာချစ် (သခင်ချစ်) ပါပဲ။ အဲဒီလို တပါတီတည်းလုပ်ရေးကို သဘောတူခဲ့ကြတာအပေါ် ဦးကျော်ငြိမ်းတောင် တအံ့တသြ ဖြစ်သွားခဲ့ရတယ်လို့ ဆိုတယ်။ ဦးကျော်ငြိမ်းရဲ့ မှတ်စုထဲမှာ - စာမျက်နှာ ၁၄ မှာ - ‘ကျနော်တို့သည် သခင်ချစ်၊ ဗိုလ်မောင်၊ ဗိုလ်အောင်ကြီးတို့အုပ်စုက မိမိတို့အဖွဲ့ကြီး (ပြည်သူ့အရေးတော်ပုံအဖွဲ့) ကို ဖျက်သိမ်းသည်အထိ သဘောတူခဲ့သည်ကို အံ့သြမိသည်။’ လို့တောင် ရေးထားပါတယ်။
နောက်ပိုင်းမှ သခင်စိုးရဲ့ မိုက်လုံးကြီးမှုနဲ့ ဒီဇင်ဘာမှာ ဒီသဘောတူညီချက်ကိုလဲ ဖျက်သိမ်းပစ်ခဲ့တာဟာ ကိစ္စတခုဖြစ်ပါတယ်။ သခင်ချစ်ဟာ မာ့က်စ်ဝါဒီလဲဖြစ်တာကြောင့်၊ အဲဒီကာလကတည်းက ဆိုင်းဘုတ်ကသာ ပြည်သူ့အရေးတော်ပုံနဲ့ ဆက်ကျန်နေပြီး သူ့အသွေးအသားက ကွန်မြူနစ်ဖြစ်နေပြီလို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါကြောင့်လဲ ကွန်မြူနစ်ပါတီ ဆိုင်းဘုတ် တရားဝင် ထွက်ပေါ်လာတာနဲ့ ကွန်မြူနစ်ပါတီဘက်ကို လုံးဝ ရောက်ရှိလာခဲ့တာ ဖြစ်တယ်။ စာဖတ်သူများ စဉ်းစားကြည့်နိုင်ကြဖို့ ဖြစ်ပါတယ်။
ဘိုဘိုကျော်ငြိမ်းက ကျားကုတ်ကျားခဲပြောနေတဲ့ နောက်ဆုံးတချက်က သခင်ဗဟိန်းနဲ့ သခင်တင်မြ ကိစ္စပါ။ ဘိုဘိုကျော်ငြိမ်းက - ‘သခင်တင်မြ ပြဿနာကို ကြည့်ရင်လဲ ကျနော့်အယူအဆကတော့ တယောက်ယောက်က ဝင်းတင့်ထွန်းလို အစောကြီး ပြောင်းရေးလိုက်တယ်လို့ သံသယရှိတယ်’ တဲ့။ ကြည့်စမ်း ဘယ့်လောက် အောက်တန်းကျလိုက်တဲ့ စွပ်စွဲချက်ပါလဲ။ ဘိုဘိုကျော်ငြိမ်းရဲ့ စွပ်စွဲချက်နဲ့ တန်အောင်သာ တုံ့ပြန်ရမယ်ဆိုရင်တော့၊ အဲဒီလို အောက်တန်းကျကျ လုပ်တတ်တာ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်းပဲ ရှိလိမ့်မယ်-လို့။ သူ့များဒိုင်ယာရီကို သူများ ရေချိုးသွားနေတုန်း ခိုးဖတ်တာ၊ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးပေးဖို့ ဦးနုကို မျက်ရည်ထွက်ပြီး ငိုပြတာ၊ ဗိုလ်ဇေယျနဲ့ ဗိုလ်နေဝင်းကြား တို့မီးရှို့မီးလုပ်ပြီး ‘အောင်ပြီ အောင်ပြီ’ လို့ အော်ပြီး ဝမ်းသာအူမြူးဖြစ်ခဲ့တာ - ဦးနုရဲ့ တာတေစနေသားကိုပဲ ပြန်ဖတ်ကြည့်ကြပါ။
ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနောမတိနဲ့ မကိုက်တော့ - ကျနော် ကိုးကားရှင်းလင်းပြခဲ့တဲ့ တို့ဗမာအစည်းအရုံး သမိုင်းစာအုပ်ကြီးထဲက အချက်အလက်တွေကိုတောင် ကရောကမယ်ဖြစ်အောင် လုပ်ချင်တယ်။ သခင်ကြီးတွေ ရာနဲ့ချီ ရေးသားပြုစုထားတဲ့ စာအုပ်ကြီးကိုတောင် စာမျက်နှာ ၅၇၇ နောက်ပိုင်းကစပြီး - ‘စာစီစာကုံးဆန်ဆန် ရေးသားခြင်းသာ ဖြစ်တယ်’ တို့ ‘ရဲရဲဝံ့ဝံ့ ရေးသားထားတဲ့ လေသံမရှိ’ တို့ ဆိုပြီး လုပ်တော့တာပါပဲ။ ပြီးတော့ ကျနော် ရေးတာကိုတောင် သေချာဖတ်ဟန်မတူပါ။ ‘ဖတပလဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ။ သခင်ကြီးတွေကော ဒီအစည်းအဝေးမှာ ရှိလို့လား’ တဲ့။ လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့က သခင်သိန်းဖေတို့လဲ ပါတယ်ဆိုတာ၊ မေးကြည့်ချင် မေးကြည့်နိုင်ဖို့ ပြောတာကို၊ ထိုးနှက်ချင်ဇောအားနဲ့ ဘာကိုမှ ခွဲခွဲခြားခြား မသိနိုင်တော့သလိုပါပဲ။ ဦးမြဟန်ရဲ့ သမိုင်းအဘိဓာန်စာအုပ်ကိုပါ ပူးတွဲဖေါ်ပြပေးလိုက်ပြန်တော့လဲ ‘ဦးမြဟန်ရဲ့ သုတေသနပြုမှု မည်မျှ သေချာတိကျတယ်ကို ကျနော်မသိပါ’ လို့ လုပ်ချလိုက်ပြန်တယ်။ စာတွေကို တော်တော်ကို ဖတ်သယောင်ယောင် ပြောပြီး အဲဒီအချက်အလက်တွေကိုတောင် မသိဘူး ဖြစ်နေတာက ဘိုဘိုကျော်ငြိမ်းပါ။ သခင်ကြီးတွေ ယူထားတာက ‘သခင်တင်မြ’ မပါခင်၊ အရင်ဆုံး ပထမဆုံးကျတဲ့ ‘ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်’ ဖွဲ့စည်းတည်ထောင်လိုက်တဲ့ အစည်းအဝေးပါ စာရင်းပါ။ ဒါကြောင့် သခင်ကြီးတွေက ပထမဆုံးလို့ ပြောတာပါ။ ၁၉၄၄ ခုနှစ် သြဂုတ် ၂၃ ရက်နေ့၊ ဗိုလ်ချုပ်အိမ် အစည်းအဝေးက ဖွဲ့စည်းတည်ထောင်လိုက်တဲ့ စာရင်းပါ။ သခင်တင်မြရဲ့ တိုင်းကြီး ၁ဝ တိုင်းပါ စာရင်းက တော်တော်နောက်ကျပါတယ်။ ၁၉၄၅ မတ်လ ၁ ရက်ကနေ ၃ ရက်နေ့အထိ ကျင်းပတဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ‘ဦးစီးအဖွဲ့’ စာရင်းပါ။ နေရာကတော့ ဦးထွန်းမြတ်လမ်းဒေါင့်က ဗိုလ်ချုပ်အိမ်မှာပါပဲ။ ပထမဆုံးဟာ ၂၃-၈-၁၉၄၄ အစည်းအဝေးစာရင်း ဖြစ်တဲ့အတွက် သခင်ကြီးတွေကလဲ အဲဒါကိုပဲ အဓိက ပထမဆုံးအဖြစ် ယူခဲ့တာဖြစ်သလို၊ သူ့စာအုပ်ကို ၅ နှစ်ကြာ သုတေသနပြုပြီးမှ ရေးသားထားတဲ့ ဦးမြဟန်ကလဲ အဲဒီအတိုင်း ယူခဲ့တာ ဖြစ်ပါတယ်။ ဝင်းတင့်ထွန်းကလဲ အဲဒီအတိုင်း ယူခဲ့တာ ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း - ထိကပါး ရိကပါးပြုပြီး စွပ်စွဲနေသလို၊ မသိသားဆိုးဝါး မိုက်မဲလွန်းလှစွာ တဖက်သတ် စွပ်စွဲပြောဆိုနေသလို မဟုတ်ကြောင်း ရှင်းလောက်ပြီလို့ ထင်ပါတယ်။ အကိုးအကားအဖြစ် ကြည့်ချင်သေးတယ်ဆိုရင်တော့၊ ၂ဝဝ၄ စာပေဗိမာန်ကထုတ်တဲ့ ‘ဖိုးအောင်လေး’ ရဲ့ “မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ်သမိုင်း” ဆိုတဲ့ စာအုပ်ထဲမှာ ရှာကြည့်လိုက်ပါ။
ကျမ်းကိုးဆိုတာ ဘယ်လို၊ သုတေသနဆိုတာ ဘယ်လို - ဆိုပြီး ကိုယ့်ဆန္ဒနဲ့ကိုယ် ကိုယ့်အတ္တနောမတိနဲ့ကိုယ် -ပြောချင်ရာတွေ ပြောနေတာကိုလဲ စာတွေ ရှည်နေပြီဖြစ်တဲ့အတွက် စာဖတ်သူတွေကို အားနာလှပြီဖြစ်တဲ့အတွက် အသေးစိတ် မတုံ့ပြန်လိုတော့ပါဘူး။ သမိုင်းတွေ ရေးတဲ့အခါမှာ အကယ်ဒမစ်ဆန်ဆန် ရေးမယ်ဆိုရင်ဖြင့် အောက်ခြေမှတ်စု (Foot note) ၊ ကျမ်းဆုံးမှတ်စု (End note) ၊ နံဘေးမှတ်စု (Marginal note) တွေ ပါကို ပါရပါမယ်။ ကျမ်းတွေ - သမိုင်းတွေမှမဟုတ်၊ လိုအပ်တဲ့ စာတမ်းတွေ ဆောင်းပါးတွေမှာ အဲဒီလို မှတ်စုတွေပါ သုံးနိုင်ရင်တော့ ကောင်းတယ်ဆိုတာ ငြင်းစရာမလိုပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အခက်အခဲမျိုးစုံကြောင့် -အဲဒီလို ကိုးကားမှတ်စု (Note) တွေကို မထည့်နိုင်ဘဲ အဆုံးကျမှ ကျမ်းကိုးစာရင်း၊ ရည်ညွှန်းကိုးကားစာရင်းတွေပဲ ထည့်သွင်းပြုစု ထုတ်ဝေနေရတာတွေလဲ - ဗမာပြည်မှာ အများကြီး ရှိပါတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းတို့၊ ဦးမြဟန်ရဲ့ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်တို့ဟာ နောက်ဆုံးမှ ကျမ်းကိုးစာရင်း ထည့်ပြီး ထုတ်ဝေခဲ့ရတာတွေပါ။ ဘိုဘိုကျော်ငြိမ်း ရမ်းရမ်းကားကား ပြောသလို ဘာအဓိပ္ပာယ်မှ မရှိဆိုတာ မဟုတ်ပါဘူး။
အဲဒီတော့ အခုနောက်ဆုံး ပြောပါတော့မယ်။ ဘိုဘိုကျော်ငြိမ်းနဲ့ ပတ်သက်ပြီး၊ ‘အရေးထား တုံ့ပြန်မနေပါနဲ့ဗျာ’ ‘သူက အခုလိုပြောနိုင်ဖို့တမင် စင်ရှာနေတာမှာ၊ သူ့ရည်ရွယ်ချက် အထမြောက်အောင်၊ တန်းထားပြီး တုံ့ပြန်မနေပါနဲ့’ လို့ အသီးသီး ပြောကြဆိုကြ စေတနာနဲ့ သတိပေးကြတာတွေလဲ ရှိပါတယ်။ ထိုင်း၊ ဂျပန်၊ အမေရိကန် - စတဲ့ စတဲ့ ပြည်ပတွေကနေ ပြောကြတာလဲ ရှိသလို၊ အနီးအနားကနေ ပြောကြတာတွေလဲ ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကျနော် ကတိပေးလိုက်ပြီးသား ဖြစ်သလို ကျနော်ကလဲ ဘိုဘိုကျော်ငြိမ်းရဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသား မြင်နေရပြီးသား ဖြစ်တာကြောင့်တကြောင်း၊ ကျနော်ကိုယ်တိုင် ပထမတုံ့ပြန်ချက်တုန်းကတည်းက ပြောထားပြီးသား - ကနေ့လို ကာလကြီးမှာ ‘အဓိက ပျောက်’ ‘ဘုံရန်သူ ပျောက်’ ဖြစ်စေပြီး ‘ပလုံစီ အမြှုပ်ထရမယ့် ကိစ္စတွေကို တကယ်ကို မလုပ်ချင်တာကြောင့်ပါ၊ ကျနော်ဟာ ဘိုဘိုကျော်ငြိမ်းကို တန်းထားတုံ့ပြန်ဖို့ သဘောထား မရှိတော့ပါ။ အခု နောက်ဆုံး တုံ့ပြန်ချက်အဖြစ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
စာရှုသူများကိုလဲ တော်တော်ကို အားနာမိပါတယ်။ ဒါဟာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် နောက်ဆုံး တုံ့ပြန်ချက်ပါပဲ။ အဲဒီတော့ - ဘိုဘိုကျော်ငြိမ်းကို နောက်ဆုံးပြောချင်တာက ဒါလောက် တတ်တယ် သိတယ် နားလည်တယ် လုပ်နေမယ့်အစား၊ စာတအုပ် ပေတအုပ်ဖြစ်အောင် အရင်ဆုံး ရေးသားထုတ်ဝေကြည့်ပါဦး။ ပထမဆုံးအနေနဲ့ ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ ဦးကျော်ငြိမ်းရဲ့ ‘ကိုယ်ရေးမှတ်တမ်း’ တို့ ‘၁၉၃၆ - ၁၉၄၅ မြေအောက် သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု’ တို့ကိုပဲ စာအုပ်အဖြစ်၊ လူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ချထား ထုတ်ဝေလိုက်ပါလို့လဲ ပြောချင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက ပြောထားတယ် - ‘ဦးကျော်ငြိမ်းကို (မုန်း) လို့ ရပါတယ်။ (မုန်း) ခွင့် ရှိပါတယ်။ သို့သော် ဦးကျော်ငြိမ်းကို (မုန်း)တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့ မလုပ်ကောင်းပါ’ ဆိုတာကိုလဲ နောက်ဆုံး ပြောလိုက်ချင်ပါတယ်။ စိတ်ချ - စိတ်ချ - ဘိုဘိုကျော်ငြိမ်း။ ဦးကျော်ငြိမ်းကို ရာဇဝင်ထဲက ဆွဲမနှုတ်ပါ။ ရာဇဝင်ထဲကို ထားခဲ့မှာပါ။ သမိုင်းဧည့်ခန်းဆောင်ထဲမှာ ဖြစ်မလား၊ သမိုင်းပြတိုက်ထဲမှာ ဖြစ်မလား၊ သမိုင်းအမှိုက်ခြင်းတောင်းထဲမှာ ဖြစ်မလား -ဆိုတာကတော့၊ ပြည်သူလူထုကြီးကပဲ ရွေးချယ်သတ်မှတ်ပေးကြမှာပါ။ သမိုင်းကြောင်းကို အမှန်အတိုင်း သိမြင်ကြမယ့် နောင်မျိုးဆက်သစ် လူငယ်တွေကပဲ ကောင်းကောင်းကြီး နေရာရွေးချယ် သတ်မှတ်ပေးကြမှာပါ။
ဒါ - နောက်ဆုံး တုံ့ပြန်ချက်ပါပဲ။ 
ဝင်းတင့်ထွန်း
(၂၆ - ၁၂ - ၂ဝ၁ဝ)
Thursday, December 16, 2010
ဘိုဘိုကျော်ငြိမ်းသို့ တုံ့ပြန်ချက်
ဝင်းတင့်ထွန်း
‘မဇ္ဈိမ’ ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ ’’ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။
ဗိုလ်ချုပ်တို့ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာ့ကြောင့်လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ပြရင်း ‘ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု’ တို့၊ ‘ကျောင်းသားသမဂ္ဂ’၊ ‘ စုပေါင်းခေါင်းဆောင်မှု’၊ ‘မှတ်သားစရာနဲ့ သုံးသပ်မှု’ စတဲ့ စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသားဖော်ပြသွားရာမှာ ‘ဦးကျော်ငြိမ်း’ ရဲ့ အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလျဉ်းသင့်သလို ယှဉ်စပ်ပြသွားတာ တွေ့ရပါတယ်။
‘ဦးပေါ်ဦး လျှောက်ထုံး’ တွေထဲက နန်းတော်တည်ဖို့မှာ ဘိုးတော်ဘုရားရဲ့ ‘ပိတောက်နဲ့မကောင်းဘူးလား’၊ ‘ပျဉ်းကတိုးနဲ့ မကောင်းဘူးလား’ ဆိုတဲ့ အမေးတွေကို ‘ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်’၊ ‘ ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်’ လို့ အမြဲလိုလို သူပါစေချင်တဲ့ ‘ကျွန်း’ ကို တွဲတွဲပြောသွားတဲ့ ဦးပေါ်ဦးလျှောက်ထုံးကို သွားပြီး အမှတ်ရမိချင်စရာပါပဲ။ ဦးကျော်ငြိမ်းဟာလည်း ခေသူမဟုတ်ဆိုတာ၊ မူကို အလေးထားတတ် မိမိကိုယ်ကို မိမိလေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဉာဏ်အား မြင့်မားသူတဦးဆိုတာကို ပေါ်လွင်အောင် ရေးပြသွားတာ လက်ကနဲ လက်ကနဲ တွေ့လိုက်ရပါတယ်။
သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့ လူလဲ ရှိမယ်။ မကြိုက်တဲ့သူ၊ လက်မခံတဲ့လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်အရ ဘာမှ မပြောလိုပါဘူး။ သူ့သဘော သူဆောင်လိမ့်မယ်လို့ပဲ သဘောထားပါတယ်။ အထူးသဖြင့် ကနေ့လို အချိန်မျိုးမှာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ ‘အဓိက ပျောက်’၊ ‘ပစ်ကွင်း ပျောက်’ ပြီး ‘အမြှုပ်ထ ပလုံစီရမယ့် ကိစ္စမျိုးတွေ’ မလုပ်ချင်ပါဘူး၊၊ ဒါပေမဲ့ - သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေ ပါဝင်နေလေတော့ ပြန်လည်ရှင်းမပြရင် အဓိပ္ပာယ်တမျိုး ပေါက်နိုင်တဲ့အတွက် လိုသလောက်ပဲ ကျနော် ပြန်ရှင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေကိုပဲ ဖော်ပြရှင်းလင်းသွားမှာပါ။ စာဖတ်သူများ ကြိုက်နှစ်သက်သလို လက်ခံသုံးသပ်သွားကြပါလိမ့်မယ်။
ကျနော်နဲ့ ပတ်သက်နေတဲ့ အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလို ဖော်ပြထားပါတယ်။
“ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက် ဖြစ်ခဲ့သော်လည်း ရာဇဝင်အချက်အလက်ကို ရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်၊၊ (မူ) Principle ကို အလေးထားတာကတကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကိုမိမိ လေးစားတာကြောင့်လဲ ဖြစ်ပါတယ်။ သို့သော် အသိဉာဏ်စွမ်းအားနည်းတဲ့ လက်ဝဲတယူသန်တချို့ဟာ ဦးကျော်ငြိမ်းကို မုန်းတာနဲ့
ရာဇဝင်အချက်တွေကိုပါ ပြင်ချင်ကြတယ်။ ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ်။ (သခင်တင်မြ၏ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း - စာမျက်နှာ ၄၄)
“သို့သော် ဝင်းတင့်ထွန်းရဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်မှာ ’’ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်။ (စာမျက်နှာ ၃၅)။ ကျနော်မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလဲ ဤနည်းတူ ရေးသားခဲ့ကြတယ်။
“ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ ) ’’စစ်တိုင်းများ၏ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။ ဒီတုန်းက သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဒီလို ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ ရေးသားချက်သာဖြစ်တယ်။
“ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်းတယောက်ကိုသာ ကွန်မြူနစ်အမျက်၊ ကွန်မြူနစ်အငြိုးနဲ့ ရာဇဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကို ဖွဲ့ကြတော့ အဓိက အင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော် ကိုယ်စားလှယ်ခေါင်းဆောင် ၃ ဦးစီ၊ ပေါင်း ၉ ဦးပါပြီး ဗဟိုဦးစီးအဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။
“ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ်၊ တပ်မတော်မှ - ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်းတို့ ဖြစ်ကြပါတယ်။ (သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း - စာမျက်နှာ ၄ဝ) ။ ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်းမြောက်မြားစွာတွင် လဲ ဖော်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင် အချက်တချက်ပင် ဖြစ်သည်။
“ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကို ကြည့်ပါ။) ဒီလို ရာဇဝင်ကို ရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို၊ လိုရာကို ဖြစ်သလို မရေးကောင်းပါ။”
အထက်ပါအတိုင်း ရေးသားထားပါတယ်။ အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်း ကျနော့်စာအုပ် ‘အမှောင်ကြားက ဗမာပြည်’ ကို ဖော်ပြပြီး ကျနော့်အပေါ် ရေးသားထားချက်မှာ အဓိကအားဖြင့် ၃ ချက် ရှိပါတယ်။
ပထမအချက်က - ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးတွေ ခွဲဝေတာဝန်ချထား သတ်မှတ်ရာမှာ တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ ‘ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည်’ လို့ ဖေါ်ပြထားချက်။
ဒုတိယအချက်က - ‘စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်’ လို့ လိုရာဆွဲ ကောက်ချက်ချထားချက်။
တတိယအချက်က - ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး ဖွဲ့ရာမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ပြောင်းလဲထည့်သွင်း ရေးသားထားချက်။ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း ပြောင်းပစ်ရေးသားတာဟာ လိုရာကို ဖြစ်သလို ရေးသားထားချက်တို့ပဲ ဖြစ်ပါတယ်။
ကျနော် ဘာလို့ ဒီလို ရေးခဲ့သလဲ။
ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲ ကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အထားမဲ့၊ တာဝန်မဲ့ ရေးထားတာလား။
တချက်ချင်း ကျနော် ပြန်လည်တုံ့ပြန်သွားပါ့မယ်။ အဲဒီလို မတုံ့ပြန်ခင်မှာ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောမှ ဖြစ်မှာကတော့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေး ကြေညာနိုင်တဲ့ ၁၉၄၈ မှ ၂ဝဝဝ ပြည့်နှစ်အထိကို အတတ်နိုင်ဆုံး အကျဉ်းရုံး ဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ‘အမှောင်ကြားက ဗမာပြည်’ ဆိုတဲ့ အမည်ကို ပေးထားရုံမက (အနီးခေတ် ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအကျဉ်း ၁၉၄၈ - ၂ဝဝဝ) လို့လဲ ဖော်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ အတွင်း အနီးခေတ် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကိုပဲ အကျဉ်းရုံးဖော်ပြသွားဖို့ ဇောင်းပေးရေးသားထားတာ ဖြစ်ပါတယ်။
အဲဒီမှာ ၁၉၄၈ ကို စပြီး ဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဘက်တော်လို ဖြစ်ခဲ့ရတဲ့ ‘ပြည်တွင်းစစ်’ ကို ဖော်ကျူးရေးရပါတော့မယ်။ ပြည်တွင်းစစ်ကို ဘယ်သူစသလဲ၊ ဘာ့ကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသလဲ ဆိုတာတွေကို ဖော်ပြရာမှာ အဖြစ်အပျက်တွေဟာ ရှောင်တခင် ဖြစ်ပေါ်လာကြတာမဟုတ်၊ အကြောင်းရင်းခံတွေ ရှိကြတယ်။ အဲဒီအကြောင်းရင်းခံတွေကို သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံကားချပ်တွေနဲ့ ယှဉ်တွဲဆက်စပ်ကြည့်ဖို့ လိုတယ်ဆိုပြီး ၁၉၄၈ မတိုင်ခင် ၁ဝ နှစ်တာလောက်အကြောင်း နောက်ခံကားချပ်ကို မလွှဲမရှောင်သာ ဖော်ပြခဲ့ရပါတယ်။ ၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း တခုလုံးကိုတောင် အကျဉ်းပဲ ရေးခဲ့ရာမှာ အဲဒီရဲ့ အဦးအစ နောက်ခံကားချပ် ၁ဝ နှစ်ကို အကျဉ်းရဲ့ အကျဉ်းသဖွယ် ချုပ်ပြီး ရေးခဲ့ရတာ ဖြစ်ပါတယ်။
အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ ပတ်သက်ပြီး ရေးသားထားချက်များဟာ အဲဒီအကျဉ်းထဲက ‘ဖက်ဆစ်တော်လှန်ရေး’ နဲ့ ပတ်သက်တဲ့ ကဏ္ဍထဲက အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲကမှ တခန်းတကဏ္ဍပါ အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး ဖော်ပြထားချက်တွေထဲက အတိုချုပ်ပြီး ရေးထားတာ ဖြစ်ပေမယ့် တချက်ချင်း ကျနော် ပြန်လည်ရှင်းလင်းသွားပါ့မယ်။
ပထမဆုံးအချက်၊  ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း လို့ သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်းမှာ ဖော်ပြထားပါလျက်နဲ့ ကျနော်က ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်’ လို့ ဘာကြောင့် ရေးသားဖော်ပြခဲ့တာလဲ။
ကျနော်က အမှန်ကိုပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာ ပါခဲ့ပြီး အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ မသွားခဲ့လို့ပါပဲ။ ဘိုဘိုကျော်ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ကို ကိုးကားပြခဲ့ပြီး ကျနော်က သခင်တင်မြစာအုပ်ကို မကိုးကားခဲ့ပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရေးသားဖော်ပြချက်တွေကို အဓိကထား ကိုးကားခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ကျော်ဇောက - “ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာဝန်မယူခဲ့၊ ပထမ တိုင်း ၄ နိုင်ငံရေးမှူးတာဝန် လျာထားရာကိုလည်း မသွား၊ နောက် တိုင်း ၆ နိုင်ငံရေးမှူး တာဝန်ကိုလည်း သွားမယူဘဲ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး ရန်ကုန်မှ ဂျပန်တပ်များ ဆုတ်ခွာပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်းနေခဲ့သည်။’’ လို့ ဖော်ပြခဲ့တာ ရှိပါတယ်။ မှတ်ချက် ၂ ဆိုပြီး ဖော်ပြရာမှာ တိုင်း ၆ တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း ၆ မပို့တော့ပဲ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်လို့လည်း ရေးထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်လို့ ရေးတာပါ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖော်ပြထားချက်၊ မှတ်ချက် ၄ မှာဆိုလျှင် - ၁၉၅၂ ခုနှစ်က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေး အဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း ၄ ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူး တာဝန်ကျတာကို ဘာ့ကြောင့် မလာသလဲ-လို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကို ကြောက်လို့မလာတာလို့ ခပ်ပြောင်ပြောင်ပဲ ဖြေခဲ့ဖူးတယ် ဆိုတာတောင် ရေးသားထားပါတယ်။
‘အဓိပ္ပာယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့ မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေး အချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်။’ လို့တောင် ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ - စာမျက်နှာ - ၈၁) ထဲမှာပဲ တဆက်တစပ်ထဲ ဖတ်ရှုကြည့်နိုင်ပါတယ်။
အမုန်းကိုသာ အဓိကထား ရေးရမယ်ဆိုရင်  အဲဒီလို အချက်အလက်တွေကိုပါ ကျနော် ရှာဖွေရေးထည့်လိုက်မှာ ဖြစ်ပါတယ်။ အခု ကျနော်အတိုချုပ်ပဲ ရေးပြခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအချက်၊ ‘စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်’ လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက် - ဆိုတာနဲ့ ပတ်သက်ပြီးလဲ ကျနော် ရှင်းနိုင်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။
ကျနော် အတိုချုပ်ပြီး ရေးခဲ့တာအမှန်က အဲဒီစာမျက်နှာ ၃၅ မှာ - ‘စစ်တိုင်းများရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဗမာပြည် ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်း ဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေး ခေါင်းဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်၊ စစ်ရေးခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညိုတို့ ဖြစ်ပြီး တိုင်း ၂ - တိုင်း ၄ ဆက်သွယ်ရေး တာဝန်ခံက ဗိုလ်လက်ျာ ဖြစ်ပါတယ်လို့ ရေးခဲ့တာပါ။ အဲဒီတော့ အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။
အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်းက ကွန်မြူနစ်ပါတီကချည်း မဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ဆိုင်းဘုတ်နဲ့ ဖြစ်နေပြီး မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အဖြစ် အတိအလင်း ပြောင်းလဲဖော်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ်ကြီးအဖြစ် ပြတ်ပြတ်သားသား ဖော်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ်နဲ့တောင် ရပ်တည်သွားခဲ့တယ် မဟုတ်လား။
ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ်ပါတီကချည်းလို့ ဖော်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်း ပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင်ချစ်ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေ အားလုံး ကွန်မြူနစ်တွေချည်း ဖြစ်နေတော့ (သခင်ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့) ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။
တတိယအချက်၊    ဖတပလ ဗဟိုဦးစီးအဖွဲ့ ၉ ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်။
ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း၊ သခင်တင်မြအစား သခင်ဗဟိန်းကို အစားထိုးပြောင်းပစ်ခဲ့တယ် ဆိုတဲ့ကိစ္စကိုလဲ ကျနော် ရှင်းနိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနောမတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ ‘တိုင်းကြီး ၁ဝ တိုင်း’ ကိုပဲ ကိုင်ပြီး တဖက်သတ် ပြောဆိုနေတာ ဖြစ်တယ်။ ဟုတ်ပါတယ် - ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့်မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါပဲ။
ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကို ကိုင်စွဲပြီး ရေးခဲ့တာ မဟုတ်ဘူး။ သခင်တင်မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော် ကိုးကားခဲ့တဲ့ ‘ကျမ်းကိုးစာရင်း’ ကို စာအုပ်ထဲမှာ ဖော်ပြရာမှာ သခင်တင်မြရဲ့ အဲဒီတိုင်းကြီး ၁ဝ တိုင်း မပါပါဘူး။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ကျနော် ကိုးကားခဲ့တာက သခင်ကြီးတွေ စုစုပေါင်း ရာဂဏန်းလောက် ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီတီတွေဖွဲ့ပြီး အထပ်ထပ် ရေးခဲ့ကြတဲ့ ‘တို့ဗမာအစည်းအရုံးသမိုင်း ပြုစုရေးအဖွဲ့’ က ပြုစုထုတ်ဝေခဲ့တဲ့ ‘တို့ဗမာအစည်းအရုံး သမိုင်း’ ပါ အချက်အလက်အရ ရေးခဲ့တာပါ။ အဲဒီ တို့ဗမာအစည်းအရုံး သမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။
၁၉၇၆ က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးပါဘူး။ ဦးသိန်းဖေမြင့်လဲ ရှိနေသေးရုံမက အဲဒီ သမိုင်းပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့က သခင်သိန်းဖေ၊ သခင်သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ ‘တို့ဗမာအစည်းအရုံးသမိုင်း’ ဒုတိယတွဲ စာမျက်နှာ ၅၈ဝ မှာ ‘မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး
တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း’ ဆိုတဲ့ အခန်းမှာ ဟောဒီလို ရေးထားပါတယ်။ -
‘ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့မှ ကိုယ်စားလှယ် ၃ ဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ခေါင်းဆောင်များမှာ - ၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်တို့ ဖြစ်ကြသည်။’ တဲ့။ အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်းရပြီး အပြင်မှာ ရှိနေတဲ့ အချိန်လို့ ပြောရမှာပါ။ ၁၉၇၆ မှာ ပထမအကြိမ် သောင်းနဲ့ချီ ထုတ်ဝေခဲ့ရာမှာ အချက်အလက် မှားနေတယ်လို့ ပြောသံထွက်လာတာ မကြားခဲ့ရဖူးပါဘူး။
ဒါကြောင့် သခင်တင်မြတယောက်ထဲ ရေးတာထက် သခင်တွေ ရာနဲ့ချီ ရေးထားတဲ့ အဲဒီစာအုပ်ပါ အချက်အလက်ကို ကျနော် ကိုးကားခဲ့တာ ဖြစ်သလို အဲဒီအချက်နဲ့ ပတ်သက်ပြီး နောက်ထပ် ကိုးကားမိခဲ့တဲ့ အထောက်အထား စာအုပ်တအုပ်လဲ ရှိပါသေးတယ်။ တက္ကသိုလ်များသမိုင်း သုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန်ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်’ စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေပြီး ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့ အမှာရေးထားကြတဲ့ စာအုပ်ပါ။ အဲဒီ ‘မြဟန်’ ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်’ စာမျက်နှာ ၁ဝ၄ မှာ ‘ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ’ ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့်ဖော်ပြထားရာမှာ ဟောဒီလို ရေးထားပါတယ်။
ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး -  ၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊ ၇။ သခင်ချစ်၊ ၈။ ကိုဗဆွေ၊ ၉။ ကိုကျော်ငြိမ်း ဆိုပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီစာအုပ် ၂ အုပ်ပါ အချက်အလက်ကို အထောက်အထား ပြုပြီး ကျနော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်မှာ အဲဒီလို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ထင်သလို သခင်တင်မြကို ကြည့်မရလို့ မလိုတမာ ပြောင်းလဲရေးသားခြင်း မဟုတ်ပါ။ အဲဒီစာအုပ် ၂ အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှုကြည့်ဖို့ လိုပါလိမ့်မယ်။
သမိုင်းကို ရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့ အရာကိစ္စတွေဟာ များသောအားဖြင့် ကျနော်တို့မမီ မတွေ့လိုက်ရဖူးတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် အကိုးအကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော်မှီငြမ်းကိုးကားခဲ့တဲ့ ‘ကျမ်းကိုး’ စာရင်းကိုလဲ ဖော်ပြထားပြီး ဖြစ်ပါတယ်။ အမှာစာမှာလဲ ‘ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ် ဝေဖန်အကြံပေးကြမှု မှန်သမျှ လေးစားစွာ ကြိုဆိုရင်း နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်’ လို့ ရိုးရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။
သမိုင်းဆိုတာ ညာလို့ မရသလို၊ ညှာလို့လဲ မရပါဘူး။ ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွားစေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါ။ ဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။
Saturday, December 11, 2010
ရွေးကောက်ပွဲလွန် အတွေးအခေါ် ရေးထိုးစစ် တခုလေလား
ရဲဘော်ဖိုးသံချောင်း   
ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် 
ရွေးကောက်ပွဲကို သူတို့လုပ်ချင်တိုင်း လုပ်လိုက်လို့ရပြီဆိုတော့ နအဖ စစ်အစိုးရ အင်မတန် လက်မထောင်မှာ သေချာပါတယ်။ ဒါပေမဲ့အခုအထိတော့ သတိကြီးကြီးနဲ့ စာရင်း ကြေညာတာလောက်ပဲ တွေ့နေရပါသေးတယ်။ ပြည်တွင်းပြည်ပ တုန့်ပြန်မှုတွေကို နားစွင့်ရင်း တလှမ်းချင်း လှမ်းနေတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကာလ တဝိုက်မှာ ငြိမ်နေခဲ့တဲ့ သူတို့ရဲ့အဓိကသဘောတရား ဆရာကြီးများကတော့ အခုအခါမှာ အကြီးအကျယ် လက်မထောင်ပြီးခုန်ထွက် လာကြတာတွေ့ရပါတယ်။
သူတို့ရေးတာဟာ နအဖထုတ်တဲ့ စာနယ်ဇင်းတွေထဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုသူတို့ရေးတာ တွေဟာ မြန်မာ့အလင်း အပါအဝင် နအဖရဲ့ တရားဝင် စာနယ်ဇင်းတွေထဲမှာရေးတဲ့ အယူအဆတွေနဲ့ တထပ်တည်းလိုလို ပါပဲ။ သူတို့က ပညာရှင်ဟန် ပိုပေါက်တာပဲ ကွာပါတယ်။ နအဖနေရာကနေကြည့်ရင် သူတို့ရေးတာတွေဟာ မြန်မာ့အလင်းထဲက ဆောင်းပါးတွေထက်အကျိုးပြုတဲ့ ဆောင်းပါးတွေ ဖြစ်နေပါတယ်။
ဒီလိုနဲ့ဒီတလော ဖြစ်စဉ်တွေ၊ ဥပမာ ကြံ့ဖွတ်ကနေ “သူတို့ကို ထောက်ခံတဲ့ လူထုကြီးကို ကျေးဇူးတင်ရှိကြောင်း” ထုတ်ပြန်တာ၊ ရွေးကောက်ပွဲ ရလဒ်ဆိုတာတွေကို စာရင်းချုပ်ပြတဲ့
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ထုတ်ပြန်ချက်၊ နောက်ပြီး အခုပြောခဲ့တဲ့ ဆောင်းပါးတွေ။ စက်ရုံတခုထဲကနေ အစီအစဉ်တကျ အစီအရီ ထွက်လာသလား အောက်မေ့ရပါတယ်။ နအဖ ချိုသွေးနေပါတယ်။ အဲဒီအတွက် သဘောတရားနယ်ပယ်မှာ ခတ်ကွင်းရှင်းပေးနေကြတာပါ။
သူတို့ရေးတာတွေကို အလွယ်ဆုံး ချုပ်ကြည့်လိုက်ရင် နအဖ လုပ်သမျှကို မဆန့်ကျင်ရေး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ နအဖလုပ်တာ မှန်ကြောင်း ပြောရပါတယ်။ နောက်ပြီး တပ်မတော်ရဲ့ အခန်းဆိုတာကို အထူးပြု မျဉ်းသားပြရပါတယ်။ ဒိနောက်တော့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြတ်ပြတ်သားသား တွယ်ပြရပါတယ်။ အမျိုးသားရင် ကြားစေ့ရေး၊ အမျိုးသားသင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး စတဲ့စကားလုံးတွေကို တခွန်းတပါဒမှ၊ တခါမျှ ယောင်လို့တောင် မဟဖူးတဲ့ နအဖစစ်ဗိုလ်တွေကိုတော့ ခြောက်ပြစ်ကင်းသဲလဲစင်လို ဖော်ပြကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
အမျိုးသား သင့်မြတ်ရေးလို့ ပြောတာကိုတော့ ရိုးသားရဲ့လားလို့မေးခွန်းထုတ်ပါတယ်။
သူတို့ပြောလေ့ရှိတဲ့နောက်တချက်ကတော့ အတိုက်အခံမကလို့ ဘာကြီးဖြစ်နေနေ နအဖ သတ်မှတ်ပေးထားတဲ့ ဘောင်ထဲမှာ နအဖ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ကိုင်လှုပ်ရှားဖို့ ပြောတာပါပဲ။ ရွေးကောက်ပွဲ ပြီးသွားတဲ့အတွက် ပွဲကပြတ်သွားပြီ၊ ပြီးသွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာ ၂ဝ၁ဝရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာခံထားရ သူတွေပြောတဲ့အတိုင်း လိုက်နာ၊ အဲဒီကပေါ်လာမယ့် အစိုးရကိုသစ္စာရှိ။ ဘာမှ လျှာမရှည်နဲ့လို့ ဆိုနေတာပါ။ ဒါကို ဒီခေတ်အနောက်တိုင်းက
နိုင်ငံရေး ဂုရုတွေသုံးတဲ့ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ရောသမမွှေပြီး ပြောလာတာပါ။ “ဂိမ်း စည်းမျဉ်းနှင့်အညီ ကစားရမည်”လို့  အမိန့်ပေးပါတယ်။ သူတို့တတွေ အဲဒီလို စည်းကမ်းတွေနဲ့အညီ နအဖကို ခစားနေကြတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေ သတ်မှတ်ထားတဲ့ ဘောင်စည်းကမ်း တွေကို
ဘယ်တုန်းကမှ အသိအမှတ်မပြုပါဘူး။
ဒီနေရာမှာ ဒီသဘောတရား ဆရာတွေချင်း တူညီတဲ့နောက် အရေးကြီး အချက်တချက်ကို ထောက်ပြဖို့ လိုပါတယ်။ အဲဒါကတော့ တက်ကြွလှုပ်ရှားသူ/ ရက်ဒီကယ်လို့ သူတို့က ခေါ်တဲ့ စစ်အာဏာရှင်ကို တက်တက်ကြွကြွ ဆန့်ကျင်သူတွေကို အဓိက ပစ်မှတ်၊ အဓိက တရားခံ၊ အဓိက ချိုးနှိမ်ရမယ့် လူတွေလို့ သတ်မှတ်ပြီး စစ်အာဏာရှင်တွေ(လက်ရှိရော-လာမယ့်ရော) ကို မီးမောင်းထိုးပြ၊ လက်ထောက် ချတာပါပဲ။ တကယ်က သူတို့ရဲ့အကြံဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံတွေကို အကြီးဆုံးပုဒ်မနဲ့ ကြိုးစင် ပို့ချင်ကြတာပါ။ တဦးကဆိုရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်ကို ဖျက်ဆီးခဲ့တာဟာ အဲဒီရယ်ဒီကယ် အတွေးအခေါ်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သူပြောတဲ့အတိုင်းဆိုရင် သမိုင်းမှာရှိခဲ့တဲ့ ဖိနှိပ်သူနဲ့
ပြန်တွန်းလှန်သူ အထဲမှာ ဖိနှိပ်သူတွေက မှန်ပြီး ပြန်တွန်းလှန်ဖို့ လုပ်သူတိုင်း မှားတာ ဖြစ်နေပါတယ်။ သတိထားရမှာက သူတို့ဟာ အတိတ်တုန်းက ပြီးခဲ့တာကိုတင် ပြောတာမဟုတ်ပါဘူး။ လက်ရှိဖြစ်နေတာ၊ မကြာမီ ဖြစ်လာတော့မှာနဲ့ နောင်ဖြစ်လာမယ့် အခြေအနေတွေ အတွက်ပါ ပြောသွားတာ ဖြစ်ပါတယ်။
ဒီနေရာမှာဆွေးနွေးဖို့ ကောင်းတာဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးဘောင်၊ နိုင်ငံရေးဂွင်ဆိုတာ တခုထဲ ရှိသလားဆိုတဲ့ အချက်ပါ။ အာဏာရ အုပ်စိုးသူတွေ သတ်မှတ်ထားတဲ့ ဘောင်-ဂွင်ဆိုတာတွေ အပြင်
တခြား မရှိတော့ဘူးလား။ မှန်ပါတယ်။ အာဏာရနေသူတွေ၊ အထူးသဖြင့် ဖိနှိပ်သူတဲ့ အုပ်စိုးသူတွေ၊ အာဏာရှင်တွေဟာ (စစ်ပွဲမှာ သတ်ကွင်း ပြင်ထားသလို) သူတို့နဲ့ မတူသူတွေကို သူတို့ သတ်မှတ်ထားတဲ့ ဘောင်ထဲမှာ၊ သူတို့မျက်စိအောက်မှာပဲ လှုပ်ရှား လုပ်ကိုင်စေချင်ကြတာ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတို့ကို ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာ ဖြစ်သလို အထက်မှာ ပြောခဲ့တဲ့ ဗမာ့ဂုရုများကလဲ ဒါကြောင့် အတော်စောစော ကထဲကပဲ နောင်ကျရင် ဒီဂွင်ထဲမှာပဲ လုပ်ကိုင်ကြ၊ စည်းမကျော်ကြနဲ့လို့ မယ်ဘော်ကကဲ ပြောခဲ့၊ ရေးခဲ့ကြတာပါ။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးလုပ်စရာဂွင်ဟာ အုပ်စိုးသူတွေက သတ်မှတ်ထားတဲ့ ဂွင်တခုထဲသာ ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အလားတူပဲ နိုင်ငံရေး လုပ်တယ်ဆိုတာဟာလဲ လူတချို့ပြောတဲ့အတိုင်းလုပ်တာကမှ
နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးကိုလုပ်ဖို့အတွက် ရေရှည်မျှော်မှန်းချက်နဲ့ လုပ်ငန်းမှန်သမျှဟာနိုင်ငံရေးဖြစ် ပါတယ်။ အထူးသဖြင့် အာဏာရှင်တွေရဲ့ လက်အောက်မှာ လှုပ်ရှားရသူတွေအဖို့ ဂွင်တွေ၊ နည်းနာတွေဟာ အမျိုးမျိုးအဖုံဖုံ ဖြစ်မှာပါပဲ။ ဒါကို ဗမာပြည် ပြည်သူတွေနဲ့
နိုင်ငံရေး လုပ်သူတွေဟာ ရာစုနှစ်တဝက် အာဏာရှင် လက်အောက်ဘဝ အတွေ့အကြုံအရ
ခါးသီးစွာ နားလည် တတ်မြောက်ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး အဖွဲ့အစည်း တခုအနေနဲ့ လူထုကိုအောင်
အောင်မြင်မြင် ရှေ့ဆောင်ဖို့ဆိုရင် ရပ်တည်ချက် ကြံ့ခိုင် ပြတ်သားဖို့ သာမက ကိုယ့်အတွက် အကျိုးရှိမယ့် ဂွင်တွေ၊ နည်း နာတွေ ဖော်တတ်ဖို့လဲ လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဖော်ထုတ် ဖြတ်သန်းလာတဲ့ ဗမာပြည် ပြည်သူတွေမှာ ဒါတွေနဲ့ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရှိတယ်၊
လုပ်တတ် ကိုင်တတ်တယ်ဆိုတာ နအဖဗိုလ်ချုပ်တွေ သိပါတယ်။ ဒါကြောင့်မို့ သူတို့ကြောက်တဲ့ အဲဒီလုပ်နည်းမျိုးတွေ မလုပ်အောင် အမျိုးမျိုး လှည့်ပတ် ပြောနေကြတာ ဖြစ်ပါတယ်။
နောက်တချက် မဖြစ်မနေ ပြောရမယ့်အချက်က တက်ကြွ လှုပ်ရှားသူ/ ရက်ဒီကယ်နည်းတွေနဲ့ လုပ်လို့ မရတော့ဘူး၊ အဲဒီခေတ် မဟုတ်တော့ဘူးဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ တည့်တည့်ပြောရင် နအဖကို အံမတုကြနဲ့ ဆိုတာပါ။ ဗမာပြည် မှာရော၊ ကမ္ဘာမှာပါ တက်ကြွ လှုပ်ရှားတာတွေ မလုပ်ပဲနဲ့ အောင်မြင်ခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး အရေးတော်ပုံရယ်လို့ ဘယ်တုန်းက ဘယ်မှာများ ရှိခဲ့ဖူးပါသလဲ။ ဗမာပြည်ကိုလွတ်လပ်ရေးပေးတာဟာ ဗြိတိသျှအစိုးရအနေနဲ့ ဗမာပြည်ကို အုပ်ချုပ်ရတာ ကြာပြီဖြစ်လို့ စိတ်ငြီးငွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာလွှဲပေးတာ မဟုတ်ပါဘူး။ မတတ်သာ၊
မလွှဲသာလို့ ပေးတာပါ။ သူတို့ အဲဒီလို မတတ်သာ၊ မလွှဲသာ ဖြစ်လာအောင် ဘယ်သူတွေက လုပ်တာလဲ။ ဗမာပြည် ပြည်သူတွေက လုပ်တာပါ။ ဗမာပြည် ပြည်သူတွေက ဘယ်လိုလုပ်တာလဲ။ ဗြိတိသျှ အင်ပါယာကြီးက သတ်မှတ်တဲ့ ဂိမ်းစည်းကမ်းများ အတိုင်း လုပ်တာလား။ တက်ကြွလှုပ်ရှားသူ/ ရက်ဒီကယ်တွေရဲ့ နည်းတွေကို သူတို့အသုံး မပြုခဲ့ကြဘူးလား။ ဒီနေ့ စစ်အာဏာရှင်တွေ ဖိနှိပ်ပုံ၊ ဒီမိုကရေစီကို ချုပ်ချယ်ပုံတွေဟာ
ဗြိတိသျှ အစိုးရထက် သက်သာတယ်၊ တော်သေးတယ် လို့ ပြောနိုင်ပါသလား။
မှန်ပါတယ်။ အဲဒီလိုတက်တက်ကြွကြွနဲ့ ဆန့်ကျင် လှုပ်ရှားတာ တွေ့တိုင်း အောင်မြင်မှု ရချင်မှရမှာပါ။ စကားအဖြစ် ပြောရင် အောင်တာထက် ရှုံးနိမ့်တာက ပိုများတယ်လို့တောင် ပြောရင် ရပါတယ်။ အမှန်က နောက်ဆုံးပိတ် အောင်ပွဲတခါရဖို့ အတွက် ကျဆုံးမှုတွေ အရင်းအနှီးပေးရတာဟာ ဓမ္မတာပါ။ မအောင်မြင်သေးတာနဲ့ အကုန်မှားတယ် ဆိုတာကတော့ ပျဉ်ဖိုးနားလည်သွားသူတွေရဲ့ စဉ်းစားနည်းနဲ့ ပြောကြားနည်းသာ ဖြစ်ပါလိမ့်မယ်။ သူတို့ပြောသလိုဆိုရင် ဆရာစံဟာ ရူးမိုက်လှသူ တဦးသာ ဖြစ်နေပါတယ်။
နအဖရွေးကောက်ပွဲရဲ့ ပြောင်ကျလှတဲ့ ညစ်ပတ်မှုကြောင့် တပြည်လုံး မကျေမနပ် ဖြစ်နေချိန်၊ ရွေးကောက်ပွဲဝင်မိ သူတွေတောင်မှ ခြေလှမ်းပြောင်းနေချိန်မှာ အခုလို စကားတွေ ပြောလာတာဟာ နအဖကို ကာကွယ်တာ၊ အလုပ်အကျွးပြုတာ ကလွဲလို့ ဘာဖြစ်အုံးမှာလဲ။
အာဏာရှင်တွေကို အောက်ကျို့မိရင် တသက်လုံး အောက်ကျို့နေရတတ်တယ် ဆိုတာ မမေ့သင့်ပါဘူး။ အဲဒီလို သာဓကတွေ ဗမာပြည်မှာ မနည်းဘူးဆိုတာ ဗမာပြည်သားတွေ ကောင်းကောင်း သိပါတယ်။
Friday, December 3, 2010
တေလေညရဲ့ မီးလျှံများ
ခင်ငြိမ်းသစ်
ကျမတို့ တိုင်းပြည်ဟာ သယံဇာတပေါကြွယ်ဝပါတယ်။ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်မျက် ရတနာ၊ ကျွန်းသစ်၊ ရွှေ စသည်တို့က နိုင်ငံခြားငွေ အမြောက်အများရရှိစေသည့် သယံဇာတများ၊ ရေပိုင်နက်၊ မြေလွတ်မြေရိုင်းများကြောင့် တကယ်ဆိုရင် မြန်မာပြည်ဟာ ဆင်းရဲစရာ အကြောင်းကိုမရှိပါဘူး။ လက်တွေ့မှာ မြန်မာပြည်ဟာ အမှန်တကယ်ကို ဆင်းရဲမွဲတေနေပါတယ်။ ဘာကြောင့်လို့ ထင်ပါ သလဲ။ အလုပ်လက်မဲ့တွေ များပြားနေခြင်းဟာလည်း တိုင်းသူပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို အမှန်တကယ် ထိခိုက်စေတယ်ဆိုရင် လက်ခံနိုင်ပါသလား။
ပြည်သူတွေဟာ လုပ်စရာ လုပ်ငန်းကိုင်ငန်းမရှိဘူး၊ ဒီတော့ငွေရဖို့ အတွက် ငွေရှာကြတယ်၊ ဘယ်လောက်ပဲ ခွန်အားစိုက်ထုတ်ပါစေ လိုအပ်တဲ့ငွေကြေးပမာဏ ရဖို့ခက်ခဲတယ်၊ ဒီတော့ ငွေရလွယ်တဲ့ အလုပ်တွေကို လုပ်လာကြတယ်။ နှစ်လုံးထီထိုးတယ်၊ ဘောလုံး လောင်းတယ်၊ နှစ်လုံးထီရောင်းတယ်၊ မူးယစ်ဆေးဝါးရောင်းတယ်၊ အရက်ရောင်းတယ်။ ဒီလိုသမာအာဇီဝမကျတဲ့ လုပ်ငန်းတွေ လုပ် ကိုင်လာတယ်။ အမျိုးသမီးငယ်လေးတွေဆိုရင်လဲ ငွေရလွယ်တဲ့ ပြည်တန်ဆာလုပ်ငန်းတွေထဲမှာ ၀င်ရောက်လုပ်ကိုင်လာကြရတယ်။ ကျမ ထောင်ထဲမှာ နေရစဉ်က တွေ့ခဲ့ရတဲ့ ပြည်တန်ဆာမလေးတွေ ထဲမှာ အတော်များများဟာ ပြည်တန်ဆာဖြစ်ချင်လို့ဖြစ်ခဲ့တာ မဟုတ် ဘဲနဲ့ အကြောင်းအမျိုးမျိုးရဲ့ တွန်းပို့ခြင်းကို ခံခဲ့ရတာပါ။
ဒီလိုမျိုး မိန်းခလေးတွေမှာ အားနည်းချက်တွေရှိနေပါတယ်။ နံပါတ်တစ်က ပညာအရည်အချင်း နိမ့်ကျနေကြပါတယ်၊ အခြေခံပညာ တောင် ကောင်းစွာသင်ကြားခွင့်မရတဲ့ မိန်းခလေးတွေ ဖြစ်နေတတ်ပါတယ်။ နံပါတ်နှစ်က အသိအမြင်နည်းပါးကြပါတယ်၊ AIDS က စပြီး B ပိုး၊ C ပိုး၊ ကာလသားရောဂါတွေရဲ့ အကြောင်းကို သေချာ မသိကြပါဘူး။ ဘယ်လောက်ထိတောင် ကျန်းမာရေးအသိနည်းလဲ ဆိုရင် ကာလသားရောဂါကြောင့်ရတဲ့ အနာကိုဆေးကုရမယ်မှန်း မသိကြဘဲ ပရုတ်လုံးကို အမှုန့်ကြိတ်ပြီး အနာကိုသိပ်ကြပါတယ်၊ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ သူတို့တကယ့်ကို နားမလည်ကြပါဘူး။ အဲဒီဘ၀ကနေ လွတ်မြောက်ဖို့ဆိုတာကလဲ သူ တို့အတွက် အခက်ခဲဆုံးက နေ့စဉ်ဝင်ငွေပါ။ နောက်ပြီး သူတို့ကိုလုံခြုံအောင် အကာအကွယ်ပေးနိုင်မယ့်၊ သူတို့ကို နားလည်စာနာ စောင့်ရှောက်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ မရှိပါဘူး။
ဘွဲ့ရပညာတတ်တွေတောင် အလုပ်မရှိတဲ့တိုင်းပြည်မှာ အခြေခံပညာတောင် ကောင်းစွာမတတ်တဲ့ မိန်းခလေးတွေ ဘာလုပ်စားရမှာလဲ၊ အဲဒီပြဿနာဟာ တကယ့်ကိုဖြေရှင်းရခက်ခဲတဲ့ ပြဿနာပါ၊ အထည်ချုပ် စက်ရုံတွေရဲ့ တလ ၀င်ငွေဟာလဲ အလွန်တရာမှ နည်းလွန်း ပါတယ်။ တလလုံး အညောင်းထိုင်ထိုင်ပြီး အသေအလဲချုပ်တာတောင် အချိန်ပိုကြေးပါပေါင်းမှ ကျပ်ငွေ ၄၅၀၀၀၀ ဟာ အမြင့်ဆုံး လစာပါ။ အဲဒီ ၀င်ငွေဟာ တမိသားစုမပြောနဲ့ လူတဦးထဲအတွက် လောက်ဖို့တောင်မှ မနည်းချွေတာသုံးရတဲ့ ငွေပမာဏပါ။ ဒါတောင် အလုပ်မြဲဖို့အတွက် အမြဲကြိုးစားအောက်ကျို့နေရတဲ့ ဘ၀တွေပါ။ မိန်ခလေးငယ်တွေ ပြည့်တန်ဆာဘ၀ရောက်အောင် ဘာတွေက တွန်းပို့ခဲ့သလဲဆိုတာကို စာဖတ်သူတို့ သိဖို့အတွက် ကျမကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးလေးအကြောင်း မျှဝေချင်ပါတယ်။
သူမကို ကျမစပြီးသိတဲ့အချိန်မှာ သူမဟာ သင်္ဃန်းကျွန်းမြို့နယ် အဘူဘေကာလမ်းက လင်းထက် အထည်ချုပ်စက်ရုံမှာ လုပ်နေတာ ပါ။ ကျမအမေရဲ့ စာအုပ်ဆိုင်မှာ ကာတွန်း လာလာငှားနေတတ်လို့ ကျမသူ့ကို မြင်ဘူးနေပါတယ်။ သူ့ကို ကျမစိတ်ဝင်စား နေပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ ညိုညိုညက်ညက်လေးနဲ့ အကြည့်ခံသူလေးမို့ပါ။ သူမဟာရိုးသားပါတယ်။ ပြီးတော့အရှက်အကြောက်လဲ ကြီးပုံရပါတယ်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်စားတတ်ပြီး နွမ်းပါးပေမယ့် သန့်ရှင်းတဲ့အ၀တ်အစားကို ၀တ်လေ့ရှိပါတယ်။ သူမဟာ မနက် ၆ နာရီဆိုရင် ဆွဲခြင်းလေးဆွဲပြီး စက်ရုံကိုလာလေ့ရှိပါတယ်။ ညဘက် ၈နာရီလောက် အပြန်မှာ စာအုပ်ငှားလေ့ ရှိပါ တယ်။
တရက် သူတို့စက်ရုံက လခထုတ်ရက်မို့ စောစောဆင်းပေးလိုက်တော့ သူမအချိန်ရတဲ့အတွက် ကျမနဲ့သူမ စကားပြောဖြစ်ပါတယ်။ သူမရဲ့ဖခင်က သူမလေးတန်း ကျောင်းသူဘ၀မှာ ဆုံးသွားခဲ့ပါတယ်၊ ဒါ့ကြောင့် သူမကျောင်းဆက်မတက် ဖြစ်တော့ပါဘူး။ သူမအမေ ကတော့ ကျပန်းဈေး ရောင်းပါတယ်။ တနေ့ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း အမြတ်ရတတ်ပါတယ်။ သူမရဲ့မောင်လေးနဲ့ ညီမလေးကတော့ ကျောင်းဆက်တက်နေတုန်းပါပဲ။ သူမရဲ့လုပ်ခဟာ အိမ်ငှားခနဲ့ မောင်လေး၊ ညီမလေးတို့ရဲ့ ကျောင်းစရိတ်ပါ။ သူ့ အမေရဲ့ ၀င်ငွေက သူမတို့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေပါတယ်။ သူတို့ရဲ့ အိမ်ငှားခက တလကို ၁၅၀၀၀ ပါ။ မိသားစု ချွေချွေတာတာနေရင် အကြွေးမတင်ပါဘူးတဲ့။ သူမဟာ မိသားစုဝန်ကို တဖက်တမ်းက ထမ်းရတဲ့သူဖြစ်လို့ ချစ်သူတောင် မထားဘူး တဲ့။ ကျမ ခဏတာလေးအတွင်းမှာ သူ့ကို ခင်မင်သွားခဲ့ပါတယ်။
သူနဲ့ကျမဟာ မကြာခဏစကားပြောဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျမကိုယ်တိုင်က Beauty မဂ္ဂဇင်းမှာလုပ်နေချိန်မို့ သူမရဲ့ အားမာန်အ ကြောင်းကို လူငယ်အင်တာဗျူးအခန်းမှာ ထည့်ပေးလိုက်ပါသေးတယ်။
ဒီလိုနဲ့ဆောင်းရက်တွေကို ကျော်ပြီး နွေရက်တွေကို ရောက်လာပါတယ်။ နွေရာသီဟာ ပွင့်လင်းရာသီဖြစ်လို့ အထည်ချုပ်တွေဟာ အလုပ်များတပ်ပါတယ်။ လင်းထက်စက်ရုံရဲ့ ပိုင်ရှင်ဟာ ယူနန်တရုတ်မတွေဖြစ်ပြီး၊ ကျမသိထားရသလောက်တော့ ကိုယ်ချင်းစာတ ရား ခေါင်းပါးပါတယ်။ အဲဒီ လင်းထက်စက်ရုံရဲ့ ရှယ်ယာဝင်တွေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေလို့သိရပါတယ်။ ဒီလင်းထက် စက်ရုံက ပတ်ပတ်လည်ကို သွပ်ပြားတွေနဲ့ ကာရံထားပါတယ်။ အလုပ်သမလေးတွေရဲ့ ပြောပြချက်အရ စက်ရုံထဲမှာ အရမ်းပူပါတယ်။ နွေရာသီမှာ မီးကလဲမလာတော့ မီးစက်လည်ရတဲ့အတွက် ပိုင်ရှင်က ပန်ကာတွေကို ပိတ်ထားလေ့ရှိပါတယ်။
သူတို့ အထဲမှာ နဂိုအခံကျန်းမာရေးမကောင်းတဲ့ ကောင်မလေးတယောက်ရှိပါတယ်။ သိပ်ပူတဲ့ဒဏ်ကိုမခံနိုင်လို့ ကောင်မလေး မူးမေ့ လဲသွားပါတယ်၊ ပိုင်ရှင်တရုတ်မက ဆေးခန်းခေါ်သွားပြီး သတိရရခြင်း ပြန်ခေါ်လာပြီး တခဏအတွင်းမှာ စက်ပြန်ချုပ်ခိုင်းပါတယ်။ ဒါ ကို ဘ၀တူ အလုပ်သမားတွေက မကျေနပ်ကြပါဘူး၊ ဒီတော့ တရုတ်မကို ၀ိုင်းပြောပါတယ်၊ နေမကောင်းတဲ့ သူ့ကိုအနားပေးဖို့၊ သူ့ရဲ့ အထည်တွေကို ကျန်လူတွေက ၀ိုင်းပြီးချုပ်ပေးမယ်လို့ ပြောကြပါတယ်။ ဒါကို တရုတ်မကလက်မခံပါဘူး အော်ဒါထည်တွေပြီးဖို့က တရုတ်မအတွက် လူ့အသက်ထက် ပိုပြီးအရေးကြီးနေပါတယ်။ နောက်ဆုံးမခံနိုင်တဲ့ အလုပ်သမား ၈၀ ဟာ ဆန္ဒပြကြပါတယ်။ သူတို့ လည်း အလုပ်မဆင်းတော့ဘူး၊ ပြန်ကြမယ်ပေါ့။ တရုတ်မကလဲ အလာကြီးပါ၊ ရှယ်ယာဝင်လူကြီး သားသမီးတွေဆီ ဖုန်းဆက်လိုက်ပါ တယ်။ လူကြီးသားသမီးတွေကလည်း သူတို့အဖေ အပိုင်းစားရထားတဲ့ တပ်ကို စက်ရုံဆီကို လွှတ်လိုက်ပါတယ်။
ဗိုလ်မှူးအဆင့် ဦးစီးလာတဲ့တပ်က ဘီလူးဆိုင်းတီးပြီးတော့ ၀င်လာပါတယ်၊ အင်မတန်ချီးကျူးဖို့ကောင်းတဲ့ ပုံစံနဲ့ ပြဿနာကို ဖြေရှင်းခဲ့ ပါတယ်။ အဲဒါကတော့ ဆန္ဒပြ အလုပ်သမ ၈၀ ဟာတရုတ်မကို တောင်းပန်ရမယ်တဲ့၊ ဒီတော့အလုပ်သမားတွေက မတောင်းပန်နိုင်ဘူး ဆိုတော့ အားလုံးကိုတန်းစီ ထိုင်ခိုင်းပြီး အယုတ်တ အနတ္တတွေဆဲဆို ကြိမ်းမောင်းပါတယ်၊ ပြီးတော့ … “နင်တို့ကို ဆန္ဒပြမှုနဲ့ ထောင် ချပစ်လို့ ရတယ်နားလည်လား၊ ဗမာပြည်မှာ အလုပ်လုပ်ချင်တဲ့ လူတွေပေါလွန်းလို့၊ နင်တို့ကို အလုပ် ထုတ်ပစ်လို့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ လူတွေလည်းကြည့်ထား ဒီကောင်မတွေကို သင်ခန်းစာယူဘို့” ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။
အဆုံးသတ်တော့ နေမကောင်းတဲ့ မိန်ခလေးအပါအ၀င်၊ သူမတို့ အယောက် ၈၀ အလုပ်ပြုတ်သွားပါတယ်။ နဲနဲ ကောက်ကျစ်တဲ့ တ ရုတ်မကလဲ အခြားစက်ရုံတွေဆီကို အကြောင်းကြားပြီး အဲဒီအုပ်စုကို အလုပ်မခန့်ဖို့ စာရင်းပေးထားလိုက်ပါတယ်။ သူမတို့အုပ်စု အ လုပ်သွားလျောက်တိုင်း လင်းထက်စက်ရုံမှာ လုပ်ဖူးပါတယ်ဆိုရင် စာရင်းထုတ်ကြည့်ပြီး သူမတို့ကို လက်မခံတော့ပါဘူး။ ဒီလိုနဲ့သူမရဲ့ အလုပ်လက်မဲ့ ဘ၀ဟာလနဲ့ချီ ကြာလာပါတယ်။
သူမ မိခင်တဦးတည်းလုပ်စာနဲ့ သူမတို့မိသားစု ရပ်တည်လို့မရပါဘူး။ အိမ်လခ၊ ကျူရှင်ဘိုး၊ ဆန်၊ ဆီ၊ ငရုပ်၊ ဟင်းအမယ် အတွက်ကုန် ကျစရိတ်။ ဒီစရိတ်တွေအတွက် လိုငွေပြလာတော့ သူမတို့မိသားစုဟာ အတိုးနဲ့ငွေချေးရတဲ့ ဘ၀ကို ရောက်လာပါတယ်။ အရင်းမဆပ် နိုင်တော့ အတိုးကတက်ပြီးရင်းတက်ရင်းနဲ့ ဒီဘက်ကချေး ဟိုဘက်ကိုဆပ်။ ဟိုဘက်ကချေး၊ ဒီဘက်ကို ဆပ်နဲ့ အကြွေးသံသရာလည် လာပါတယ်။
သူမ ယူဇနပလာဇာမှာ အရောင်းစာရေး ၀င်လုပ်ပါသေးတယ်။ တလကိုလခ ၁၂၀၀၀၀ ကျပ်ပဲရတာမို့ အဆင်မပြေပါဘူး။ ဒီကြားထဲ ခရီးစရိတ်ကလဲပါတော့ ရတဲ့လခက သူ့စရိတ်တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ဒီကြားထဲမှာ သူမနဲ့ကျမတွေ့တော့ သူက ကျမကို ရင် ဖွင့်ပါတယ်။ ဒီတော့ကျမက နောင်တရလားလို့မေးတော့၊ နောင်တတော့မရပါဘူးတဲ့ စိတ်တော့ညစ်မိပါတယ်တဲ့။ ပြီးတော့ သူကပြော ပါသေးတယ်၊ တရုတ်ဆို ညီမ အရမ်းမုန်းတာဘဲတဲ့။ ကျမကတော့နှစ်သိမ့်လိုက်ပါတယ်။ တရုတ်တိုင်း မကောင်းသလို၊ တရုတ်တိုင်း လည်း မဆိုးပါဘူးဆိုတော့ သူက ခပ်သဲသဲရယ်နေပါတယ်။
သူမနဲ့ ကျမ မတွေ့ဖြစ်တာ နဲနဲကြာသွားပါတယ်။ တရက်ကျမှ မြို့ထဲသွားရင်း သူမနဲ့ လမ်းမှာဆုံပါတယ်။ ဒီတခါ တွေ့တော့သူမကို ကြည့်ရတာ ပြောင်ပြောင်ရောင်ရောင် ဖြစ်နေပါတယ်၊ အ၀တ်အစားတွေရဲ့ ဒီဇိုင်းက ဆန်းလာပြီး၊ အ၀တ်အစားတွေက သစ်လွင်လာပါ တယ်။ အင်္ကျီရဲ့ပုံစံက နဲနဲဟိုက်နေပြီး ရင်ညွန့်လေး ပေါ်နေပါတယ်။ အရင်တုန်းကလို ရိုးရိုးယဉ်ယဉ်လေး မဟုတ်တော့ဘဲ မိတ်ကပ် တွေ၊ နှုတ်ခမ်းနီတွေနဲ့ပါ။ ကျမကမေးလိုက်ပါတယ်။ အခုဘာလုပ်နေလဲဆိုတော့ သူမက ကာရာအိုကေဆိုင်မှာ လုပ်နေတာတဲ့။ ဒါနဲ့ ကျမက ညီမသီချင်းဆိုတတ်လို့လားမေးတော့ သူမက ကျမကို နားမလည်းဘူးလားဆိုတဲ့ အကြည့်နဲ့ တချက်ကြည့်ပြီး။ ဒီလိုပါဘဲ ရ အောင်ဆိုရတာပေါ့တဲ့။ ပိုင်ရှင်က တည ဘယ်လောက်ပေးလဲဆိုတော့ သူက တချက်ဟက်ခနဲ ရယ်လိုက်ပြီး ရာခိုင်နှုန်းနဲ့ ပေးတာတဲ့၊ ကျမရဲ့ နှုတ်ခမ်းက အော်...တလုံးတည်းကိုဘဲ အချိန်ဆွဲပြီး ရေရွတ်မိပါတယ်။
ဒီလိုနဲ့ တရက်မှာ မထင်မှတ်ဘဲ တောင်ဒဂုံမြို့နယ် အ၀င်ဝက စားသောက်ဆိုင်တဆိုင်ရှေ့မှာ အမှတ်မထင်ဘဲ သူမကိုတွေ့လိုက်ပါ တယ်၊ သူမရဲ့ ဖောက်သည်ကားပေါ်ကို သူမလှမ်းအတက်မှာပါ။ သူမလဲ ကျမကိုမြင်လိုက် ပုံရပါတယ်။ ခေါင်းကိုငုံ့ထားပြီး ကျမ မတွေ့ အောင် ရှောင်ပါတယ်၊ ဒါပေမယ့်ကျမတွေ့တယ် ဆိုတာကိုတော့ သူလည်းသိပုံရပါတယ်။ အဲဒီ စားသောက်ဆိုင်က နာမည်ကြီးပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ တူမပိုင်တဲ့ဆိုင်လို့လဲ အများကပြောကြပါတယ်။ မြို့ထဲက စစ်အုပ်စုနဲ့ မကင်းနိုင်ကြတဲ့ စီးပွားရေးသမားတွေဟာ အဲဒီဆိုင်မှာ ညတိုင်း သောက်စားမူးယစ် ပျော်ပါးနေတဲ့နေရာပါ။ တောင်ဒဂုံက လူတန်းစားတွေ စွေတောင်မကြည့်နိုင်တဲ့ နေရာဖြစ်ပြီး။ ညတိုင်းကား အကောင်းစားကြီးတွေ အမြောက်အများ ပါကင်ထိုးထားတဲ့ ဆိုင်ကြီးပါ။ ဒါလောက်ဆိုရင်တော့ သူမဘာလဲဆိုတာကို ပရိတ်သတ်ကြီး သိနေလောက်ပါပြီ။
တကယ်က သူမဟာ မိန်မကောင်းလေး တဦးပါ။ မိသားစုဘ၀အတွက် ချစ်သူတောင်မထားတဲ့ လိမ္မာရေးခြားရှိတဲ့ ကောင်မလေးပါ။ သူမဘာကြောင့် ဒီဘ၀ကိုရောက်သွားခဲ့တာလဲ၊ သူမလို မိန်းခလေးမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလဲ၊ သူမအမေက ရော သူ့သမီးအတွက် ဘယ်လောက်များ ရင်နာနေမလဲ... လဲပေါင်းများစွာကို တွေးရင်း။ ဘာဆိုဘာမှ မတတ်နိုင်တဲ့ ကျမမှာ “အင်း....” ကိုသာသံရှည်ဆွဲပြီး သူမ ရောဂါဘယဘေး ကင်းဝေးဖို့ ဆုတောင်းပေးလိုက်ရင်း ......
တေလေဘ၀ရဲ့ ညတွေ ကုန်ဆုံး ကုန်ဆုံးပါစေလို့...
ခင်ငြိမ်းသစ်
Saturday, 27 November 2010 at 00:14